ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌနဲ့ မြန်မာ့အရေး အာဆီယံမူဝါဒ အလားအလာ

2021.12.17
ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌနဲ့ မြန်မာ့အရေး အာဆီယံမူဝါဒ အလားအလာ ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့မှာ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ဖြစ်လာမယ့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်
AFP Photo

လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်း အတူလိုက်ပါလာပြီး မြန်မာနဲ့ အာဆီယံအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ပြန်ရလာလိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၆ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီအပေါ် အပြုသဘောဆက်ဆံရင်တောင် အများသဘောတူမှဆုံးဖြတ်ရတဲ့ အာဆီယံရဲ့ မူဝါဒတွေကြောင့် လတ်တလော အရေးယူထားတဲ့ကိစ္စတွေ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ အာဆီယံအလှည့်ကဥက္ကဋ္ဌဖြစ်လာတော့မယ့် ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ  မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဥ်ထားပါတယ်။

သူနဲ့အတူ မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်တွေကို ပူးတွဲယူထားသူ မစ္စတာ ပရတ်ဆိုခွန်း လည်း အတူလိုက်ပါလာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ရှိလာလိမ့်မယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်အနေနဲ့လည်း မြန်မာနိုင်ငံကို ဇန်နဝါရီလဆန်းလောက် မှာ လာမှာဖြစ်ပါတယ်။ လာတဲ့အခါမှာလည်း ခန့်အပ်ထားတဲ့ အထူးသံတမန်ရယ်၊ အဆင့်မြင့်ကိုယ်စား လှယ်များလည်း ပါလာမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသည်လည်း မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုချင်းရော ပြီးရင် လျှောက်လှမ်းခဲ့ရတဲ့ သမိုင်းကြောင်းအခြေအနေအရရော နီးစပ်တဲ့နိုင်ငံများဖြစ်တဲ့အတွက် အာဆီ ယံကိစ္စနဲ့ ပတ်သက်လာပြီး ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မှန်ကန်စွာရပ်တည်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်။ ပြီးရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလည်း မျှတသောကိစ္စများ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်”

အရင်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အီရဝမ်ယူဆွတ် ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ကြိုးစားခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ခွင့်တောင်းခဲ့ပေမဲ့ စစ်ကောင်စီက မလိုက်လျောခဲ့တာကြောင့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့မလိုက်နာဘူးဆိုပြီး အာဆီယံအဖွဲ့ကြီးက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်း အဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။

အာဆီယံရဲ့မူတွေအရ လက်ရှိတာဝန်ယူထားတဲ့ ဘရူနိုင်းရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားက မကြာခင် လွှဲပြောင်းယူတော့မှာပါ။ ဒီအတွက် စစ်ကောင်စီအပေါ် လက်ရှိအရေးယူပိတ်ဆို့ထားမှုတွေ မကြာခင်မှာ ပြောင်းလဲလာမလားဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ကိုယ်တိုင် အာဏာရှင်တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီးယားခေါင်းဆောင်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖေးဖေးမမ ဆက်ဆံရင်တောင် အာဆီယံအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားက လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

အဲလိုတော့ ဖြစ်လာစရာအကြောင်း မရှိပါဘူးဗျ။ ဟွန်ဆန်အနေနဲ့ကတော့ သူတတ်နိုင်သလောက် အာဆီယံထဲ ဆွဲသွင်းနိုင်အောင် ကြိုးစားမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကတော့ သူ့သဘောထားနဲ့တူမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားပေါ့ဗျာ။ အဲဒီနိုင်ငံ နှစ်နိုင်ငံ ကတော့ ဆက်ပြီးတော့ ကြံ့ကြံ့ခံပြီး ရပ်တည်လိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုက အာဆီယံအနေနဲ့ အရင်တစ်ကြိမ်တွေ့ဆုံပွဲကပင် ချမှတ်ထားတဲ့ အခြေခံမူတွေကိုတော့ ဆက်လက်ပြီး ဆုပ်ကိုင်သွား ကြလိမ့်မယ်လို့ ထင်ပါတယ်”

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရှေ့လဆန်းလာမယ့်ကိစ္စဟာလည်း နိုင်ငံတကာစင်မြင့်ပေါ်မှာ စစ်ကောင်စီနေရာရရေးအတွက် ကြိုးစားတဲ့သဘောဖြစ်နိုင်ပေမယ့် ပြည်သူကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အနေအထားအောက်မှာ တရားဝင် အသိအမှတ်ပြုမှု ရလာမယ့်အထိတော့ ဖြစ်မလာနိုင်ဘူးလို့လည်း  ဦးသန်းစိုးနိုင်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်သရွေ့ အာဆီယံဘက်က လွယ်လွယ်နဲ့ မူဝါဒပြောင်းမှာ မဟုတ်ဘူးလို့ (ASEAN) အရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာက မှတ်ချက်ပေးသုံးသပ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ ချမှတ်ခဲ့တဲ့ ဒီပေါ်လစီတစ်ရပ်ပေါ့နော် Position တစ်ရပ် အနေ အထားတစ်ရပ်က အခုတည်မြဲခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာလကတည်းက စပြီးတော့ပေါ့နော်၊ အဲဒီတော့ အဲဒီအနေအထားပြောင်းဖို့အတွက်ကို အာဆီယံအနေနဲ့ စဉ်းစားမယ် ဆွေးနွေးမယ်ဆိုလို့ရှိရင် အများကြီး ညှိနှိုင်းတိုင်ပင်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီအာဆီယံဘက်ကပေါ့နော် ဦးဆောင်ဆွေးနွေး နေတဲ့နိုင်ငံတွေ အများလည်းသိပါတယ်၊ အဲဒီနိုင်ငံတွေဘက်ကဆိုလို့ရှိရင် သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့အတွက် စစ်ကောင်စီဘက်ကနေပြီးတော့မှ တိုးတက်မှုတစ်ရပ် မတွေ့ရမချင်း ကတော့ အာဆီယံအနေနဲ့ကလည်း အခု သူချမှတ်ထားတဲ့ လက်ဆုပ်ကိုင်ထားတဲ့ ဒီမူသဘောထားကို သူတို့အနေနဲ့ လွယ်လွယ်နဲ့တော့ပြောင်းမှာ မဟုတ်ပါဘူး”

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ လက်ရှိလှုပ်ရှားမှုတွေဟာ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့်အချိန် မြန်မာ့အရေးကို အာရုံစိုက်ကြောင်း ပြသတဲ့သဘောဖြစ်နိုင်တယ်၊ ဒါပေမဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတိုင်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာပဲလုပ်လုပ် အခြားအာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်တယ်လို့  ဒေါ်မိုးသူဇာက ဆိုပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်ရင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး အပါအဝင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာဘက်က လိုက်နာဖို့ ပျက်ကွက်နေတာကြောင့် မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိအားပေးအရေးယူတဲ့အနေနဲ့ ထိပ်သီးအစည်း အဝေးတွေ မတက်ရောက်ဖို့ အင်ဒိုးနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကန့်ကွက်ထားတာပါ။

"စစ်အာဏာရှင်ကို အလျှော့ပေးဆက်ဆံပြီးမှ အဖြေရမယ် ဆိုတဲ့ကိစ္စမျိုးကတော့ မစ္စတာ ဟွန်ဆန်နဲ့ ကျနော်တို့က လုံးဝသဘောတူညီမှုမရှိပါဘူး"

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကတော့  အာဆီယံဟာ ပြင်ပဖိအားတစ်ခုခုအောက်ကို ရောက်နေပေမဲ့ ပဋိညာဉ် အတိုင်းသွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အစည်းအဝေး မတက်ရောက်နိုင်စရာ ဘာအကြောင်းမှမရှိဘူးလို့ RFA ကို ပြောပါတယ်။

“အာဆီယံဟာ အရင်တုန်းက စတင်တည်ထောင်ခဲ့တဲ့ မူဝါဒ ပဋိညာဉ်တွေပေါ့နော် အဲဒါတွေကနေ သွေဖည်ပြီးတော့ ပြင်ပဖိအားတစ်ခုခုရဲ့ ဖိအားအောက်မှာရောက်နေတယ်၊ တကယ်လို့ အကိုင်အတွယ် မတတ်လို့ရှိရင် အာဆီယံမှာ နှစ်ခြမ်းကွဲသွားနိုင်တဲ့ပုံစံမျိုးရှိတယ်လို့ သုံးသပ်ခဲ့တာတွေရှိတယ်၊ အဲတော့ အခုကမ္ဘောဒီးယားက အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာ သူတို့သဘောထားပြောင်းသွားတယ်၊ ပိုပြီး တော့ မြန်မာနဲ့ နီးနီးကပ်ကပ်ဆက်ဆံချင်တယ်ဆိုတဲ့ သဘောထားမျိုး သူတို့ဆီကနေထွက်လာခဲ့တယ်ပေါ့၊ ဆက်စောင့်ကြည့်ရမယ့် အနေအထားလို့ ကျနော်တို့ သုံးသပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ သူတို့အင်အားလွှမ်းမိုးဖို့အတွက် ပြန်ပြီးလုပ်ဆောင်တဲ့ခြေလှမ်းတွေရှိတယ်၊ အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ အာဆီယံနိုင်ငံတွေကို ခပ်စိပ်စိပ်သွားနေတယ်ဆိုတဲ့ အချိန်မှာ အမေရိကန်ရဲ့ ပြင်ပဖိအား ဘယ်လောက်အထိ လွှမ်းမိုးသက်ရောက်မယ်ဆိုတာက ကမ္ဘောဒီးယား ကြိုးစားနေတဲ့ မြန်မာ အာဆီယံ အစည်းအဝေးတက်ခွင့်အပေါ်မှာ သက်ရောက်မှုတစ်ခုတော့ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ အာဆီယံပဋိညာဉ်အတိုင်း တိတိကျကျသွားမယ်ဆိုရင်တော့ မြန်မာဟာ အဲဒီအစည်းဝေးတွေကို မတက်ရောက်နိုင်စရာ ဘာအကြောင်းမှမရှိဘူးဗျ”

ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘောဒီးယားရဲ့ လက်ရှိကြိုးပမ်းမှုအပေါ် ဘယ်လောက်ကန့်ကွက် မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းလာနိုင်တယ်လို့  ဦးသိန်းထွန်းဦး က ဆိုပါတယ်။

(ဒီဇင်ဘာလ ၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဝန်ကြီးချုပ် ဟွန်ဆင်တို့ တွေ့ဆုံခဲ့စဉ်။)
(ဒီဇင်ဘာလ ၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဝန်ကြီးချုပ် ဟွန်ဆင်တို့ တွေ့ဆုံခဲ့စဉ်။)

အာဆီယံဟာ မူဝါဒအတိအကျရှိတဲ့ အစုအဖွဲ့တစ်ခုဖြစ်တာမို့ အများသဘောတူလက်ခံထားတဲ့ မူဝါဒအတိုင်းပဲ ဆက်လက်ရပ်တည်သင့်ပြီး စစ်အာဏာရှင်ကို အလျှော့ပေးဆက်ဆံပြီးမှ အဖြေရှာတာမျိုးကို လုံးဝလက်မခံ နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အာဆီယံသံအမတ် ဦးဘိုလှတင့် က ထောက်ပြဝေဖန် ပါတယ်။

အလှည့်ကျဥက္ကဋ္ဌတစ်ယောက်ရဲ့ ပြုမူပြောဆိုချက်တွေဟာ လက်ရှိအာဆီယံက ရပ်တည်ကိုင်စွဲထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ပါ အချက်အလက်တွေကို ဆန့်ကျင်နေသလို၊ အာဆီယံဟာ လက်တွေ့ကျကျ မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့ ဒေသတစ်ခုလုံးက အားကိုးလောက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် ဆိုရင် အလှည့်ကျဥက္ကဋ္ဌဖြစ်စေ အဖွဲ့ဝင်နိုင်ငံတိုင်းကဖြစ်စေ အာဆီယံအသင်းတစ်ခုလုံးအနေနဲ့ဖြစ်စေ ကိုယ်ချမှတ်ထားတဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ ကိုင်စွဲရပ်တည်ပြီးတော့ လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားသင့်တယ်။ အခုလို စစ်အာဏာရှင်ကို အလျှော့ပေးဆက်ဆံပြီးမှ အဖြေရ မယ်ဆိုတဲ့ကိစ္စမျိုးကတော့ မစ္စတာ ဟွန်ဆန်နဲ့ ကျနော်တို့က လုံးဝသဘောတူညီမှုမရှိပါဘူး။ ဒါကို ကျနော်တို့က ကန့်ကွက်ပါတယ်”

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့  ကြိုးပမ်းချက်တွေဟာ အာဆီယံရဲ့  ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်တွေကို ထိပါးပျက်စီးစေမယ့် ပြောဆိုလုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့လည်း ဦးဘိုလှတင့် က ဆိုပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံရဲ့ သက်တမ်းက  ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး၊ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ ကမ္ဘောဒီးယားက အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတော့မှာပါ။ ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ မြန်မာ့အရေး အတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲဖြစ်တဲ့ မြန်မာစစ်ကောင်စီအနေနဲ့ ကမ္ဘောဒီးယားရဲ့ အပြုသဘော ချဥ်းကပ်မှုနောက်မှာ ဘယ်လောက်အထိ လိုက်ပါဆောင်ရွက်မလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။