ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပါတီတွေရဲ့မျှော်လင့်ချက်


2018.11.02
rathedaung-by-election-2018-622.JPG ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင်မဲပေးနေတဲ့ မဲဆန္ဒရှင်တစ်ဦးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

NLD ပါတီက ဦးဆောင်အစိုးရဖွဲ့ခွင့်ရခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတော့မှာပါ။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ မနက်ဖြန်အတွက်မျှော်လင့်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း ကစုစည်းတင်ပြထားပါတယ်။

............................................................................................................................

၂ဝ၁၅ ခုနှစ်မှာ NLD ပါတီက အစိုးရဖွဲ့ခွင့် ရခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲမကျင်းပခင် ရက်ပေါင်း ၆ဝ အလိုတည်းက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က မဲဆွယ်ခွင့်ပြုထားခဲ့ပြီး၊ ကိုယ်စားလှယ်လောင်း အသီးသီးကလည်း အောင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ တရက်အလို ဒီနေ့မှာတော့ ဥပဒေအရ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲဧရိယာတဝိုက် ပါတီအမှတ်တံဆိပ်ပါ အင်္ကျီ ဝတ်ဆင်တာတွေ လုပ်ခွင့်မရှိတော့သလို ကိုယ်စားလှယ်လောင်းအသီးသီးရဲ့ ကြော်ငြာဆိုင်းဘုတ်တွေကိုလည်း အပြီးသတ် ဖြုတ်သိမ်းထားရပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေက စိတ်ပါဝင်စားမှု အားနည်းပေမယ့် ဒီရွေးကောက်ပွဲဟာ လာမယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ခြေစမ်းပွဲဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေကြပါတယ်။

အာဏာရပါတီဖြစ်တဲ့ NLD ဟာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးကို ဝင်ပြိုင်မယ့် တစ်ခုတည်းသော ပါတီပါ။ မနက်ဖြန်အတွက် NLD ပါတီရဲ့ မျှော်လင့်ချက်ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို  မေးကြည့်ပါတယ်။

“အားလုံးပါဝင်ပြီးတော့ ကြိုးစားထားပါတယ်။ ပြည်သူတွေရဲ့ တုန့်ပြန်မှုကလည်း ပြီးခဲ့တဲ့ ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲထက်စာရင် ပိုပြီးတော့ စိတ်ဝင်စားတဲ့ အနေအထားတွေရပါတယ်။ ၁၃ နေရာစလုံးမှာ အောင်မြင်နိုင်မယ့် အလားအလာကောင်းတွေရှိနေပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲရဲ့ အောင်မြင်မှုမျိုးကို ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။”

ဒုတိယနေရာအများဆုံး ရွေးကောက်ပွဲဝင်မယ့်ပါတီကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပါ။ လစ်လပ်မဲဆန္ဒနယ် ၁ဝ နေရာမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတို့ပါတီအနေနဲ့ နေရာအနှံ့ အောင်နိုင်ခြေရှိတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“သက်ဆိုင်ရာအဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများ UEC  အပါအဝင် အားလုံးက သမာသမတ်ကျကျနဲ့ ရွေးကောက်ပွဲကိုဆောင်ရွက်ပေးမယ်ဆိုရင် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင် ကျနော်တို့ပါတီအနိုင်ရလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ်”

အာဏာရပါတီ NLD ကိုယ်တိုင် အောင်နိုင်ရေးအတွက် စိုးရိမ်နေရတဲ့ မဲဆန္ဒနယ်တွေကတော့ ရခိုင်ပြည်နယ်က ရသေ့တောင်မဲဆန္ဒနယ် အမှတ် (၂) နဲ့ ရှမ်းပြည်နယ်က လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပါ။

ပြီးခဲ့တဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်မှု အများဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဒီတခေါက်မှာလည်း ရသေ့တောင်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။

အခုရွေးကောက်ပွဲအပေါ် သူတို့ပါတီရဲ့ အားရကျေနပ်မှုနဲ့ မျှော်လင့်ချက်ကို ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလိုပြောပြပါတယ်။

“နိုင်ငံရေးပါတီတွေက အင်တိုက်အားတိုက်မဲဆွယ်စည်းရုံးကြတာတွေ့ရတယ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီ အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရော မြို့နယ်ခေါင်းဆောင်တွေကော မြို့နယ်က တက်ကြွတဲ့ လူငယ်တွေကော ဝိုင်းရံပြီး မဲဆွယ်စည်းရုံးခဲ့တဲ့အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ကတော့ စိတ်ကျေနပ် မှုရှိတယ်။ အောင်လည်းအောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုအားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာနဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရေးရာဝန်ကြီး နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။

ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ဝင်ပြိုင်တဲ့၂ နေရာစလုံးမှာ အောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အပြောင်းအလဲကိုလိုချင်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မျှော်လင့်တယ်။ တိုင်းရင်းသားတွေရဲ့ နဂို ရပိုင်ခွင့် တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို ရည်ရွယ်ပြီး လုပ်တဲ့ဟာကို နားလည်ကြတဲ့ ပြည်သူတွေ တော်တော်များများကတော့ ကျနော်တို့ကို အားပေးထောက်ခံတယ်။ ရာနှုန်းပြည့်မဟုတ်တောင် ရာနှုန်းပြည့်နီးပါး အားရကျေနပ်မှုရှိတယ်။ ကျနော်တို့ပါတီအနေနဲ့ ဝင်ပြိုင်တဲ့ ၂ နေရာလုံးမှာ အောင်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်”

အာဏာရပါတီအပါအဝင် လူထုထောက်ခံမှုအားကောင်းတဲ့ အင်အားကြီးနိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေမှာ အောင်နိုင်မယ်လို့ မျှော်လင့်နေကြသလို ပါတီငယ်တွေကလည်း နိုင်ငံရေးမျက်နှာစာမှာ နေရာတစ်ခု ရရှိရေးအတွက် ရွေးကောက်ပွဲအောင်နိုင်လိုစိတ် ပြင်းထန်နေကြပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နဲ့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်တွေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ပါတီငယ်တွေရဲ့ ဆန္ဒကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ သာမာန်ယူဆထားတာထက် ပြည်သူဘက်က ခမောက်ပါတီကို အာရုံကျတာ မြင်ရတော့ မျှော်လင့် ချက် နည်းနည်းတက်လာတာပေ့ါဗျာ။ နိုင်ခြေရှိတယ်လို့တော့ ပြောနိုင်တဲ့ အနေအထားတွေ တချို့နေရာ တွေမှာ တွေ့ရတယ်ဗျ။ သို့သော်လည်းပဲ ရွေးကောက်ပွဲအခင်းအကျင်းဆိုတာက မဲပေးတဲ့ အခါကျမှ အခြေအနေကို သိရမှာကိုး။ ဒီအစိုးရခေတ်မှာက ရွေးကောက်ပွဲနိုင်မှပဲ နည်းနည်းလူရာဝင်မယ့် သဘောမျိုးလုပ်နေကိုင် နေကြ တဲ့အခါကျတော့ ရွေးကောက်ပွဲမှာ တနေရာလောက်တော့ ရှိမှ ထဲမှာပါနိုင်မယ်ဆိုတာမျိုးကို ဒီအစိုးရက စာချုပ်ကြီးကိုင်ပြီးတော့ အဲ့လိုကန့်သတ်ထားတဲ့အခါကျတော့ နိုင်ငံရေးမျက်နှာငယ်မှုက လွှတ်တော်ထဲကို တစ်ယောက်လောက်တော့ ပိုမှဖြစ်နိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကတော့ ရှိတာပေါ့ဗျာ”

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၊ မဲဆန္ဒရှင် ၈ သိန်းကျော်ရှိတဲ့ ဒီ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

မဲဆန္ဒရှင်တွေ စိတ်ကြိုက်ရွေးချယ်မဲပေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကြေညာပေးမှာဖြစ်သလို နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့ အစိုးရသတင်းစာတွေကနေလည်း ထုတ်ပြန်ပေးသွားမယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။