အာဆီယံ အထူးသံတမန် ပြည်သူ့အသံကြားဖို့လိုကြောင်း ဦးကျော်မိုးထွန်း ပြော
2021.08.04
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မနေ့က ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အမှတ် (၂) အဖြစ် တာဝန်ရှိတဲ့ Erywan Yusof ကို ခန့်အပ်လိုက်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ရေး အပါအဝင် အချက် ၅ ချက်ကို သဘောတူညီခဲ့ပါတယ်။
ဒါကြောင့် အထူးကိုယ်စားလှယ်အဖြစ် ပဏာမရွေးထားတဲ့ ပုဂ္ဂိုလ်တွေထဲက ထိုင်းဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း Virasakdi Futrakul ကို ခန့်အပ်ဖို့ အာဏာသိမ်း စစ်ကောင်စီက အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စစ်ကောင်စီရဲ့ ရွေးချယ်မှုအတိုင်း မဟုတ်ဘဲ အာဆီယံခေါင်းဆောင်တွေရဲ့ ရွေးချယ်မှုအရ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) ကို အထူးကိုယ်စားလှယ်အဖြစ် ဆုံးဖြတ်လိုက်တာပါ။
အခုခန့်အပ်လိုက်တဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအတွင်းရေးမှူးနဲ့အတူ ဇွန်လဆန်းပိုင်းက နေပြည်တော်ကို ရောက်ခဲ့သူဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့တဲ့သူ ဖြစ်ပါတယ်။

အခုလို ဘရူနိုင်းက ပုဂ္ဂိုလ်ကို မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ့်ပုဂ္ဂိုလ်အဖြစ် ခန့်လိုက်တာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြိုဆိုလိုက်ပါတယ်။
"မြန်မာနိုင်ငံအကျိုးရှိစေဖို့ မြန်မာပြည်သူအကျိုးအတွက် အာဆီယံအထူးကိုယ်စားလှယ် ဘယ်သူပဲဖြစ်ဖြစ်ကြိုဆိုပါတယ်။ အဓိကကတော့ မြန်မာပြည်သူတွေ အသံ လေးလေးနက်နက် နားထောင်ပေးဖို့လိုပြီး ဆန္ဒကိုလည်း အောင်မြင်အောင် အကောင်အထည် ဖော်ပေးနိုင်တဲ့လူ ဖြစ်စေလိုပါတယ်။ ဒါမှ မြန်မာပြည်သူ ပြည်သားတွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားတဲ့အခါ အာဆီယံက တဖက်တလမ်းက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်သူတွေ အကျိုးအတွက် အထူးအလေးထား ဆောင်ရွက်ဖို့ လိုသလို ပြည်သူတွေ အသံလည်း နားထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့သူတွေ အားလုံး။ အထူးသဖြင့် NUG က သက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေ အပါအဝင် CSO NGO EAO ကိုယ်စားလှယ်တွေနဲ့ မဖြစ်မနေ ထိတွေ့ဖို့လိုပါတယ်။ ဒါမှ မြန်မာပြည်သူတွေ အသံကို သေသေချာချာကြားနိုင်ပါမယ်။ အဓိကကတော့ မြန်မာနိုင်ငံအကျိုး မြန်မာပြည်သူတွေ အကျိုးအတွက်သာ ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။ အခက်အခဲကတော့ စစ်ကောင်စီဘက်က ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာ သူ့အတွက်တော့ စိန်ခေါ်မှု ရှိပါတယ်"
နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်လိုက်တဲ့အတွက် မြန်မာ့အရေးမှာ တစ်ခုခုထူးခြားလာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကတော့ အာဆီယံအထူးကိုယ်စားလှယ်ကြောင့် မြန်မာ့အရေး တစ်စုံတရာ ထူးခြားလာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်တဲ့အတွက် သံတမန်ရေးရာမှာ အမှတ်ရနိုင်ပေမယ့်၊ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ နိုင်ငံရေးတိုးတက်မှု ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုကလည်း သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူဘောင်အတွင်းကနေ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ အာဏာသိမ်း ၆ လပြည့် မိန့်ခွန်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ အာဆီယံနဲ့သဘောတူညီထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ကိစ္စမှာတော့ အထူးကိုယ်စားလှယ်အနေနဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နှင်းလို့ နိုင်ငံတကာက အပြင်းအထန် ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တာပါ။
အဲဒီဆွေးနွေးပွဲကနေ “အကြမ်းဖက်သတ်ဖြတ်မှုတွေကို နှစ်ဖက်စလုံးက အဆုံးသတ်ရေး၊ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ရေး” စတဲ့အချက် ငါးချက်ကို သဘောတူညီခဲ့ပါတယ်။

ဒီ ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်အောင် ကြိုးပမ်းဖို့ အမေရိကန်၊ တရုတ်၊ ဥရောပနဲ့ ကုလသမဂ္ဂက အာဆီယံကို ဖိအားပေးထားသလို၊ အခု ခန့်အပ်လိုက်တဲ့ အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာ့အရေး ဘယ်လိုကြိုးပမ်းဆောင်ရွက်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရာ အခြေအနေတစ်ခုအဖြစ် နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။