ပဲခူးမှာ ရေကြီးမှုကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ရသူ ၁၃,၀၀၀ ကျော်ရှိလာ
2023.10.09

ပဲခူးတိုင်းမှာ မိုးရွာသွန်းမှုများပြီး ပဲခူးမြစ်ရေကြီးတာကြောင့် အောက်တိုဘာလ ၈ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ လက်ရှိမှာ ပဲခူးမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရေဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၃၀ ကျော်မှာ နေရာချပေးထားတယ်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးဆွေဇင်ဦးက RFA ကို ပြောပါတယ်။
“အခုအခြေအနေအထိ ဆိုရင်တော့ ရပ်ကွက်က ၁၂ ခု၊ ရွာအနေနဲ့ စုစုပေါင်း ခုနစ်ရွာ၊ အိမ်ထောင်စုအနေနဲ့ ကြည့်ရင် အိမ်ထောင်စု သုံးထောင်ကျော်၊ လူဦးရေက ၁၃,၀၀၀ ကျော်လောက်ကတော့ စခန်းတွေကို ရွှေ့နေကြတယ်။ စခန်းအားလုံးပေါင်း ၃၄ ခုလောက်ရှိတယ်။ ရှိတော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနအနေနဲ့ကတော့ ဆန် ရိက္ခာ ကူညီထောက်ပံ့တယ်။ ခေါက်ဆွဲခြောက်တို့၊ ရေသန့်ဘူးတို့ အဲဒါတွေ ထောက်ပံ့မှု ရှိပါတယ်ရှင့်”
နေအိမ်တွေနဲ့ တိုက်ခန်းတွေမှာ ပိတ်မိနေသူတွေလည်း ရှိနေပြီး MPT နဲ့ ATOM တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ RFA ကို ပြောပါတယ်။
“အခုအခြေအနေအထိ ဆိုရင်တော့ ရပ်ကွက်က ၁၂ ခု၊ ရွာအနေနဲ့ စုစုပေါင်း ခုနစ်ရွာ၊ အိမ်ထောင်စုအနေနဲ့ ကြည့်ရင် အိမ်ထောင်စု သုံးထောင်ကျော်၊ လူဦးရေက ၁၃,၀၀၀ ကျော်လောက်ကတော့ စခန်းတွေကို ရွှေ့နေကြတယ်"
ပဲခူးမြို့ပေါ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ လူငယ်တစ်ဦးကတော့ ပိတ်မိနေတဲ့ သူ့ရဲ့ အသိမိတ်ဆွေတွေကို လှေနဲ့သွားလာပြီး အကူအညီပေးနေရတယ်လို့ ပြောပါတယ်။
“လုံခြုံပါတယ် ကျွန်တော်ကတော့ လုံခြုံတယ်ဆိုပေမယ့်လည်း ရေနစ်တဲ့သူငယ်ချင်းတွေကို ဝိုင်းပြီးတော့ ကူညီနေတာပေါ့။ သူတို့ စားဝတ်နေရေး အခက်အခဲဖြစ်တာပေါ့။ သွားဖို့လာဖို့ အဆင်မပြေဘူး။ ရေတအား နစ်တော့ အပြင်လည်း ထွက်လို့မရဘူး။ တချို့နေရာတွေကျတော့ သွားလာလို့ရတယ်။ တချို့နေရာတွေကျတော့ သွားလာလို့မရဘူး။ ရေက တအားကြီးတယ်။ အခုက ရေပိုများလာတော့။ မိုးမရွာတော့ နည်းနည်းအဆင်ပြေတယ်။ မိုးရွာရင် ရေပိုတက်တယ်”
ဒီနေ့ မွန်းလွဲပိုင်းမှာ ပဲခူးမြို့ နာရီစင်အထိ ရေတွေ ဝင်ရောက်နေသလို တချို့ရပ်ကွက်တွေရဲ့ တိုက်ခန်းမြေညီ ထပ်တွေဟာ ရေနစ်မြုပ်နေပြီလို့ သူက ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာလည်း ပဲခူးမြို့ပေါ်က ပိတ်မိသူတွေဟာ အကူအညီတောင်းခံနေကြတာလည်း တွေ့ရပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ် ရေဟာ စိုးရိမ်ရေမှတ်အထက် လေးပေကျော် မြင့်တက်နေပါ တယ်။ ဒါဟာ မနေ့က စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲ ကျော် ရှိရာကနေ တစ်ရက်အတွင်း သုံးပေအထိ မြင့်တက်လာခဲ့တာပါ။
မြစ်ရေကတော့ ဆက်လက်တက်နေဆဲပဲလို့ ပဲခူးမြို့အခြေစိုက် မေတ္တာစမ်းရေ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့ကျတော့လည်း ရေက မကျသေးဘူး။ ပိုတောင်တက်လာသေးတယ်။ တစ်ပေလောက် တက်လာတယ်။ ကျွန်းသာယာ၊ စက်ပိုင်း၊ ဂေါင်းဆေးကျွန်းရယ်၊ ရေကျော်ရယ်၊ မဟာစေတီရပ်ကွက်၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကလိ၊ အဝိုင်း၊ မုန်တိုင်း အဲဒါတွေ မြုပ်သွားတာ။ ပိုဆိုးသွားတာက ရွာသစ်ရယ်၊ ကျောက်ကြီးစုရယ်၊ ကျော်တွင်းကုန်းရယ် အဲဒီနေရာတွေက ပိုဆိုးတယ်”
ကယ်ဆယ်ရေးစခန်းတွေကိုတော့ ရေကြီးနစ်မြုပ်မှုဖြစ်တဲ့ ရပ်ကွက်တွေရဲ့ လမ်းထိပ်တွေ မှာ ဖွင့်လှစ်ထားကြပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်း ရှိတယ်လို့ ပဲခူးဒေသခံတွေက ပြောပါတယ်။
အဲဒီစခန်းတွေမှာ အလှူရှင်တွေ ထောက်ပံ့သူတွေရဲ့ အကူအညီနဲ့ ရေဘေးသင့်ပြည်သူတွေကို ကျွေးမွေး စောင့်ရှောက်ထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ကနေ ပဲခူးမြို့ကိုသွားရာ လမ်းဟောင်းနဲ့ အမြန်လမ်းသစ် မိုင်တိုင် ၃၉ မှာလည်း ရေကြီးနစ်မြုပ်မှုတွေ ရှိနေတာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အနည်းဆုံး ရာနဲ့ချီ ပိတ်မိနေကြ တယ်လို့ အဲဒီလမ်းမှာ ရောက်ရှိနေသူ တစ်ဦးက RFA ကို ပြောပြပါတယ်။
ဒီရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကနေ ဒိုက်ဦးမြို့ကို ဖြတ်ပြီး ပဲခူးမြို့ကို သွားမယ့် သူတွေလည်း ရှိနေပါတယ်။
မနေ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်ရထားလမ်း၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွေမှာ ရထားလမ်းပေါ် ရေကျော်မှုတွေ ရှိနေတာကြောင့် ပြေးဆွဲမှုရပ်နားခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်း ကတော့ မုတ်သုံရာသီ ထွက်ခွာခါနီးဖြစ်တာကြောင့် အခုလို မိုးသည်းသည်းထန်ထန် ရွာသွန်းတာဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသက မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့ အောက်တိုဘာ ၈ ရက် မနေ့က RFA ကို ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လဆန်းပိုင်းကလည်း ပဲခူးမြို့ပေါ်မှာ ရပ်ကွက်နဲ့ ရွာတွေမှာ ရေကြီး နစ်မြုပ်ခဲ့တာကြောင့် လူဦးရေ တစ်သောင်းရှစ်ထောင်ကျော် ရေဘေးသင့်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ပဲခူးတိုင်းအပြင်၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွေမှာပါ မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ရှိနေပါတယ်။