ကပ်ရောဂါကာလ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဆိုင်းရေး တောင်းဆို


2020.08.24

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရသူ လူနာစုစုပေါင်း ၇၂  ဦးထိရှိလာနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ထားဖို့ ပြည်နယ်လွှတ်တော်အမတ်တချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက တိုက်တွန်းခဲ့တာပါ။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ရောဂါကူးစက်မှုတွေရှိနေတဲ့အချိန်မှာ ဒေသခံတွေအပေါ်  လူသားဆန်စွာနဲ့ နှစ်ဖက်စလုံးက သေနတ်မဖောက်ကြေး ဂတိဂဝတ်တွေထားပြီး ဆောင်ရွက်ပေးကြဖို့ တပ်မတော်ရော AAရော နှစ်ဖက်စလုံးကို မေတ္တာရပ်ခံကြောင်း အခုလိုပြောပါတယ်။

"လူတွေက တကယ့်ကို ကျီးလန့်စာစား ဖြစ်နေချိန် ဒုက္ခသည်စခန်းတွေမှာလည်း လူတွေက များတဲ့အချိန်မှာ နှစ်ဖက်စလုံးကတော့ ဆင်ဆင်ခြင်ခြင် နေဖို့ကောင်းတယ် အဲတော့ ဘယ်ဖက်ကမှ သေနတ်မဖောက်ဖို့ ဆိုတာကိုတော့ ကျတော်တို့က အနူးအညွတ် မေတ္တာရပ်ခံချင်တယ်၊ ဒီအချိန်မှာ သူစလို့ ငါကပစ်တယ် သူပစ်လို့ ငါက ပစ်တယ်ဆိုတာမျိုး လုပ်တယ်ဆိုရင်တော့ ကျတော်တို့တိုင်းပြည်ရဲ့ အင်မတန်လည်း ရှက်ဖို့ ကောင်းပါတယ်နော်၊ နှစ်ဖက်စလုံးပေါ့နော် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်းအများကြီး ထိခိုက်ပါတယ်၊ လူတွေ ဒီလောက် ကျီးလန့်စာစားနဲ့ တကယ့်ဒီကပ်ကြီးက ဘယ်အချိန်ပြီးမှာလဲမသိသေးဘူး၊ ဒီကာလမျိုးမှာတော့ တကယ့်လူတွေကိုတန်ဖိုးထားပြီးတော့ နှစ်ဖက်စလုံးက သေနတ်မဖောက်ကြေးဆိုတဲ့ ဂတိကဝတ်လေးနဲ့ နေကြဖို့ အမြှောက်ကြီးတွေလည်း မပစ်ကြဖို့ စစ်ရေးကတော့ လုံးဝသေနတ်မဖောက်ကြေးဆိုတဲ့ ကတိကဝတ်ကို နှစ်ဖက်စလုံးက ကျတော်တို့ မျှော်လင့်ပါတယ်ဗျာ"


ကိုရိုနာဗိုင်းရပ်စ်လို ကျန်းမာရေးကပ်ဘေးအပြင် စစ်ဘေးဒဏ်ကိုပါ ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကြီး၊ မိုင်း စတာတွေကြောင့် သြဂုတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အရပ်သား သေဆုံးသူ တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူများနေတဲ့ ဒီလိုအချိန်မှာ AAအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့နဲ့ လုပ်ခဲ့ရင် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့  အခုလို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှု ဖြစ်နေချိန်မှာ AAအဖွဲ့တင်မကဘဲ တပ်မတော်ရော နှစ်ဖက်စလုံးအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ၊ အပြန်အလှန်ဖမ်းဆီးတာတွေကို မလုပ်သင့်ကြောင်း ပြောပါတယ်။

"ဦးဇော်ဌေးပြောတဲ့ AAက အဲဒါတွေ မလုပ်သင့်ဘူးဆိုရင် ကျတော်ကတော့ AAတင် ပြောရုံနဲ့ မလုံလောက်ပါဘူး၊ တပ်မတော်ကိုလည်း ပြောရမှာပါပဲ၊ AAဖြစ်ဖြစ် တပ်မတော်ဖြစ်ဖြစ် ဘယ်လက်နက်ကိုင် အင်အားစုမှ ရခိုင်ပြည်နယ်မှာ ဒီလိုအခြေအနေတွေ ဆိုက်ရောက်နေတဲ့ကာလ ဒုတိယလှိုင်းရဲ့ ဆိုးဝါးတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေအောက်မှာ ဘယ်သူမှ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်သင့်ပါဘူး၊ စစ်ရေးလှုပ်ရှားမှုတင်မဟုတ်ဘူး တစ်ဖက်က ကိုယ့်လူ သူ့လူ အပြန်အလှန်ဖမ်းဆီးတာတွေ၊ ပြန်ပေးဆွဲတာတွေ၊ အခွန်ကောက်တာတွေ စသည်အားဖြင့် အဲဒီလှုပ်ရှားမှုအားလုံးကို နှစ်ဖက်လုံးက ရပ်ဆိုင်းသင့်တယ်လို့ ထင်ပါတယ်"


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်အနေနဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားဖို့ရှိမလဲဆိုတဲ့ RFA ရဲ့မေးမြန်းချက်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့  ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန်၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကာကွယ်ရေးတာဝန်၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး တာဝန်တွေကို ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေအပေါ်မှာ ထိခိုက်လာရင်တော့ တပ်မတော်အနေနဲ့ စစ်ဆင်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒါမျိုးတွေ မရှိရင်တော့ တပ်မတော်အနေနဲ့ လုပ်ဆောင်စရာမရှိကြောင်း ပြောပါတယ်။

AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ကပ်ရောဂါကာလ တိုက်ပွဲတွေရပ်တန့်ဖို့ဆိုရင် တပ်မတော်ဘက်က ထိုးစစ်တွေကို အရင်ဆုံး ရပ်ဖို့လိုကြောင်းနဲ့ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ဆက်လုပ်နေသမျှ AAနေနဲ့လည်း ခုခံနေရမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကပ်ရောဂါကာလ ရခိုင်မှာ တိုက်ပွဲတွေမလုပ်ဖို့ အစိုးရက AAကို တောင်းဆိုထားပေမယ့် ပြီးခဲ့တဲ့ ၂၂ ရက် စနေနေ့ကပဲ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ မြန်မာစစ်တပ် ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်ရံသာစည်ရွာက တစ်နှစ်ခွဲ ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AAက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ကပ်ရောဂါကာလ လူသားချင်း စာနာမှုမရှိတဲ့ စစ်ရာဇဝတ်မှုလို့လည်း ပြောဆိုခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့်  ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာကနေ  ဒီနေ့အထိ သေဆုံးသူ ၂၈ဝ နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၁၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။