ဘာသာရေးခေါင်းဆောင်တွေ ငြိမ်းချမ်းရေးတောင်းဆိုဖို့ ချားလ်စ်မောင်ဘို တိုက်တွန်း


2019.10.03
charlesbo-622.jpg ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်
Photo: RFA

ပြည်သူ၊ ပြည်သားတွေ ထိခိုက်ခံစားနေရတာကို ဘာသာရေးခေါင်းဆောင်တွေ ရေငုံနှုတ်ပိတ်မနေကြဖို့နဲ့ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုကြဖို့ ရန်ကုန်ကက်သလစ်ခရစ်ယာန် သာသနာပိုင် ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းချက်တစောင်ကို အောက်တိုဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ထားတာပါ။

ဆရာတော် ချားလ်စ်မောင်ဘိုရဲ့ လက်ထောက် ဖာသာ ဒေါမနစ်က ဘာသာရေးခေါင်းဆောင်တွေ အားလုံးပါဝင်လာဖို့ နှိုးဆော်စာတစ်စောင်အဖြစ် ထုတ်ပြန်လိုက်တာလို့ ပြောပါတယ်။

"ပုံမှန်အားဖြင့် စာကတော့ နှိုးဆော်စာ လို့ခေါ်တာပေါ့၊ ဘယ်လိုနှိုးဆော်တယ်ဆိုတာတော့ မပါဘူးပေါ့ ၊လူတိုင်းက ငြိမ်းချမ်းစွာနေထိုင်ချင်ကြတာဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ရဖို့ အားလုံးကို နှိုးဆော်တဲ့စာပေါ့"

ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မြန်မာနိုင်ငံသားတွေဟာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆုံးအမကို လိုက်နာကြတာကြောင့် ဘာသာရေးခေါင်းဆောင်တွေ ပါဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အလားလာ အများကြီးရှိကြောင်း  ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

တိုက်ပွဲတွေကို ဆန့်ကျင်တဲ့အကြောင်း လူသိရှင်ကြားပြောဆိုကြဖို့နဲ့ အဲဒီလို မလုပ်ရင် အပြစ်မဲ့ ပြည်သူတွေခံစားနေ ရတဲ့ ဒုက္ခတွေ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ကြောင်းလည်း မိန့်ကြားထားပါတယ်။

ဆင်းရဲတဲ့ အပြစ်မဲ့ပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ရန်သူတွေလား၊ ဘာအတွက်ကြောင့် သနား ညှာတာ စိတ်ကင်းမဲ့ရတာလဲ၊ မပြီးဆုံးနိုင်သေးတဲ့ ဒီတိုင်ပွဲတွေကြောင့် လူတွေ ဘယ်လောက်အသက်ပေးခဲ့ရပြီးပြီလဲ၊ ဒီလိုဖြစ်ရလို့ သင်တို့ ပျော်ရွင်ကြရဲ့လားလို့လည်း သာသနာပိုင်ဆရာတော်က မေးခွန်းထုတ်ထားပါတယ်။

ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ ပုဒ်ရဟန်းမင်းကြီး ခန့်အပ်ထားတဲ့ မြန်မာ့ပထမဆုံး ကာဒီနယ်ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်နန်းတော် ရဟန်းအမတ် ၂၀ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကက်သလစ် ခရစ်ယာန်ဘာသာ ရန်ကုန် ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်မောင်ဘို ပါဝင်ခဲ့တာပါ။

ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေထဲမှာ ဆရာတော်ဟာ နိုင်ငံအတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မိန့်ကြားတတ်သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၁၇ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၇ ယောက်ရှိပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ကွတ်ခိုင်မြို့နယ်မှာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

၂၀၁၈ ဒီဇင်ဘာလ ကနေ အခု ၂၀၁၉ စက်တင်ဘာလအတွင်း အရပ်သား သေဆုံးမှုဟာ ၈၀ ကျော် ရှိနေသလို ထိခိုက်ဒဏ်ရာရ သူတွေကတော့ ၁၂၀ ကျော်နေပြီလို့ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။

ဘားအံဆရာတော် ဦးဇင်းမင်းသုညက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အားပေးထောက်ခံမှု မပြုသင့်ကြောင်း မိန့်ပါတယ်။ဆရာတော် အရှင်ဣဿရိယ ခေါ် စာရေးဆရာ မင်းသုည

"တချို့ တချို့သောဘုန်းကြီးတွေက အဲဒီစစ်တပ်တွေကို အားပေးကြတယ်။ ရခိုင်ဒေသမှာဆိုရင်လည်း တချို့ တချို့သော ဘုန်းကြီးတွေက သူတို့ရခိုင်စစ်တပ်ကို အားပေးနေတာကို သွားတွေ့ ရတယ်။ ဦးဇင်းတို့ ဒီဘက်မှာ ဆိုရင်လည်း ဗမာဘုန်းကြီးတွေက မြန်မာစစ်တပ်ကို သွားပြီးတော့ အားပေးနေတာ တွေ့ရတယ်။ မြတ်စွာဘုရားက စစ်ပွဲတွေဆိုတာ အားပေးလို့မရဘူး။ ရဟန်းတွေ ဆိုတာ ဝိနည်းသိက္ခာပုဒ်တွေရှိတယ်၊ သတ်တာဖြတ်တာတွေကို အားပေးတယ်ဆိုရင် စိတ်တူသဘောတူ စေခိုင်းတိုက်တွန်းဆိုရင် ပါရာဇိကကျတဲ့အဆင့်အထိ ဖြစ်သွားနိုင်တယ်။ မြတ်စွာဘုရားက စစ်ဆင်တဲ့နေရာတောင် သွားမကြည့်ရဘူးလို့ ဝိနည်း သိက္ခာပုဒ် အနေနဲ့ တားမြစ်ထားတာ။ အဲတော့ ရဟန်းသင်္ဃာတွေက စစ်တွေကို အားပေးတာမျိုးတွေ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး ငြိမ်းချမ်းရေးကို သာလျှင် ရေးရှုပြောရမယ် ငြိမ်းချမ်းအောင်ပြောရမယ်။ အားပေးနေ တဲ့အသွင်သဏ္ဍန်မျိုးတွေဟာ ဘုန်းကြီးတွေနဲ့ လုံးဝမသင့်လျှော်ပါဘူးလို့ ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်။"

တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းပေါ်မှာဆွေးနွေးတဲ့လမ်းကြောင်းကိုသွားဖို့ ရွှေဝါရောင် သံဃာတော်တွေက တိုက်တွန်း၊ ဟောပြောတာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မိန့်ပါတယ်။

ဘာသာပေါင်းစုံက ခေါင်းဆောင်တွေစုပေါင်းပြီး စစ်ပွဲတွေကို မလိုလားကြောင်း လက်မှတ်ကောက်ခံပြီး အစိုးရ၊ တပ်မတော်နဲ့ ကုလသမဂ္ဂတွေဆီပါ ပို့ဆောင်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်လာနိုင်တယ်လို့လည်း အကြံပြုလိုက်ပါတယ်။

မိုးညှင်းခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဋ္ဌ ဦးစောဂျွန်သင်းက တိုက်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းစေချင်တဲ့အတွက်  ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်ပါတယ်

"ငြိမ်းချမ်းရေးကိုမျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင် ပါတယ်။ဒါကြောင့်စစ်ပွဲတွေကို ရပ်စေချင်ပါတယ်။ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေဒုက္ခရောက် ပါတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ အားလုံးလည်း စိတ်မချမ်းမသာဖြစ်ရသကဲ့သို့ ပြည်သူတွေနဲ့ တထပ်တည်း စစ်ပွဲတွေကို ရပ်စေချင်ပါတယ်။ ကျနော်တို့ ကြိုးစားနေပါတယ်။ မိုးညှင်း ခရစ်ယာန်အသင်းတော်များကောင်စီနဲ့အတူ တခြားအသင်းတော်တွေ လည်းရှိပါတယ်။ တဖက်ကလည်း တစ်ခြားဘာသာရေးခေါင်းဆောင်တွေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ မျှော်မှန်းချက်ထားထားတာရှိပါတယ်။"

ပိတ်ခံထားရတဲ့ ဗလီအဆောက်အဦးတွေ ပြန်လည်ဖွင့်နိုင်ရေး ဦးဆောင်လှုပ်ရှားနေတဲ့ ဦးမောင်မောင်မြင့်က သူတို့တွေအနေနဲ့လည်း တိုက်ပွဲတွေရပ်တန့်ဖို့ ထောက်ခံပြီး ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်သွားဖို့ အဆင်သင့် ရှိကြောင်း ပြောပါတယ်။

"ကျနော်တို့ ပူးပေါင်းပါဝင်ဖို့ ရှိပါတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးရက်ကလည်း ပြန်တမ်းတစ်ခုထုတ်ထားတာရှိပါတယ်။ အဲမှာလည်း ဘာသာပေါင်းစုံရဲ့ ဘာသာရေးအဆောက်အအုံတွေ ပိတ်ခံထားရတာတွေ ဖျက်စီးခံထားရတာတွေ ပြန်ဖွင့်ပေးဖို့ ပြောထားတာရှိပါတယ်။ ဒီကိစ္စကို ကျနော်တို့ ထောက်ခံတယ်အားပေးတယ် ကူညီသွားဖို့ရှိပါတယ်။ တတ်နိုင်သလောက်ပေါ့။"

မကြာသေးခင်ကအထိတော့ လက်နက်ကိုင်အဖွဲ့တွေဟာ အပစ်ရပ်ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့ကြတာပါ။ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ ၂၀၁၉ နှစ်ကုန်ထိ အပစ်ရပ်မယ်လို့ ဆိုပါတယ်။

တပ်မတော်ကတော့ အပစ်ရပ်ကာလတွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ တာကြောင့် စက်တင်ဘာ ၂၁ မှာ အပစ်ရပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် သက်တမ်း ထပ်မတိုးခဲ့ပါဘူး။

ရှမ်းနဲ့ရခိုင်ပြည်နယ် ဒေသခံ အများအပြားကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ စာရင်းမှာ သုံးသောင်းနီးပါး သာရှိပြီး ဒေသအခြေစိုက် အကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေအရတော့ ဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိနေပါတယ်။

လားရှိုးဒေသမှာဖြစ်ပွားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။