အာဆီယံ-နယူးဇီလန်ညီလာခံမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဆန္ဒပြ
2024.04.18

နယူးဇီလန်နိုင်ငံရဲ့မြို့တော် ဝဲလ်လင်တန် (Wellington)မှာ အာဆီယံ-နယူးဇီလန်ညီလာခံကိုဧပြီလ ၁၈ နဲ့ ၁၉ နှစ်ရက်တာ ကျင်းပနေပါတယ်။ အဲဒီညီလာခံမှာ စစ်ကောင်စီဘက်က ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိတဲ့ ကိုယ်စားလှယ်တစ်ယောက် တက်ရောက်နေတဲ့အတွက် နယူးဇီလန်ရောက် မြန်မာတွေက ညီလာခံ ပထမနေ့ဖြစ်တဲ့ ဧပြီ ၁၈ ရက်မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဝဲလ်လင်တန်မြို့က နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရုံးချုပ်ရှေ့မှာ မနက်ပိုင်းကစလို့ ပြုလုပ်ခဲ့ပြီး မြန်မာ့အရေးလှုပ်ရှားသူ ၂ဝဝ ကျော် ပါဝင်ခဲ့ပါတယ်။
“ဒီနေ့ကတော့ သူတို့တက်ရောက်လာတဲ့အတွက် သူတို့ကို ကန့်ကွက်တာရော ဖိတ်ကြားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော ကန့်ကွက်တဲ့ သဘောရော လုပ်ခဲ့ကြတဲ့သဘောပါ။ စစ်ကောင်စီကိုယ်စားလှယ်ကို မဖိတ်ကြားဖို့အတွက် နောက်ဆုံးအထိ မဟန့်တားနိုင်ခဲ့သော်လည်းပဲ ကျွန်တော်တို့ကတော့ အဆုံးထိ ကန့်ကွက်ခဲ့ကြတယ်။ အစိုးရအနေနဲ့ကလည်း ကျွန်တော်တို့အသံကို ကောင်းကောင်းကြားခွင့်ရမယ်လို့ ထင်တယ်။ နောက်ဆို သူတို့ တော်တော်လေးဆင်ခြင်သွားမယ်လို့ ယူဆရတယ်”
စစ်ကောင်စီကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ မြန်မာတွေနဲ့ မြန်မာ့မိတ်ဆွေ နယူးဇီလန်တွေက ဧပြီလဆန်းကတည်းက အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ မူအတိုင်းပဲ ဆောင်ရွက်မယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်သစ် လူဇွန်က ပြောထားပါတယ်။
အခုဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ New Zealand Karen Association (NZKA) ဥက္ကဋ္ဌ မန်းလှအေးကလည်း အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖိတ်တာက မဖြစ်သင့်လို့ အခုလိုဆန္ဒပြတာလို့ RFA ကိုပြောပါတယ်။
“စစ်အစိုးရကိုယ်စားလှယ်ဖိတ်ကြားတာကို လုံးဝဆန့်ကျင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသတ်တဲ့ စစ်မင်းအောင်လှိုင်အုပ်စုကို ကျွန်တော်တို့ မလိုလားဘူး။ နယူးဇီလန်မြေကိုလည်း နင်းခွင့်မပြုဘူးခင်ဗျ။ စစ်အုပ်စုမင်းအောင်လှိုင်ကိုယ်စားလှယ်ကို လုံးဝမဖိတ်ကြပါနဲ့။ လူရာမသွင်းပါနဲ့ သူတို့တွေက မြန်မာပြည်သူလူထုကို သတ်ဖြတ်တဲ့ စစ်အုပ်စုဖြစ်တဲ့အတွက် အဲဒီသဘောထားကို ပြတာပေါ့နော်”
အရင်နယူးဇီလန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအစိုးရအသစ်ကတော့ အာဆီယံက သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်မယ်လို့ပဲ ပြောဆိုခဲ့ပါတယ်။
အခုလို ဆန္ဒပြပွဲတွေမလုပ်ခင်က နယူးဇီလန်အစိုးရကို မြန်မာအရေးလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါသေးတယ်။ အဲဒီစာကို အကြောင်းပြန်လာတာကတော့ အရင်နယူးဇီလန်အစိုးရရဲ့မူဝါဒဟာ ပြောင်းလဲမှုမရှိကြောင်းနဲ့ အခုဖိတ်ကြားမှုကလည်း စစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိကိုပဲ တက်ရောက်ခွင့်ပြုတာလို့ဆိုထားပါတယ်။
ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို နယူးဇီလန်အစိုးရက လက်မခံသင့်ဘူးလို့ Keep Out The Butchers Of Myanmar ကမ်ပိန်းရဲ့ပြောရေးဆိုခွင့်ရှိသူ မဖြိုးစန္ဒာစိုးက ပြောပါတယ်။
“mid-level ပဲပြောပြော High-level ပဲပြောပြော သူတို့သည် အကြမ်းဖက်စစ်တပ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် လုံးဝလက်မခံပါနဲ့ဆိုတာ နယူးဇီလန် လက်ရှိအစိုးရသစ်ရဲ့မူကို ဆန့်ကျင်ဆန္ဒပြကြတယ်ပေါ့။ ဒီလိုဖိတ်ကြားမှုကို လုံးဝ မြန်မာအသိုငိးအဝိုင်းသည် လက်မခံဘူးဆိုတာကို ပြသဖို့ဖြစ်တယ်။ ဒီလူတွေသည် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။ ရွေးကောက်ပွဲကနေ လာတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ တရားဝင်မှု မရှိဘူးဆိုတာကို ပြောပြီး ဆန္ဒပြပွဲလုပ်ပါတယ်”
နယူးဇီလန်မှာရှိတဲ့ မြန်မာအဖွဲ့အစည်း ၃၃ ဖွဲ့ စုပေါင်းပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ် နယူးဇီလန် လာရောက်မှာကို ကန့်ကွက်ဆန့်ကျင်တဲ့ Keep Out The Butchers Of Myanmar ဆိုတဲ့လှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ စခဲ့တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွေထဲမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ဖို့ Sam Lowery ရှေ့နေအဖွဲ့ရဲ့ အကူအညီနဲ့ ဗဟိုတရားရုံးကို ဦးတည်လျှောက်ထားခဲ့ပေမယ့် ဧပြီ ၁၆ ရက်မှာတော့ ဗီဇာပိတ်ဖို့ဆိုတာ တရားရုံးကမဆုံးဖြတ်သင့်ဘူးလို့ပဲအဖြေပေးခဲ့ပါတယ်။
အာဆီယံ-နယူးဇီလန်ညီလာခံကို သွားရောက်တဲ့ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးသလို အာဆီယံနဲ့နယူးဇီလန်အစိုးရတွေကလည်း တရားဝင် ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။