လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် နှစ်လအတွင်း ၅ဝ ကျော် သေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရ

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်ကနေ စက်တင်ဘာလ ၃ဝ ရက်အထိ နှစ်လအတွင်း မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၅၁ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၂၂ ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ကိုးဦးနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေး ၁၂ ဦး ပါဝင်ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ကျေးရွာအနီးတစ်ဝိုက် လယ်တောနဲ့ စစ်ဘေး ဒုက္ခသည်စခန်းအနီးက တောင်ယာတွေမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှု တွေကြောင့် အခုလို အရပ်သားတွေ သေဆုံးထိခိုက်ခဲ့ကြတာပါ။
RFA ရဲ့ လေ့လာတွေ့ရှိချက်အရ သြဂုတ်လမှာ ၂၁ ဦး သေဆုံးပြီး၊ ၄၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာလမှာ အရပ်သား ၃ဝ ဦး သေဆုံးပြီး၊ ၇၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ဒါကိုကြည့်ရင် ပြီးခဲ့တဲ့ ဩဂုတ်လထက် စက်တင်ဘာလမှာ ပဋိပက္ခတွေ ပိုများလာတာ တွေ့ရပါတယ်။
ဒီစာရင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ငယ်ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးထိခိုက်သူတွေ မပါဝင်ပါဘူး။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဂရာရွာမှာ စက်တင်ဘာ ၂၅ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကိုကျပြီး အသက် ခုနစ်နှစ်အရွယ် မောင်ကြီး ဆိုတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဦးလေးဖြစ်သူက ပြောပါတယ်။
"ညဘက် ၁၁ နာရီအချိန်လောက်မှာ စစ်အာဏာရှင်အစိုးရဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နဂရာ ကျေးရွာမှာရှိတဲ့ ရွာအလယ်မှာရှိတဲ့နေအိမ်ကို လာရောက် ထိမှန်တယ်။ ခေါင်မိုးပေါ်ကနေ စပွင့်တယ်။ အဲဒီအိမ်အောက်မှာနေတဲ့ ဦးကျော်မောင်ရဲ့ သားရဲ့ ဘယ်ဘက်လက်အောက်မှာ ကျည်စတစ်ခု ထိတယ်။ အဲလိုထိတဲ့အတွက်ကြောင့် သူက ပွဲချင်းပြီး သေဆုံးသွားတယ်"
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာပြီး လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်သူဦးရေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း ရခိုင်ပြည်နယ်မှာပဲ အရပ်သား ရှစ်ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတွေဟာလည်း ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ ဒီဒေသ လေးခုမှာဆိုရင် ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း အရပ်သား ၄ဝ ဦး သေဆုံးပြီး ၉၅ ဦး ဒဏ်ရာရရှိခဲ့တာပါ။ ဒီအရေအတွက်ဟာ နိုင်ငံတစ်ဝန်း လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်းကြောင့် စုစုပေါင်း သေဆုံးထိခိုက်သူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်း နီးပါးအထိ ရှိနေပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်ရယ်လို့ အတိအကျမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်တတ်သလို လူနေခြံဝန်းတွေထဲအထိ မြေမြှုပ်မိုင်းတွေ ထောင်လေ့ရှိတာကြောင့် ကယားပြည်နယ်မှာလည်း သေဆုံးထိခိုက်မှုတွေ များလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
"အစပိုင်းက စစ်ကောင်စီက သူတို့နေတဲ့ စခန်းနေရာလောက်ပဲ မိုင်းတွေထောင်လေ့ ရှိတယ်။ အခုနောက်ပိုင်း စစ်ကောင်စီက သူတို့သွားလေရာအရပ်မှာ မိုင်းတွေကို အထပ်လိုက်၊ အထပ်လိုက် ခင်းတဲ့ ပြဿနာကို ကျွန်တော်တို့ သွားတွေ့ရတယ်။ ဒါက လူထုတွေကို ပစ်မှတ်ထားတာပဲ။ ဥပမာအားဖြင့် အိမ်လှေကားတွေနားမှာ၊ ခြံဝန်းထဲမှာ၊ ခြံထောင့်တွေမှာ ၊ အိမ်သွားတဲ့လမ်းတွေပေါ်မှာ ထောင်တာကို ကျွန်တော်တို့ တွေ့ရတယ်။ လက်နက်ကြီးနဲ့ ပတ်သက်လာရင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့ ဧရိယာ၊ သို့တည်းမဟုတ် တိုက်ပွဲဖြစ်ပြီးတဲ့ ဧရိယာကို ရမ်းပြီးတော့မှ ပစ်လေ့ပစ်ထ ရှိတယ်။ ပစ်မှတ်ထားတဲ့ဧရိယာ အသေအချာမရှိဘူး။ စုပြုံပြီးတော့မှ ပစ်တဲ့အတွက် ကြောင့် နီးစပ်ရာရွာတွေကို ကျပေါက်ကွဲတဲ့အတွက်ကြောင့် ထိခိုက်တာတွေ့ရတယ်"
စစ်ကောင်စီတပ်သာမက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဘက်ကလည်း လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းအသုံးပြုတာ တွေ့ရပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတဲ့ Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက သူတို့ဘက်ကတော့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှု မရှိအောင် ဂရုစိုက် ဆောင်ရွက်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ Cobra စစ်ကြောင်းဘက်ကတော့ လက်နက်ကြီးပစ်ခတ်တဲ့နေရာမှာ တိကျသေချာစွာနဲ့ ပစ်ခတ်တယ်။ မြေမြှုပ်မိုင်းတွေကိုလည်း ကျွန်တော်တို့ အသုံးပြုခြင်းမရှိဘူး။ ပြည်သူလူထုကို အန္တရာယ်မရှိစေတဲ့ မိုင်းတွေကိုပဲ အသုံးပြုတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရတာမရှိပါဘူး"
အရပ်သား ထိခိုက်သေဆုံးမှုရှိတယ်ဆိုရင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ် မှာပဲ တာဝန်ရှိတယ်လို့ သူက စွပ်စွဲပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ အခုနှစ် မေလတုန်းကတော့ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးနဲ့ တိုက်ခိုက်တာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုခဲ့ဖူးပါတယ်။
စစ်တပ်အနေနဲ့ မြေမြှုပ်မိုင်းတွေကို စစ်စခန်းတွေအနီးမှာသာ မြှုပ်လေ့ရှိပြီး ရွာတွေအနီးနဲ့ လူသွားလမ်းတွေပေါ်မှာ PDF တွေကပဲ စည်းကမ်းမဲ့ ထောင်လေ့ရှိတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြန်လည်စွပ်စွဲခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကတော့ ဘယ်သူပဲလုပ်လုပ် အရပ်သားထိခိုက်မှုတွေ ရှိလာရင် ထိရောက်တဲ့ အရေးယူမှုတွေ ရှိသင့်တယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။
"အရပ်သားနဲ့ ပတ်သက်ပြီးတော့ ချိုးဖောက်မှုတွေ ဖြစ်လာတဲ့အခါမှာ ထိရောက်တဲ့ အရေးယူမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်ရတယ်။ ပဋိပက္ခတွေရှိပြီဆိုရင် အရပ်သားနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ၊ ချိုးဖောက်မှုတွေကတော့ နောက်ဆက်တွဲ ပါလာတာပဲ။ ဒါပေမဲ့ ဒီလိုချိုးဖောက်မှုတွေရှိရင် ဒါတွေကို စနစ်တကျ စုံစမ်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်တယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေ ရှိဖို့လိုတယ်။ ဒါတွေ အားနည်းတယ်ဆိုရင် အရပ်သားနဲ့သက်ဆိုင်တဲ့ ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်နေနိုင်ပါတယ်"
MIPS က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းထားတဲ့ လ ၂ဝ နီးပါး ကာလအတွင်း မြန်မာနိုင်ငံမှာ အရပ်သားတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုဟာ ဆိုးဆိုးဝါးဝါးဖြစ်လာပြီး ပစ်မှတ်ထားသတ်ဖြတ်မှု၊ ပစ်ခတ်ဖြိုခွင်းမှု၊ နှိပ်စက်သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီး ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၄,၃၉၈ ဦး သေဆုံးခဲ့တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
"ပဋိပက္ခတွေရှိပြီဆိုရင် အရပ်သားနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ၊ ချိုးဖောက်မှုတွေကတော့ နောက်ဆက်တွဲ ပါလာတာပဲ"
ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF နဲ့ UNHCR တို့ကို RFA က အီးမေးလ်ကတစ်ဆင့် တစ်ပတ်လုံးလုံး ဆက်သွယ်မေးမြန်းထားပေမယ့် အခုချိန်ထိ အကြောင်းမပြန်သေးပါဘူး။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကတော့ မြန်မာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေကို အလွန်အကျွံအသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ အခုနှစ် ဇူလိုင်လက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ M-14 နဲ့ MM-2 အမျိုးအစား မြေမြှုပ်မိုင်းတွေကို အများဆုံး အသုံးပြုတယ်လို့ ဆိုပါတယ်။
M-14 နဲ့ MM-2 မြေမြှုပ်မိုင်း နှစ်မျိုးစလုံးဟာ လူကိုသေကြေ ဒဏ်ရာရအောင် ရည်ရွယ်ချက် ရှိရှိ ထုတ်လုပ်ထားတဲ့ မြေမြှုပ်မိုင်း အမျိုးအစားတွေဖြစ်တာကြောင့် လုံးဝ အသုံးမပြုဖို့ ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာ သဘောတူညီစာချုပ်နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေအရ ပိတ်ပင်တားမြစ်ထားတယ်လို့ AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။