ကြားဖြတ်ရွေးကောက်ပွဲ ဘယ်သူ့ကိုမဲပေးကြမလဲ
2018.11.02
ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် မနက်ဖြန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။ အဲဒီနှစ်နေရာအတွက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေ တစ်သိန်းကျော် ရှိနေပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားပါတယ်။
~~~~~~~~~~~~
■ NLD အစိုးရလက်ထက် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို မနက်ဖြန် ကျင်းပတော့မှာဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကိုယ်တိုင် မဲလာပေးမယ့် တာမွေမြို့နယ်က မဲရုံ (၃) မှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။
တာမွေမြို့နယ်က ပြည်သူတွေအနေနဲ့ မနက်ဖြန်မဲပေးဖို့ ပြင်ဆင်ထားကြပြီး၊ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးသွားမယ်လို့ တာမွေမြို့နယ်မှာ ကွမ်းယာဆိုင်ဖွင့်လှစ်ထားတဲ့ ကိုနန္ဒက ပြောပါတယ်။
“ဘယ်အစိုးရပဲတက်တက်၊ အဓိကက တိုင်းပြည်ကောင်းဖို့ပဲ။ တိုင်းပြည်မကောင်းအောင်လုပ်ရင်တော့ အလကားပဲ၊ တိုင်းပြည်ကောင်းအောင်လုပ်တဲ့သူကိုပဲ ကျနော်က မဲပေးမှာ”
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ဝ၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ဦးဝင်းမြင့်က သမ္မတတာဝန် ထမ်းဆောင်ရတဲ့အတွက် အဲဒီကိုယ်စားလှယ်နေရာ လစ်လပ်သွားတာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် သမ္မတ ဦးဝင်းမြင့်လို ဖြစ်စေချင်တယ်လို့ ပျားရည်ကုန်းလမ်းမှာနေထိုင်တဲ့ မဆွေဆွေပိုးက ပြောပါတယ်။
“ကုန်ဈေးနှုန်းက နည်းနည်းတော့တက်နေပေမယ့်၊ နောက်ထပ်လည်း ဦးဝင်းမြင့်လိုပုံစံလူပဲ ဖြစ်စေချင်တယ် ပေါ့နော်”
တာမွေမြို့နယ်ကို လာရောက်မဲဆွယ်တဲ့ပါတီ သုံးခုလောက်ရှိနေပြီး၊ အများအားဖြင့် NLD နဲ့ USDP ပါတီဟာ မဲဆွယ်စည်းရုံးရေး လုပ်တာများကြောင်းနဲ့၊ ပြည်သူကိုဂရုစိုက်တဲ့ ကိုယ်စားလှယ်လောင်းကို အလိုရှိကြောင်း အနှေးယာဉ်လုပ်သား ကိုအောင်မျိုးက ပြောပါတယ်။
“ကုန်ဈေးနှုန်းကတော့ တက်သင့်သလောက် တက်မှာပေါ့နော်။ ကိုယ်လုပ်စားတာတော့ ထိုက်သင့်သလောက်ရရင် တန်အောင်တော့ ဝယ်စားရမှာပေါ့၊ ကုန်ဈေးနှုန်းကျရင်တော့ ပိုကောင်းတာပေါ့”
ကြံ့ခိုင်ရေးပါတီအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်နေမှု အခက်အခဲကို ပြည်သူတွေ ပြေလည်စေဖို့အတွက်ဆိုပြီး နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော် ပျဉ်းမနားမြို့နယ်က ကျေးရွာတချို့မှာ ဆန်နဲ့ဆီတွေကို ပုံမှန်ဈေးထက် လျှော့ရောင်းပေးခဲ့ပါတယ်။ အဲဒီလိုလုပ်တာဟာ မဲဆွယ်စည်းရုံးရေး လုပ်တာမဟုတ်ကြောင်း ပြန်လည် ဖြေရှင်းတာတွေကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး တိုင်ကြားမှု ကန့်ကွက်မှုတွေ ရှိလာရင်တော့ ရွေးကောက်ပွဲကော်မရှင် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
“ဥပဒေကတော့ မဲဆွယ်တဲ့အခါမှာ လာဘ်ပေးလာဘ်ယူ မလုပ်ရဘူးလို့ သတ်မှတ်ထားတာပေါ့လေ။ ဥပဒေမှာက ရဲအရေးပိုင်တာတွေ ရှိသလို၊ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း အယူခံဝင်လို့ ရတာတွေ ရှိတယ်”
မနက်ဖြန်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မဲဆန္ဒပေးကြမှာ ဖြစ်ပါတယ်။
ဒီလစ်လပ်မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရှိသူ ၈ သိန်းကျော်ရှိပြီး မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မနက် ၆ နာရီမှာ စတင်မဲပေးခွင့်ရမှာဖြစ်ပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သိမ်းမှာဖြစ်ပါတယ်။