ရခိုင်တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း အရပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဇွန်လကနေ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ အခုဆိုရင် ငါးလကြာမြင့်ခဲ့ပါပြီ။ ဒီငါးလတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂၀၀ ကျော် ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က RFA ကိုပြောပါတယ်။
အဲဒီထဲက လူပေါင်း ၁၀၀ ကျော် ပြန်လွတ်လာခဲ့ပေမယ့် ကျန် ၁၀၀ ဝန်းကျင်ကတော့ ဒီနေ့အထိ ဖမ်းဆီးခံထားရဆဲလို့လည်း ဆိုပါတယ်။
အဖမ်းခံထားရတဲ့သူတွေဟာ အရပ်သားတွေဖြစ်ပြီး စစ်ကောင်စီတပ်ဟာ တော်လှန်ရေးကို ပြည်သူတွေ မထောက်ခံရဲအောင်၊ အကြောက်တရားရအောင် လုပ်ဆောင်နေတာလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
"စစ်ကောင်စီတပ်ကနေပြီးတော့ ရခိုင်ပြည်အနှံ့မှာ ဖမ်းဆီးနေတာက အပြစ်မဲ့ ရခိုင် ပြည်သူတွေ ဖြစ်တယ်။ သူတို့ဟာ လက်နက်ကိုင်အချင်းချင်းတိုက်မယ်ဆိုတာထက် ပြည်သူကိုဦးတည်ပြီးတော့ တိုက်ခိုက်နေတာလို့ ပြောလို့ရတာပေါ့။ အဲဒီလို ဘာကြောင့် တိုက်ခိုက်လဲဆိုလို့ရှိရင် ပြည်သူတွေကို စိတ်ဓာတ်ရေးရာတွေ ပျက်ပြားသွားအောင်၊ အကြောက်တရားတွေ လွှမ်းမိုးသွားအောင် တော်လှန်ရေးကို မထောက်ခံရဲအောင် ပေါ့နော်။ ဒါတွေကို စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျကို လုပ်နေတာဗျ"
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီးတွေသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ဖြတ်တောက်တာတွေ လုပ်ဆောင်နေပြီး ဒါဟာ လူသားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေပုဒ်မ - ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) တို့နဲ့ အမှုဖွင့်ခံရတာတွေရှိသလို အခုအချိန်ထိ သတင်း အစအနမရဘဲ ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (၂) မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ညက ဖမ်းဆီး ခံလိုက်ရတဲ့ ဒေသခံ ခုနစ်ဦးဟာလည်း ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရသူ ဦးအောင်သန်းဝင်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"အခုအချိန်အထိ သတင်းလည်း ဘာမှမကြားရဘူး။ စုံစမ်းလို့လည်း ဘာတစ်ခုမှ အခြေအနေမထူးဘူးဆိုတော့ စိုးရိမ်တာပေါ့။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ ကံတရားကိုပဲ အားကိုးရတော့မယ့် အခြေအနေဖြစ်နေပြီ"

အောက်တိုဘာ ၁၃ ရက်နေ့ ညက စက်ရုံစုရပ်ကွက် (၂) ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကျော် အပါအဝင် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်နိုင်၊ ဦးမောင်သန်းဌေး၊ ဦးထွန်းဝင်းနိုင်နဲ့ အခြား ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ဒေသခံ နှစ်ဦး၊ စုစုပေါင်း ခုနစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၃၀ ကျော်က ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ အောက်တိုဘာ ၂၃ ရက်နေ့က ဘူးသီးတောင်မြို့မဈေးမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၂၀ လောက်ဟာလည်း ဒီနေ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါ တယ်။
အဲဒီနေ့က စစ်ကောင်စီ တပ်သား ၂၀ ကျော်လောက်နဲ့ မြို့မဈေးရဲ့ လမ်းနှစ်ဖက်စလုံးကို ပိတ်ဆို့ပြီး စစ်ကားပေါ် ဆွဲတင်သွားတာလို့ ဖမ်းဆီးခံရသူ ဦးညီညီစိုးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"ကျနော့်မှာ သမက်တစ်ယောက် ဘူးသီးတောင်မှာ အဖမ်းခံနေရပါတယ်။ စစ်သားတွေ က လမ်းကို ဟိုဘက်ဒီဘက်ပိတ်ပြီး ကားပေါ်ဆွဲတင်သွားတာ။ ပြီးတော့ ချက်ချင်း မောင်းသွားတာ။ ဘူးသီးတောင် ဗျူဟာထဲကို ယူသွားတယ်ပြောတယ်။ ဘုတ်သမားတွေ၊ သုံးဘီးသမားတွေလည်း ပါသွားတယ်"
သူတို့ကို ဘူးသီးတောင်မြို့အခြေစိုက် စစ်ဗျူဟာဌာနချုပ်ကို ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့အထိ အဆက်အသွယ် မရတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
"ဒါက လူ့အခွင့်အရေး ချိုးဖောက်ရုံမဟုတ်တော့ဘူး။ ဒီကိစ္စက လူမျိုးတုံးသတ်ဖြတ်မှု လမ်းကြောင်းပေါ် ရောက်လာနေပြီ"
ဝါရင့် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်ဟာ ရခိုင်မှာ အရပ်သားတွေကို ဖမ်းဆီးရုံမက ပြည်သူတွေရဲ့ နိစ္စဓူဝလှုပ်ရှားမှုတွေ၊ ဆေးဝါးတွေကိုပါ ပိတ်ပင်ထားတာဟာ လူမျိုးတုံး သတ်ဖြတ်မှု လမ်းကြောင်းပေါ် ရောက်လာနေတာလို့ ပြောပါတယ်။
"အရပ်သားတွေကို ဖမ်းဆီးတာတစ်ခုတည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ နေ့စဉ်လှုပ်ရှားမှု တွေကို ဟိုမသွားရ၊ ဒီမသွားရ၊ ကန့်သတ်ထားတာ၊ ပိတ်ပင်ထားတာတွေရှိတယ်။ တစ်ဖက်မှာ ကုန်စည်စီးဆင်းမှုကို ပြတ်တောက်သွားအောင်၊ အဆုံးကတော့ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းတွေကို ဖြတ်တောက်ထားတာတွေရှိတယ်။ အခုလူကို ဖမ်းလာတယ်ဆိုတာကလည်း အကြောင်းတစ်ခုပေါ့။ အကုန်လုံးကို ခြုံကြည့်လိုက်ရင် ဒါက လူ့အခွင့်အရေး ချိုးဖောက်ရုံမဟုတ်တော့ဘူး။ ဒီကိစ္စက လူမျိုးတုံးသတ်ဖြတ်မှု လမ်းကြောင်းပေါ် ရောက်လာနေပြီ"
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေ ဖမ်းဆီးခံ ထားရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်း လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ သံတွဲ၊ တောင်ကုတ်၊ အမ်း စတဲ့မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီး သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကို ငွေကြေးကောက်ခံ ထောက်ပံ့တာ၊ စစ်တပ်၊ ရဲနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့တာတွေအတွက် ထွေအုပ်ဝန်ထမ်းနှစ်ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁) အပြင် ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) တို့နဲ့ ဖမ်းဆီးအမှုဖွင့်တာဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း ပုဒ်မ - ၁၇(၁) နဲ့ပဲ ဖမ်းဆီး အမှုဖွင့်တယ်လို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့သတင်းမှာ ဖော်ပြထားပါတယ်။