ထောင်ဒဏ် ၂၀၃ နှစ်ချမှတ်ခံရတဲ့ တက္ကသိုလ်ကျောင်းသား ကိုအောင်ခန့်ဦး
2022.12.15

မကွေးတိုင်း တောင်တွင်းကြီးမြို့က အသက် ၂၈ နှစ်အရွယ် ကိုအောင်ခန့်ဦး (ခ) ပါလေးဟာ ပျော်ပျော်နေတတ်သူပါ။ သူက မဟုတ်မခံစိတ်ရှိပြီး တစ်ပါးသူကို ကူညီတတ်ပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားသူ မဟုတ်ပါဘူး။
မကွေးတက္ကသိုလ်မှာ ဒုတိယနှစ်ကျောင်းသားတစ်ဦးအဖြစ် ပထဝီဘာသာရပ်ကို အထူးပြု လေ့လာနေရင်း ၂၀၂၁ စစ်အာဏာ သိမ်းမှုနဲ့ကြုံတဲ့အခါ သူ့ဘဝက တစ်ဆစ်ချိုး ပြောင်းလဲ သွားပါတော့တယ်။ ဒီမိုကရေစီအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့လုပ်ရပ်ဟာ မမှန်ကန်ဘူးလို့ သူယုံကြည်ခဲ့ပါတယ်။
ပိုပြီးဆိုးရွားတာကတော့ စစ်တပ်ဟာ ဆန့်ကျင်သူမှန်သမျှကို သေတဲ့အထိ သိမ်းကြုံး ပစ်ခတ်ဖြိုခွင်းမှုတွေကို နိုင်ငံတစ်ဝန်းမှာ ကျူးလွန်ခဲ့တာပါ။ လက်နက်မဲ့အရပ်သားတွေ ထောင်နဲ့ချီသေဆုံးပြီးနောက် ကိုအောင်ခန့်ဦးလည်း လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"ကလေးတွေကို မတရားအပြစ်ဒဏ်တွေ ချမှတ်ပြီးတော့ မတရားတွေ နှိပ်စက်နေတာ စိတ်မကောင်းဘူး"
မြို့လယ်လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေကို လူတွေစွန့်ခွာပြီး လွတ်မြောက်နယ်မြေတွေဆီ ထွက်ခွာကြပြီး လက်နက်ကိုင်အုံကြွမှုတွေ ပြင်းထန်လာတဲ့အချိန်မှာ ကိုအောင်ခန့်ဦးက တက္ကသိုလ်ကျောင်းသားဘဝကို စွန့်လွှတ်ပြီး လက်နက်ကိုင်ခဲ့တာပါ။
သူဟာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ ဖွဲ့စည်းတဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးစွာပဲ ကိုအောင်ခန့်ဦး ခတ္တခိုလှုံနေတဲ့ မကွေးမြို့က နေအိမ်ကို စစ်ကောင်စီ တပ်က ခြေရာခံမိပြီး ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ည ၁၂ နာရီမှာ ဖမ်းဆီးခံလိုက်ရပါတယ်။
ဒီမတိုင်ခင်ထဲက ကိုအောင်ခန့်ဦးရဲ့ မိဘနှစ်ပါး၊ ညီတစ်ဦးနဲ့ ညီမနှစ်ဦး စုစုပေါင်း မိသားစုဝင်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။ အဲဒီထဲက ညီမတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်လာတဲ့ ညီမနဲ့ တွေ့ဖို့ကြိုးစားချိန်မှာ ကိုအောင်ခန့်ဦး ဖမ်းဆီးခံလိုက်ရတာလို့ သူ့ရဲ့ တစ်ဝမ်းကွဲအစ်မတစ်ဦးက ပြောပါတယ်။
"အငယ်မလေးကလည်း ဟိုမှာနေရတော့ ဘာမှပြစ်ဒဏ်တွေ မရှိဘဲနဲ့ ထောင်ထဲနေရ တော့ စိတ်ဒဏ်ရာတွေရတော့ အောင်ခန့်ဦးက သူ့ညီမလေးကို စိတ်မကောင်းဘူး။ ကျမကို အမြဲပြောတယ်။ အမရယ် စိတ်မကောင်းဘူး။ သူညီမလေးနှစ်ယောက်နဲ့ အမေနဲ့ကိုပေါ့နော်။ အဖေဆိုတော့ နည်းနည်းခံနိုင်ရည်ရှိဦးမှာပေါ့နော်။ သူ့ညီမလေး အကြီးမလေးဆိုလို့ရှိရင် ထောင်က ပြန်ထွက်တုန်းက စိတ်ဒဏ်ရာ တော်တော်ရသွား တယ်။ တက္ကသိုလ်ကျောင်းသူလေးဆိုတော့ သူကိုယ်သူတောင်မှ မနည်းပြန်ရပ်တည်နိုင် အောင် နေနေရတာပေါ့။ အကြီးမလေးကို ငါးစာအနေနဲ့ ထုတ်ထားတာလို့ ညီမ ထင်တယ်"
ကိုအောင်ခန့်ဦးကို ဖမ်းဆီးပြီးချိန်မှာ စစ်ကောင်စီတပ်က ကိုအောင်ခန့်ဦးရဲ့ မိဘနှစ်ပါးနဲ့ နောက်ထပ် အငယ်ဆုံး ညီမကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ညီဖြစ်သူ ကိုနောင်နောင်ကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါ အဝင် ပုဒ်မလေးခုနဲ့ ထောင်ဆယ်နှစ်ချခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက ကိုအောင်ခန့်ဦးကို ဒီနှစ်အောက်တိုဘာလ ၃၁ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ ပေါက်ကွဲစေတတ်တဲ့ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မသုံးခုနဲ့ တောင်တွင်းကြီးမြို့နယ် တရားရုံးက ၁၀ နှစ် အမိန့်ချခဲ့ပါတယ်။ ဒီအပြင် မကွေးခရိုင် တရားရုံးကလည်း နိုဝင်ဘာလ ၁၅ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၁ (ဂ)၊ ၅၂ (က)၊ ၅၄ တွေနဲ့ ထောင်ဒဏ် ၁၉၃ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။ ဒါကြောင့် ကိုအောင်ခန့်ဦးဟာ စုစုပေါင်းထောင်ဒဏ် ၂၀၃ နှစ်ကျခံရဖို့ရှိနေပါတယ်။
ကိုအောင်ခန့်ဦးဟာ စစ်ကြောရေးမှာ ဆိုးဆိုးရွားရွားနှိပ်စက်ခံခဲ့ရတယ်လို့ ကိုအောင်ခန့်ဦးရဲ့ တစ်ဝမ်းကွဲ အစ်မ တစ်ဦးက ပြောပါတယ်။
"ဖမ်းခံရပြီးတော့ စစ်ကြောရေးမှာ နှိပ်စက်ခံနေရတယ်။ အဲလိုမျိုးတွေပေါ့နော် စိတ်မကောင်းဘူး။ ဒီကလေး တစ်ယောက်ကို အဲလိုမျိုး နိုင်ငံရေးလုပ်အောင်လည်း သူတို့ပဲ လုပ်ခဲ့တာ။ သူတို့လုပ်ခဲ့လို့ ဒီကလေးတွေက အဓမ္မကို တွန်းလှန်တာ။ ကလေးတွေကို မတရား အပြစ်ဒဏ်တွေ ချမှတ်ပြီးတော့ မတရားတွေ နှိပ်စက်နေတာ စိတ်မကောင်းဘူး။ သူတို့သားသမီးတွေလို သားသမီးချင်း ကိုယ်ချင်းမစာတတ်ကြ ဘူးလား မသိဘူး။ တော်တော်ကို ဝမ်းနည်းတယ်။ အသည်းနှလုံးကြေသွားသလို ခံစားရတယ်။ဘာမှကို ပြောစရာစကား မရှိလောက်အောင် စိတ်မကောင်းဖြစ်ရပါတယ်"
အခု ကိုအောင်ခန့်ဦးဟာ မကွေးမြို့က ဒေါင်းနေထောင်မှာ အကျဉ်းကျခံနေရပါတယ်။ သူ့ကို မိသားစုဝင်တွေက တိုက်ရိုက်တွေ့ခွင့်မရပေမယ့် ထောင်အာဏာပိုင်တွေကတစ်ဆင့် ထောင်ဝင်စာတော့ ပို့ခွင့်ရနေပါတယ်။
ကိုအောင်ခန့်ဦးဟာ တစ်ခါမှမကြားဖူးတဲ့ ထောင်ဒဏ်မျိုးချမှတ်ခံရတာလို့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။
"သူက တောင်တွင်းကြီးမြို့ပေါ်မှာ Strike ကာလတုန်းကလည်း သူအများကြီး လုပ်ခဲ့တယ်။ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွဲပြီးတော့ တောင်တွင်းကြီးမြို့နယ်အနေနဲ့ ဆန္ဒပြပွဲတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒါတွေလည်း ပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ ထောင်ဒဏ်မျိုး ချတာပေါ့။ ဒါဘယ်လိုမှကို မဖြစ်သင့်ဘူး။ သူ့ရဲ့အိမ်ကိုတောင် ဒီကောင်တွေ ဖျက်ဆီးသွားတယ်။ နိုင်ငံရေးစိတ်လည်း ပြင်းပြ တယ်။ ဒါမယ့် သူအရင် ဘာတွေလုပ်ခဲ့လဲ ဆိုတာတော့ ကျနော် အတိအကျမသိဘူး။ ကျနော်တို့ အတူတူဖြတ်သန်းတဲ့ ကာလမှာတော့ နိုင်ငံရေးစိတ်ဓာတ် တော်တော်ပြင်း တယ်"

ဘဝမှာ နောက်တစ်ခါပြန်တွေ့ခွင့်မရနိုင်တဲ့ ပြစ်ဒဏ်မျိုးဖြစ်လို့ ဝမ်းနည်းမိတယ်လို့လည်း သူက ပြောပါတယ်။
ရှေ့နေဦးကြီးမြင့်ကတော့ ကိုအောင်ခန့်ဦး ချမှတ်ခံရတဲ့ပြစ်ဒဏ်ဟာ ဥပဒေနဲ့ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြပါတယ်။
"တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တာပေါ့။ အဲတော့ အခုဟာကတော့ စစ်ကောင်စီရဲ့ ဆင်ခြင်တုံ တရားပေါ်မူတည်ပြီးတော့ စွဲနေပြီးတော့ တရာသူကြီးတွေက အရုပ်တွေပဲလေ။ ဒါကြောင့်တရားမျှတမှုရှိလား၊ မရှိလား ဆိုတာကတော့ ဘယ်လိုလုပ် တရားမျှတမှုရှိမှာလဲဗျာ။ နဂိုကတည်းက ခွဲမစွဲသင့်တဲ့ အမှုတွေ ခွဲစွဲတယ်။ ပေါင်းပြီး အပြစ်ပေးရမယ့် အမှုတွေကို ပေါင်းအပြစ်မပေးဘဲနဲ့ တစ်ခုစီ ခွဲအပြစ်ပေးတယ်။ ဘယ်လိုလုပ် ဆင်ခြင်တုံတရားနဲ့ညီတဲ့ ပြစ်ဒဏ်ပေးတာတွေဖြစ်မလဲ"
ဒီပြစ်ဒဏ်ပေးမှုအတွက် စစ်ကောင်စီကို ရှုတ်ချတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
ထောင်ဒဏ် ၂၀၃ နှစ်ချမှတ်ခံရတဲ့ ကိုအောင်ခန့်ဦးဟာ လူ့သက်တမ်းကျော်လွန်ပြီး နှစ်ရှည်ထောင်ဒဏ် ဒုတိယ အများဆုံး ချမှတ်ခံရသူဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) အဖွဲ့ဝင် ကိုကျော်သက်ကတော့ အောက်တိုဘာ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂၂၅ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။