ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ကောင်စီအရေးယူမဲ့အပေါ် သံဃာတော်တွေ ဝေဖန်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.06.22
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ကောင်စီအရေးယူမဲ့အပေါ် သံဃာတော်တွေ ဝေဖန် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ စတုတ္ထနေ့ ဈာပနအခမ်းအနားအား ကြွရောက်လာသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာဉာဏိဿရအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင် တွေ့ရစဉ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော်ဟာ PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပျံလွန်တော်မူခဲ့တာလို့ စစ်ကောင်စီက ကနဦး သတင်းထုတ်ပြန်ခဲ့ပေမဲ့ မျက်မြင်ဆရာတော်ကတော့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တဲ့အကြောင်း မိန့်ကြားတဲ့ ဗီဒီယိုပျံ့နှံပြီးနောက်မှာ စစ်ကောင်စီက ပြောင်းလဲဝန်ခံတဲ့အပေါ် ဆရာတော်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

စစ်ကောင်စီက ဆရာတော်ကြီးကို စည်းရုံးမရလို့သာ အခုလို ဝန်ခံတာလို့ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ပါတယ်။

"ငါးကြိမ်တိုင်တိုင် စစ်ဆေးတယ်၊ ဆရာတော်ကြီးက သူရဲ့သီလ သမာဓိအတိုင်း နောက်ဆုံးအသက်ကိုပင် သေချင် သေပါလေ့စေဆိုပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် အားလုံးမြင်ကြတဲ့အတိုင်းပဲ သူတို့သွေးခွဲလို့မရတဲ့ အခြေအနေကို ဖြစ်သွားတာပါ၊ စစ်အာဏာရှင် စစ်မိစ္ဆာတွေဟာ သံဃာတော်တွေကို ကာလတစ်လျှောက်လုံး သတ်ခဲ့တယ်၊ ထောင်ချခဲ့တယ်၊ ယနေ့ထက်အထိ ထောင်တွေထဲမှာ ဆရာတော်တွေ ရှိနေသေးတယ်၊ သံဃာတော်တွေ၊ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ သူတို့ပါ။ သတ်ပြီးတိုင်းလည်း ဇော်မဲလုံးတို့ MRTV တို့ မြဝတီတို့ဟာ လိမ်နေကျ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ဆရာတော် လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော် ပျံလွန်မူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၂၀ ရက်နေ့မှာ ဆရာတော်ကြီးနဲ့အတူ ကားပေါ်မှာပါလာတဲ့ မျက်မြင်ဆရာတော် ကန်သုံးဆင့်ဆရာတော်က ဆရာတော်ကြီးဟာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ ပျံလွန်တော်မူတာလို့ ပစ်ခတ်မှုဖြစ်စဉ် အသေးစိတ်မိန့်ကြားတဲ့ ဗီဒီယို ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုဗီဒီယိုထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ပစ်ခတ်တာကို ဝန်ခံခဲ့ပြီး ဒီဖြစ်စဉ်ကို အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးအရေးယူသွားမယ်လို့ သူတို့ထိန်းချုပ်တဲ့ မီဒီယာတွေကနေ ပြောဆိုခဲ့တာပါ။ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ကလည်း အချက်အလက်မှားယွင်းပြီး သတင်းထုတ်ပြန်ခဲ့မိတဲ့အကြောင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်တွေဆီ ဝန်ခံခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ပဲခူးမြို့က ကျောင်းတိုက် ၁၁ ခုထဲမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပါဝင်ခဲ့သလို စစ်ကောင်စီတပ်က အရပ်သားတွေကို သတ်ဖြတ်မီးရှို့တာနဲ့ပတ်သက်ပြီး စိတ်မကောင်းကြောင်း အမြဲပြောလေ့ရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ တတိယနေ့ ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဝင်းနိမ္မိတာရုံကျောင်းတိုက်)
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ တတိယနေ့ ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဝင်းနိမ္မိတာရုံကျောင်းတိုက်)

ဒီလိုဆရာတော်ကို စစ်ကောင်စီ သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ဘာသာပေါင်းစုံညီ ညွတ်ရေးအဖွဲ့က ဆရာတော် ဦးဝါယမကတော့ အခုလို မိန့်ပါတယ်။

"ဒီလိုလုပ်ဆောင်ချက်သည် ဦးဇင်းတွေ့ရတဲ့အချက်ကတော့ ဆရာတော်ကြီးရဲ့ အာဏာသိမ်းတာကို လက်မခံကြောင်း လက်မှတ်ထိုးတာ၊ တိုင်းပြည်မှာ ဒီလိုမီးရှို့သတ်ဖြတ်တာတွေကို စိတ်မချမ်းမြေ့တာကို ပြောခဲ့တဲ့အရာတွေကို ထောက်ပြီးတော့ ဘုန်းကြီးတွေကို ၂၀၀၇ ရွှေဝါရောင်လို ထလာရင်တော့ ဒီကောင်တွေ အာဏာကို လက်လွှတ်ရတော့မှာ ဒီလိုဆရာတော် သံဃာတော်တွေကို ၂၀၀၇ ရွှေဝါရောင်လို လုပ်လာရင်လည်း တိုင်းပြည်က လက်မခံဘဲ ပိုမိုဆိုးဝါးလာမှာကို ဒီကောင်တွေက မြင်တဲ့အတွက်ကြောင့် ကြိုတင်ပြီးတော့ ဒီလိုလုပ်ထားတဲ့ ဆရာတော်ကိုပဲ ပစ်မှတ်ထားပြီး လုပ်ပြလိုက်တယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ သာသနာကိုရော၊ တိုင်းပြည်ကိုရော သူအာဏာရပ်တည်ရေးအတွက် ပစ်သတ်ခြင်းဖြစ်တယ်"

စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွေရဲ့ အဓိပတိဆရာတော် ဒေါက်တာဉာဏိဿရကတော့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ ဇွန်လ ၂၂ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို ကြွရောက်မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ရှင်မဟာမောဂ္ဂလာန်ကို ရာဇဂြိုဟ်ပြည်မှာ လူဆိုး ၅၀၀ ဝိုင်းရိုက်တာတောင် ဘာပဋိပက္ခ မဖြစ်ခဲ့ဘဲ အေးချမ်းစွာ ရုပ်အလောင်း သဂြိုလ်တဲ့ကိစ္စပြီးသွားတယ်လို့ ဥပမာပေးပြီး မိန့်ကြားခဲ့ပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ စတုတ္ထနေ့ ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဝင်းနိမ္မိတာရုံကျောင်းတိုက်)
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ စတုတ္ထနေ့ ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဝင်းနိမ္မိတာရုံကျောင်းတိုက်)

သီတဂူဆရာတော်မိန့်ကြားချက်ဟာ ဘုရားတရားတော်နဲ့ လွဲနေပြီး အာဏာရှင်အကြိုက် ပြောဆိုခဲ့တာလို့ ဆရာတော် ဦးဝါယမက မိန့်ပါတယ်။

"ရှင်မဟာမောဂ္ဂလာန် ရိုက်သတ်ခဲ့တဲ့သူတွေကိုလည်း ဥပဒေအရ အရေးယူခြင်း၊ ဖမ်းဆီးထောင်ချတာ၊ သူခေတ်နဲ့သူ ကွပ်မျက်တာတွေ လုပ်ခဲ့တယ်၊ ခိုင်းစေတဲ့သူအထိပါ လုပ်ခဲ့တယ်ဆိုတာ သမိုင်းကိုသိတဲ့ ဒီဘုန်းကြီး သီတဂူ သိပါတယ်။ သို့သော်လည်းပဲ ဒါကိုသမိုင်းဖျောက်ပြီး ရှင်မဟာမောဂ္ဂလာန်တုန်းကတောင် ရဟန်းတွေက ဒီလိုနေခဲ့တာ၊ နေခဲ့တာပေါ့ အဲတုန်းက ဟိုက ဥပဒေအရ အရေးယူတာကို၊ ဒီမှာကျ ဥပဒေအရအရေးယူဖို့ မပြောဘဲနဲ့ မတရားလုပ်တာကို ရပ်တန့်ဖို့ မပြောဘဲနဲ့ မတရားအသတ်ခံရတဲ့ ဘုန်းကြီးတွေကပဲ ရဟန်းသံဃာတွေကပဲ တစ်ခုခုလုပ်တော့မလိုလို အာဏာလုဘက်ကလိုက်ပြီးတော့ ဒီလိုပြောဆိုနေတဲ့ အရာသည် ဗုဒ္ဓရဲ့ ဓမ္မလည်းမဟုတ်သလို ထုတ်ဆောင်တာသည် အာဏာရူးဘက်က ထုတ်ဆောင်ပြီးတော့ နောင်အစဉ်အဆက် ဘယ်ဘုန်းကြီးသတ်သတ်၊ ဘယ်ဘာသာဝင်သတ်သတ် ခွင့်လွှတ်ကြ၊ သည်းခံကြဆိုပြီးတော့ အာဏာရှင်ဆရာလုပ်ဖို့အတွက် စကားလုံးကို အာဏာရူးဘက်က ထွက်ပြောပေးခြင်းဖြစ်တယ်၊ တရားမျှတမှု မဟုတ်ဘူး"

ဆရာတော် ဉာဏိဿရရဲ့ တပည့်ရင်းတွေထဲက သီတဂူစတားဆရာတော် ဒေါက်တာ ကောဝိဒသီရိကလည်း ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အပေါ် ဝမ်းနည်းမဆုံးဖြစ်ရကြောင်း၊ အဖြစ်မှန်ကို တာဝန်ယူလိုစိတ်၊ သူတော်ကောင်းစိတ်မွေး ဝန်ခံပြီး သံဃာတွေကို တောင်းပန်သင့်ကြောင်း ဇွန်လ ၂၀ ရက်နေ့က လူမှုကွန်ရက်ကတစ်ဆင့် မိန့်ကြားတောင်းဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုတဲ့အထဲမှာတော့ စုံစမ်းစစ်ဆေးဖို့သာ ပါဝင်ပြီး တောင်းပန်ဖို့ဆိုတာ မပါဝင်ခဲ့ပါဘူး။ ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ်နဲ့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)အပါအဝင် သံဃာအဖွဲ့အစည်းတချို့ကတော့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယက ဆရာတော် ပျံလွန်တော်မူတဲ့အပေါ် ဝမ်းနည်းကြောင်း စာတွေထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။