ဘန်ကောက်မှာ မြန်မာတွေကို ဖမ်းဆီးစစ်ဆေးမှု များလာ
2024.06.17
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကနေပါ ဝင်ရောက်လာသူတွေ များနေတာကြောင့် ဘန်ကောက်မြို့မှာ အရင်ကထက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာတာလို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောကြပါတယ်။
မြန်မာတွေ အများစုနေတဲ့နေရာတွေမှာ မေလကုန်လောက်ကစပြီး အစစ်အဆေးတွေ များနေတာကြောင့် နေ့စဥ် ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ အလုပ်သမား မဟာမိတ်အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
“အခုနေရာတိုင်းမှာ တရားမဝင် အလုပ်သမားတွေ အများစုအဖမ်းခံနေရတယ်။ လက်ရှိ မြန်မာပြည်သား များတဲ့နေရာပေါ့။ အရင်ထက် ပိုဆိုးလာတာကတော့ ဘန်ဘောတို့၊ ပတူနမ်တို့ အဲဒီဘက်တွေမှာ တော်တော်များများ အဖမ်းခံရတယ်။ ငါးလပိုင်းအကုန် တော်တော်လေး စဖမ်းလာတာကို တွေ့ရတယ်”
ဇွန် ၅ ရက်နေ့က ဘန်ကောက်မြို့က ဘန်ဘောစျေးထဲကို ထိုင်းအာဏာပိုင်အဖွဲ့စုံ ဝင်ရောက်စစ်ဆေးပြီးနောက် မြန်မာအလုပ်သမား သုံးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စာရွက်စာတမ်း အထောက်အထားရှိပေမဲ့ သတ်မှတ်ထားတဲ့ စည်းမျဥ်းနဲ့ မကိုက်ညီသူတချို့ကို တရားရုံးက ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိပါတယ်။
“ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံ နေရာစုံမှာ အထောက်အထားမဲ့ နေထိုင်တဲ့မြန်မာနိုင်ငံသား လေးထောင်နီးပါး ဖမ်းဆီးခံထားရပါတယ်”
အထောက်အထား မရှိသူတွေကိုတော့ မြန်မာပြည်ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေ စီစဥ်နေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဘန်ကောက်မြို့အနီးက မြန်မာအလုပ်သမားတွေ အများအပြားနေထိုင်တဲ့ ဆာမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာလည်း တရားမဝင် နေထိုင်နေသူတွေ နေ့စဥ်လိုလို ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝဏ္ဏက ပြောပါတယ်။
“အရင်နှစ်တွေက စျေးသွားစျေးလာဆိုရင်လည်း အေးအေးဆေးဆေးပဲ။ အခု တချို့နေရာတွေမှာ တွေ့တာနဲ့ ဖမ်းစစ်လိုက်တာမျိုး။ အရင်တုန်းကဆိုရင် တော်ရုံမစစ်သေးဘူး။ အခုဆိုရင် လူတွေ့တာနဲ့ စစ်ဆေးတာမျိုးတွေ လုပ်တယ်။ အမြဲတမ်းလိုလို ပုလိပ် စစ်နေတဲ့သဘောရှိတယ်”
မြန်မာတွေ အသွားအလာများတဲ့ ကုန်တိုက်ရှေ့ကားမှတ်တိုင်တွေ၊ စျေးအရှေ့မျက်နှာစာ အဝင်အထွက် လမ်းတွေမှာ အရင်ကထက် စစ်ဆေးမေးမြန်းနေပြီး တစ်နေ့ကို အယောက်နှစ်ဆယ်နီးပါး ဖမ်းဆီးခံနေရတယ်လို့ သူကဆိုပါတယ်။
ထိုင်းရဲတချို့က အဖမ်းခံရသူတွေဆီကနေ ငွေတောင်းပြီး ပြန်လွှတ်တာတွေလည်း ရှိတယ်လို့ ပတူနမ်မှာနေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
“ပတူနမ်ဘက်မှာတော့ မြန်မာရုပ်ပေါက်နေရင် ရဲတွေ ခေါ်ခေါ်စစ်တာ တွေ့တယ်။ မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြီးနောက် ပတူနမ်တစ်ဝိုက်မှာ မြန်မာတွေ သိသိသာသာကို များလာတယ်။ အဖမ်းအဆီးလည်း များတယ်။ ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းနှစ်ယောက် ဖမ်းမိတာတော့ တစ်ယောက်ကို ပထမ (ဘတ်) တစ်သောင်း တောင်းတယ်။ ပြီးတော့ စကားပြန်နဲ့ညှိပြီးတော့ တစ်ယောက် (ဘတ်) ငါးထောင်နဲ့ ပြီးသွားတယ်”
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ရမယ့် ပန်းရောင်ကတ်ကို မကြာခင်ထုတ်ပေးမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာလည်း နိုင်ငံခြားသား အလုပ်သမား အများစုရှိတဲ့ လုပ်ငန်းခွင်တွေနဲ့ နေရာတွေကို ဝင်ရောက်ဖမ်းဆီးတာတွေလည်း ပိုစိပ်လာတယ်လို့ ဆိုကြပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ မေလအတွင်း ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံ နေရာစုံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာနိုင်ငံသား လေးထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ခန့်မှန်းကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးတို့ကို ဇွန် ၁၃ ရက်နေ့က RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဇွန် ၁၇ ရက်နေ့ ညအထိ အကြောင်းမပြန်ပါဘူး။
အလုပ်သမားအရေး ကူညီနေသူတွေကတော့ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေမလိုအပ်ဘဲ အပြင်မသွားဖို့၊ မကြာခင် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရမယ့် ပန်းရောင်ကတ်လုပ်ပေးချိန်မှာ မဖြစ်မနေလုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။