ထောင်တွင်းသေဆုံးတဲ့သားအတွက် အမှန်တရားပေါ်ပေါက်ဖို့ မိခင်တောင်းဆို


2019.06.07
aungthapyay-villager-funeral-622 ့မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး သုံးရက်အကြာမှာ သေဆုံးခဲ့တဲ့ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း ရဲ့ ဈာပနအခမ်းအနား မြင်ကွင်းတခု။
ဓာတ်ပုံ- စံ ညိမ်း ဦၤး

အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတာကြောင့် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ကြပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

ထောင်တွင်းသေဆုံးတဲ့သားအတွက် အမှန်တရားပေါ်ပေါက်ဖို့ မိခင်တောင်းဆို

(ခင်ခင်အိ)

■ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး သုံးရက်အကြာမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်း ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ နေ့လည်ပိုင်းက အောင်သပြေကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ ကိုထွန်းမြင့်ဝင်းဟာ အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကန့်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး ဇွန်လ ၂ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး မန္တလေး အိုးဘို အကျဉ်းထောင်မှာ ချုပ်နှောင်ထားချိန်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အိုးဘိုအကျဉ်းထောင်အာဏာပိုင်က ကိုထွန်းမြင့်ဝင်းဟာ အရက်ကြောင်ပြီး အကျဉ်းထောင် ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပေမယ့် ရုပ်အလောင်းမှာ ရိုက်နှက် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ တွေ့ရတာကြောင့် အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့  မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။ သေဆုံးသူ ကိုထွန်းမြင့်ဝင်းရဲ့မိခင် ဒေါ်အေးက ...

“ ဒီဒဏ်ရာဒဏ်ချက်တွေက အရက်ကြောင်ကြောင်လို့သေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ။ အမှန်တရားကိုပေါ်ချင်တာ။ ရိုးရိုးပဲ သေတယ်ဆိုရင်ကတော့ လူတွေက သေမျိုးချည်းပါပဲ။ အခု ကတော့ ဒဏ်ရာတွေနဲ့ဆိုတော့ အမေကြီးတော်တော်ခံစားရပါတယ်။ အမှန်တရားပေါ်ပေါက်အောင် တောင်းဆိုချင်ပါတယ်”

အကျဉ်းထောင်အာဏာပိုင်ရဲ့ထုတ်ပြန်ချက်အတိုင်းမဟုတ်ဘဲ ကိုထွန်းမြင့်ဝင်းဟာ ဒဏ်ရာဒဏ်ချက် တွေနဲ့ သေဆုံးခဲ့တဲ့အခြေအနေအပေါ် အစိုးရက ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို RFA က မေးမြန်းတဲ့အခါ...

“ နိုင်ငံတဝှမ်းလုံးမှာ ဖြစ်ပျက်သမျှအကုန်လုံးက ဗဟိုကတာဝန်ယူတာမဟုတ်ဘူး။ တိုင်းဒေသကြီးက တာဝန်ယူရမဲ့ဟာတွေရှိတယ်။ ကျနော်တို့ သက်ဆိုင်တဲ့ဥပဒေတွေရှိတယ်။ ဒီဥပဒေနဲ့အညီပဲ တိုင်းဒေသကြီးအစိုးရက ကိုင်တွယ်ဖြေရှင်းနေတယ်။ တကယ်လို့ ခုနလိုမျိုး နစ်နာမှုတွေရှိတယ်ဆိုရင် တိုင်းဒေသကြီးအစိုးရသော်လည်းကောင်း အဲဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်သော်လည်းကောင်း လုံခြုံရေးတာဝန်ရှိသူကိုသော်လည်းကောင်း တင်ပြလို့ရတယ်။ ကျနော်တို့ကတော့ တနိုင်ငံလုံးမှာ ဖြစ်သမျှကိစ္စအားလုံးကို ဖြေရှင်းပေးဖို့ကခက်တယ်။ ကျနော်တို့ ဗဟိုရဲ့သဘောက မူတွေရှိတယ်။ မူတွေချပေးတယ်။ ဒီမူနဲ့အညီ အောက်ကပြည်နယ်တိုင်းတွေက ဆောင်ရွက်ဖို့ပဲ။ ညွှန်ကြားချက်တွေ ထွက်တယ်။ လမ်းညွှန်ချက်တွေထွက်တယ်။ မူဝါဒတွေချမှတ်ပေးတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်ဖို့ပဲ ရှိတယ်။ ခုနဖြစ်စဉ်လည်း သက်ဆိုင်တဲ့ အဲဒီမှာရဲမှုးချုပ်တွေရှိပါတယ်။ နောက် နယ်လုံဝန်ကြီးပေါ့နော် စသဖြင့် လုံခြုံရေးနဲ့ဆိုင်တဲ့သူတွေကို တင်ပြပြီးတော့ ဖြေရှင်းဆောင်ရွက်ဖို့ အကြံပြုချင်တယ်”

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းဖို့အတွက် ကျေးရွာသားတွေက တောင်းဆိုဆန္ဒပြစဉ် မေလ ၁၅ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ကိုထွန်းမြင့်ဝင်းကို အဲဒီ ပဋိပက္ခမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တနေ့ အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တဲ့နောက်   ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းမှာ အကျဉ်းထောင် အတွင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရုပ်အလောင်းကို ဇွန်လ ၆ ရက်နေ့မှာ ရဲတပ်ဖွဲ့က မိသားစုတွေကိုလွှဲပြောင်းပေးလိုက်ပြီး၊ ဇွန်လ ၇ ရက်နေ့မှာတော့ အောင်သပြေရွာမှာပဲ သူ့ဈာပနကို ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။