မောင်တောနဲ့ ရသေ့တောင်က ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး
2020.07.16
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဆားငံချောင်းကျေးရွာနဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလိန်၊ ကိုးတန်ကောက်ရွာ တွေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်၁၄ ရက်နေ့မှာ ရွာသားတစ်ယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့ တယ်လို့ ရွာသားတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစလို့ မနေ့ကအထိ အနီးအနားကျေးရွာတွေကနေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူ ပေါင်း သုံးထောင်ကျော်လောက်ရှိတယ်လို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေသူတွေကပြောပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ချိန်ခါလိန်၊ ကိုးတန်ကောက်ရွာသစ်၊ ဆင်ပိုက်၊ ဒုံးပိုက်၊ ကုန်တန်း စတဲ့ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ခန့်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခဲ့ကြရပြီး မနေ့ကလည်း မောင်တောမြို့နယ် အောင်သုခကျေးရွာက ကျေးရွာသား ၈၀ ကျော်ဟာ စစ်တွေမြို့ကို ထွက်ပြေးလာကြပါတယ်။
တပ်မတော်စစ်ကြောင်းက မကြာခဏ ရွာကနေဖြတ်သွားတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာတာ ဖြစ်တယ်လို့ မနေ့က အောင်သုခကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒေါ် အေးလှိုင်ချေ က ပြောပါတယ်။
“နေရတဲ့နေရာ ဟိုဘက်မှာလည်း နယ်ခြားစောင့်စခန်း၊ ဒီဘက်မှာလည်း နယ်ခြားစောင့်စခန်း အလယ်မှာ ကျွန်မတို့ရွာ။ စစ်ကြောင်းကလည်း နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ကျွန်မတို့ရွာရှေ့ကဖြတ်သွားတယ်။ သူတို့က လူမဆန်ဘူး။ စစ်ကြောင်းက ရွာထဲကိုဝင်လို့ ဒိုင်း ဒိုင်း ပစ်ရင် သေသွားမယ်။ ကျွန်မတို့မှာက လက်နက်လည်းမရှိဘူး။ ထမင်းတစ်ဆုပ်ကိုတောင် ဖြစ်သလိုရှာပြီး စားနေရတာ။ အဲဒါကိုကြောက်လို့ ကျွန်မတို့ပြေးလာတာပါ”
သူတို့ထွက်ပြေးလာတဲ့အခါ နယ်ခြားစောင့်ရဲတပ်က အရာရှိတစ်ယောက်က ထွက်သွားရင်ပြန်မလာရတော့ဘူး၊ အိမ်တွေကိုလည်းဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာမှာကျန်ခဲ့တဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အောင်သုခကျေးရွာသူ ဒေါ်မခိုင်ဝင်း ဟာလည်း တပ်မတော်စစ်ကြောင်း ရွာထဲကိုဝင်လာပြီး ရွာသားတွေကို နှိပ်စက်မှာကြောက်လို့ ထွက်ပြေးလာတာ လို့ဆိုပါတယ်။
“ကြောက်ရမှာပေါ့။ ကျွန်မတို့က သမီးအပျို သားလူပျိုနဲ့နေတာ။ သူတို့မှာ အချင်းချင်းတိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်မတို့နဲ့မဆိုင်ဘူး။ အခုက ရွာထဲကိုဝင်လာရင် ရွာသားတွေကိုနှိပ်စက်မယ်၊ အမျိုးဒုက္ခပေးမယ် အဲဒါတွေကိုကြောက်လို့ ကျွန်မတို့လည်း ထွက်ပြေးလာတာပါ”
စစ်တွေမြို့ကို ထွက်ပြေးလာတဲ့ အောင်သုခကျေးရွာက ဒေါ်ခိုင်သန်းအေး ဟာလည်း ရွာမှာကျန်လိုက်တဲ့ အမျိုးသားဖြစ်သူကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
“တနင်္ဂနွေနေ့က ကျွန်မတို့ရွာနားက ဆားငံချောင်းကျေးရွာနားမှာ စစ်ဖြစ်ပါတယ်။ မိုးလင်းတာနဲ့ ကြောက် အားတကြီးနဲ့ ကလေးနှစ်ယောက်ကိုခေါပြီး ရွာကနေထွက်ပြေးလာတယ်။ ရွာမှာကျန်တဲ့ အမျိုးသားအတွက် လည်း စိုးရိမ်တယ်။ ရွာကတာဝန်ခံတွေက ကျွန်မအိမ်ရှင်ကို ထွက်မသွားရဘူးလို့ ပြောတယ်တဲ့။ ထွက်သွားရင် အိမ်ကိုသိမ်းမယ် ပြန်လည်းမလာရတော့ဘူးလို့လည်း ပြောတယ်လို့ဖုန်းနဲ့ လှမ်းပြောတယ်”
အိုးအိမ်စွန့်ခွာထွက်ပြေးလာကြတဲ့ ဒုက္ခသည်အရေး အကူအညီတွေပေးနေတဲ့ ကိုကျော်မင်းခိုင်က အခုလို ထွက်ပြေးနေကြတဲ့ဒုက္ခသည်ဟာ သုံးထောင်ကျော်လောက်ရှိတယ်လို့ပြောပါတယ်။
“အခုပြေးတာက မောင်တောဘက်ကို ပြေးတဲ့သူတွေရှိတယ်။ ရသေ့တောင်ကိုပြေးတဲ့သူရှိတယ်။ ဘူးသီး တောင်ဘက် ပြေးတဲ့သူတွေရှိတယ်။ စစ်တွေကို ပြေးလာတဲ့သူတွေရှိတယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်လောက်က ထွက်ပြေးနေတဲ့ အနေအထားမှာရှိတယ်။ ဒီနေ့လည်း နောက်ထပ်လာမယ့်သူတွေရှိတယ်။ မနက်ဖြန်လည်းလာမယ့်သူတွေရှိတယ်ပေါ့နော်။ တိုက်ပွဲဖြစ်ပြီးတော့ အကုန်ပြန့်ပြီးတော့ ပြေးတဲ့သူတွေက စုတဲ့သဘောဖြစ်နေတယ်လေ။ ပြေးသွားတဲ့လူတွေကတော့ အောင်သုခ ပါမယ် ပြီးရင် ကိုးတန်ကောက်၊ ချိန်ခါလိန်ပေါ့နော်။ အဲဒီဒေသက ထွက်ပြေးလာတဲ့သူတွေ ဖြစ်တယ်”
ရခိုင့်တပ်တော် AA ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဇူလိုင်လ ၁၃ နဲ့ ၁၄ ရက်တွေက ချိန်ခါလီရွာမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး ရွာသားတဦးကို စစ်တပ်ကပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ပြောပါတယ်။ ဒီနေ့မနက်မှာလည်း ရသေ့တောင်မြို့နယ် ကျောက်တန်းရွာဘက်မှာ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်နေပြီး ခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်နဲ့ အစိုးရတပ်က အင်အားထပ်ဖြည့်ထားတဲ့အတွက် အဲဒီဘက်မှာ တိုက်ပွဲတွေ ထပ်ဖြစ်နိုင်ခြေလည်းရှိတယ်လို့ ဆိုပါတယ်။ AA ဘက်က သြဂုတ်လကုန်ထိ အပစ်အခတ်ရပ်ထားမယ်လို့ ကြေညာထားပေမဲ့ အစိုးရတပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဆက်ဖြစ်နေတာလို့လည်း ခိုင်သုခက ပြော ပါတယ်။
ခိုင်သုခနဲ့ ရွာသားတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကဆက်သွယ်နေပေမဲ့ အခုချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။
စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ ဘုန်းတော်ကြီးကျောင်းအသီးသီးမှာ နေရာချထား ပေးပြီး အလှူရှင်တွေရဲ့ စားနပ်ရိက္ခာတွေအတွက်ကို အလှူရှင်တွေက အကူအညီပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတဲ့ အရပ်သားအရေအတွက်ဟာလည်း နေ့စဉ်နဲ့အမျှတိုးနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ရသေ့တောင်မြို့နယ်အတွင်း ကျောက်တန်းကျေးရွာတဝိုက်မှာ နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုပြီး အစိုးရက ဒေသခံတွေကို ခေတ္တရှောင်ပေးဖို့ ထုတ်ပြန်ချက်ထုတ်ခဲ့တုန်းကလည်း ဒေသခံ နှစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
ရခိုင်တိုက်ပွဲကာလအတွင်းမှာ ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် နှစ်သိန်း နီးပါးအထိရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။