အောင်သပြေရွာခံ လေးယောက်ကို အလုပ်နဲ့ထောင် ၁၄ လစီချမှတ်


2019.07.02
aungthapyay-villagers-622.jpg အောင်သပြေကျေးရွာသား လေးဦးကို မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ၂၀၁၉ ဇူလိုင် ၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Khaymani Win/RFA

ပုသိမ်ကြီးမြို့နယ်တရားရုံးက လမ်းတံတားဥပဒေနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ ဒေသခံ လေးယောက်ဟာ သူတို့ကျေးရွာအနီးမှာ ဆောက်လုပ်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြရင်း တရားစွဲဆိုခဲ့ရသူတွေပါ။

သူတို့ လေးယောက်ကို ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မင်းမင်းမြတ် က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ရှေ့နေ ဦးစည်သူ

တရားရုံးက လမ်းတံတားဥပဒေ ပုဒ်မ ၂၂ အရ ထောင်ဒဏ် တစ်နှစ်နဲ့ လမ်းတံတားဥပဒေ ပုဒ်မ ၂၃ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ လ စုစုပေါင်း ထောင်ဒဏ် ၁၄ လစီ ချမှတ်ခဲ့တာပါ။

တရားရုံးအမိန့်အပေါ် ဒေသခံ လေးယောက်ရဲ့ရှေ့နေ ဦးစည်သူက အယူခံ ဆက်တက်သွားမယ်လို့ ပြောပါတယ်။

“တစ်နေ့တည်း တချိန်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စရပ်ကို ပြစ်ဒဏ်ပေးတဲ့ အခါမှာ သီးခြားစီပြစ်ဒဏ်ချမှတ်ခဲ့တယ်၊ တောင်သူတွေအနေနဲ့ များစွာနစ်နာမှုဖြစ်ခဲ့တယ်"

မြေတွေလည်း မတရားယူသွားတယ်၊ သီးနံှတွေလည်း  အကုန်ဖျက်ဆီး သွားတယ်

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အောင်သပြေကျေး ရွာသားတချို့က ကန့်ကွက်နေကြတာဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မြင့်  ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ လုပ်ငန်းခွင်သုံး စက်ယန္တရားတွေ  အသုံး မပြုနိုင်အောင် ပုသိမ်ကြီးမြို့နယ် အောင်သပြေ-သရက်ကိုင်း  ကျေးရွာချင်းဆက်လမ်းကို တားဆီးကြရင်း နယ်နိမိတ်ကို ကျူးကျော်ခြံခတ်တယ်ဆိုပြီး လမ်းတံတားဥပဒေနဲ့ ၂၀၁၈ ခုနှစ်  ဇူလိုင်လအတွင်း တရားစွဲဆိုခံရတာပါ။

ထောင်ဒဏ်တွေချမှတ်ခံရသူ လေးယောက်ထဲမှာ အသက် ၆၀ ကျော်အရွယ် တောင်သူ ဒေါ်မြ လည်း ပါဝင်ပါတယ်။တောင်သူ ဒေါ်မြ

ဒီနေ့ တရားရုံးအမိန့်နဲ့ ပတ်သက်ပြီး တောင်သူ ဒေါ်မြက

“ကျမတို့ကို သက်သေအဖြစ်ထွက်မပေးဘူး၊ မတရားထောင်ချတာပါ၊ အခု ၁၄ လချတာ၊ ကျမတို့က တောင်သူပါ၊ မြေတိုင်းစာရင်းက လည်း တောင်သူတွေ မြေလို့ထွက်ဆိုပေးရဲ့နဲ့ မတရားသဖြင့် ဖမ်းတာပါ"

တောင်သူ ဒေါ်မြရဲ့ သမီးဖြစ်သူ မနှင်းနှင်းေ၀ က အမေဖြစ်သူ ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် အခုလိုပြောပါတယ်။

“တရားမျှတမှုမရှိဘူး၊ တဖက်စောင်းနင်းလုပ်သွားတယ်လို့ထင်တယ်။ မြေတွေလည်း မတရားယူသွားတယ်။ သီးနံှတွေလည်း အကုန် ဖျက်ဆီးသွားတယ်လေ"

မနှင်းနှင်းဝေ

တရားလိုဖြစ်တဲ့ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မင်းမင်းမြတ် က ဒီနေ့ တရားရုံးကို လာရောက်ခဲ့ခြင်းမရှိသလို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

လမ်းတံတားဥပဒေတွေနဲ့ တောင်သူ လေးယောက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရားစွဲဆိုထားရာမှာ သုံးယောက်ကတော့ အိုးဘိုထောင် အတွင်းကနေ ရင်ဆိုင်နေရတာဖြစ်ပြီး အသက် ၇၀ ကျော် ဒေါ်အေး ကတော့ အာမခံရရှိထားရာကနေ အမှုလာရောက်ရင်ဆိုင်မှု မရှိတော့ တဲ့အတွက်  ပုသိမ်ကြီးမြို့နယ် တရားရုံးက ရာဇဝတ်အထွေထွေနဲ့ တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။

ဒေါ်အေးဟာ ပြီးခဲ့တဲ့လက အိုးဘိုထောင်အတွင်းမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်းရဲ့ မိခင်ဖြစ်ပါတယ်။ ကိုထွန်းမြင့်ဝင်းဟာလည်း စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာကြောင့် အိုးဘိုထောင် အတွင်း ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို နည်းလမ်းမျိုးစုံနဲ့ ကန့်ကွက်ခဲ့တဲ့နောက် ရွာသားအများ အပြားဟာ ပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ တရားစွဲဆိုခံထားကြရပြီး တချို့ဟာလည်း အိုးဘိုထောင် အတွင်းကနေ အမှုရင်ဆိုင်နေကြရသလို တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူ ၈၀ ခန့် ရှိနေပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။