မြန်မာပြည်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံတိုက်တွန်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.11.15
မြန်မာပြည်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံတိုက်တွန်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တွေ့ရစဉ်။
AFP

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) ကို နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာမပါဝင်တဲ့ အာဆီယံ ကိုးနိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အရှေ့တီမောနိုင်ငံ ကာကွယ်ရေးဝန်ကြီးက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

“ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးစည်ပင်ရေးနဲ့ လုံခြုံရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ အခုနှစ် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အစ္စရေး-ဟားမာ့စ် စစ်ပွဲ ပဋိပက္ခအကြောင်းတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။



အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က မြန်မာပြည်အရေးအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းရအောင် ကူညီကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာနေတဲ့အတွက် ကျွန်တော်တို့ အားလုံး စိတ်မကောင်းဖြစ်မိပါတယ်။ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ကတော့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတစ်ခုရဖို့ ခိုင်မာတဲ့ တိုးတက်မှုတွေ ဖြစ်လာအောင် ဆက်ပြီး တွန်းအားပေးဆောင်ရွက်သွားပါမယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရအောင်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ စည်းလုံးညီညွတ်မှုတွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားပါမယ်။ အခြား အာဆီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေအတွက် ငြိမ်းချမ်းပြီး ရေရှည်ခံမယ့် ဖြေရှင်းနည်းတွေ ဖြစ်လာအောင် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပါတယ်။”

ဒီညီလာခံမှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်း ရပ်တန့်ပြီး အမြင့်ဆုံးသည်းခံချုပ်တည်းမှုတွေကို ကျင့်သုံးဖို့ သက်ဆိုင်သူ အားလုံးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက တိုက်တွန်းထားတဲ့ ဂျကာတာ ပူးတွဲကြေညာချက်ကို အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ထုတ်ပြန်ခဲ့ပါတယ်။

ပူးတွဲကြေညာချက်ထဲမှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် တည်ငြိမ်မှု နဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်လိမ့်မယ်လို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက ယုံကြည်တဲ့အကြောင်းလည်း ပါရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) တွင် တွေ့ရသည့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ။ (Photo: Reuters)
၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) တွင် တွေ့ရသည့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ။ (Photo: Reuters)

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ခွင့်ပြုဖို့ နဲ့ အာဆီယံက ခန့်အပ်တဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပြုဖို့ အပါအဝင် ဘုံသဘောတူညီချက်တွေ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်နဲ့ ရထားပေမဲ့ စစ်ကောင်စီဘက်က အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိတဲ့နောက် မြန်မာစစ်ခေါင်းဆောင်နဲ့ အဆင့်မြင့်အရာရှိအားလုံးကို အာဆီယံထိပ်သီး ညီလာခံတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီအစည်းအဝေးကိုလည်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားတာမရှိခဲ့ပါဘူး။

အာဆီယံထိပ်သီး ညီလာတွေတိုင်းမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား မြန်မာနိုင်ငံပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ သဘောတူညီမှု မရဘဲ စိတ်ဝမ်းကွဲနေခဲ့ပြီး အခု အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိကျ ခိုင်မာ၊ လက်တွေ့ကျပြီး၊ အကဲဖြတ် တိုင်းတာလို့ရမယ့် တိုးတက်မှုတွေ ရှိဖို့ လိုအပ်တယ်လို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူခဲ့ကြတဲ့အကြောင်း အင်ဒိုနီးရှား သတင်းအေဂျင်စီ Amtara News မှာ ဖော်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို ပိုဆိုးသထက်ဆိုးအောင် မလုပ်ကြဖို့လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ကြတယ်လို့ သတင်းမှာ ပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Reuters)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ (ADMM) ကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Reuters)

အခုအချိန်မှာ အာဆီယံဒေသတစ်ခုလုံးဟာ အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အေးချမ်းတည်ငြိမ်မှု ရှိနေပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ အာရှက အခြား စစ်ရေးပဋိပက္ခတွေအပေါ် အလေးထားစောင့်ကြည့်မှု မရှိရင် ဒီတည်ငြိမ်မှုဟာ အချိန်မရွေးပျောက်ဆုံးသွားနိုင်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Ng Eng Hen က သတိပေးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အခုအချိန်မှာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု၊ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ မြန်မာနိုင်ငံ ပြဿနာတွေဟာ ဒေသတစ်ခုလုံးကို မတည်မငြိမ် ဖြစ်လာစေနိုင်တဲ့ မီးပွားတွေအဖြစ် ရှိနေတဲ့အကြောင်း၊ အာဆီယံအနေနဲ့ အငြင်းပွားမှုတွေကို ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာကို အာဆီယံဒေသတွင်းမှာရော၊ ဒေသအပြင်မှာပါ ကျင့်သုံးဖို့ လိုအပ်တဲ့အကြောင်း၊ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက တိုက်တွန်းသွားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြမယ့် ADMM Plus ညီလာခံကို ဂျကာတာမှာပဲ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။