ကြားဖြတ်ရွေးကောက်ပွဲ သုံးသပ်ချက်
2018.11.05

ကြားဖြတ်ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုနည်းခဲ့ပြီး မဲပေးသူအရေအတွက်ဟာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်ထက် ထက်ဝက်ကျော်လောက် နည်းပါးခဲ့တယ်လို့ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုင်းနဲ့ ပြည်နယ် ၉ ခုက လစ်လပ်မဲဆန္ဒနယ် ၁၃ ခုနေရာအတွက် မဲပေးခွင့်ရှိသူ ၉သိန်းကျော် ရှိပါတယ်။
အဲဒီထဲမှာ မဲပေးခွင့်ရှိသူ သုံးသိန်း တစ်သောင်းကျော်ရှိတဲ့ မန္တလေးတိုင်းအတွင်းက ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲလာပေးသူဟာ တစ်သိန်းကျော်သာ ရှိတဲ့အတွက် သုံးပုံ တစ်ပုံလောက်က မဲပေးခဲ့တဲ့ အနေအထားဖြစ်နေပါတယ်။
လစ်လပ်မဲဆန္ဒနယ်အားလုံးကို ခြုံကြည့်မယ်ဆိုရင် မဲပေးခွင့်ရှိသူတွေရဲ့ ထက်ဝက်လောက်သာ မဲလာပေးကြတယ် လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။
မဲပေးသူနည်းရတဲ့ အကြောင်းအရင်းတွေထဲမှာ နိုဝင်ဘာ ၃ ရက်နေ့ စနေနေ့ဟာ အစိုးရ ရုံးပိတ်ရက်ဖြစ်ပေမယ့် ပုဂ္ဂလိကလုပ်ငန်းအများစု မပိတ်ကြတဲ့အတွက်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။ ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု နည်းတာကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က လက်ရှိအစိုးရအပေါ် ပြည်သူတွေရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ လက်တွေ့ဖြစ်မလာတဲ့အခါ စိတ်ပျက်မှုတွေကြောင့် ဆန္ဒမဲပေးသူ နည်းလာတာလို့ သုံးသပ်ပါတယ်။
"မဲဆန္ဒရှင်တွေလာပြီးတော့ မဲပေးတာနည်းတယ်ဆိုတာ အမှန်ပါပဲ၊ နောက်ပြည်သူတွေ မဲပေးတာနည်းတာဟာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်တာကြောင့်လည်း ပါ ပါတယ်၊ ပြီးတော့ ပြည်သူတွေဟာ နိုင်ငံရေးမှာ သူတို့ထားတဲ့ မျှော်လင့်ချက် မပြည့်မီတဲ့အတွက်ကြောင့် သူတို့စိတ်ပျက်အားလျှော့တာကြောင့်လည်းပါမယ်၊ သူတို့ရဲ့ နေ့စဉ် လူမှုဘဝမှာ တိုးတက်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အများကြီးတိုးတက်လာမယ်လို့ မျှော်လင့်တယ်၊ ဒါပေမဲ့ အဲလိုမဖြစ်လာတဲ့အခါမှာ သူတို့စိတ်ပျက်အားလျှော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေပေါ်မှာပေါ့၊ သူတို့ မကျေနပ်ဘူး၊ ဒါတွေအတွက် လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိဘူး၊ ဒီလိုသူတို့ မြင်တာပေါ့"
ရွေးကောက်ပွဲပညာပေးရေးနဲ့ စောင့်ကြည့်လေ့လာရေးမိတ်ဖက်များအဖွဲ့ EEOP ရဲ့ တွေ့ရှိချက်ကို EEOP အဖွဲ့က မမြန္ဒာသင်း က အခုလို ပြောပါတယ်။
"first time voter တွေ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေရဲ့ ပါဝင်မှုကလည်း နည်းတယ်၊ ဘာလို့လဲဆို အဲဒီအချိန်က အများစုက အလုပ်သွားနေရတယ်"
နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း က ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှုနည်းတာဟာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောပါတယ်။
"ပြီးခဲ့တဲ့ ကြားဖြတ်တစ်ကြိမ်လုပ်ကတည်းက မဲပေးတဲ့လူတွေရဲ့ ရာခိုင်နှုန်းက လျော့လာတာကို တွေ့တယ်၊ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ကောင်းတဲ့အလားအလာ မဟုတ်ဘူး"
နိုဝင်ဘာလ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၇ နေရာ အနိုင်ရခဲ့ပြီး ၆ နေရာ ရှုံးနိမ့်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့နေရာတွေထဲမှာ ၂၀၁၅ တုန်းက အနိုင်ရခဲ့တဲ့ နေရာ တချို့လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီအပေါ်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က NLD အနေနဲ့ တိုင်းရင်းသားဒေသတွေနဲ့ ဝန်ထမ်းတွေ အများစုရှိတဲ့နေရာတွေမှာ အပြင်းအထန် ယှဉ်ပြိုင်ကြရပြီး သူနိုင်၊ ကိုယ်နိုင်ဆိုတာက သဘာ၀ ပဲလို့ ပြောပါတယ်။ ဒါ့အပြင် NLD ပါတီကို အောက်ခြေကစပြီး အထက်အဆင့်ဆင့်အထိ ပြန်လည်သုံးသပ်ကာ အားနည်းချက်တွေကို လေ့လာပြီး ပြင်ဆင်သွားမယ်လို့လည်း ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။