ချင်းပြည်နယ်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် အရပ်သားတွေ ခုခံမှုတိုး

2021.12.02
ချင်းပြည်နယ်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် အရပ်သားတွေ ခုခံမှုတိုး ချင်းပြည်နယ်တစ်နေရာမှာ ၂၀၂၁ နိုဝင်ဘာ ၂၉ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Lautu စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့စဥ်
Photo: CNJ

ချင်းပြည်နယ်မှာ ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ CDF တွေနဲ့ ပတ်သက်လို့ စစ်တပ်က နယ်မြေရှင်းလင်းချိန်မှာ အရပ်သားတွေ အကြောင်းမဲ့သတ်ဖြတ်ခံရတာ၊ အိုးအိမ်တွေဖျက်ဆီးခံရတာ၊ ချင်းလူမျိုးတွေရဲ့ အမှတ် သင်္ကေတဖြစ်တဲ့ နွားနောက်တွေကို အကြောင်းမဲ့သတ်ဖြတ်တာတွေကြောင့် ဒေသခံတွေဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် တော်လှန်တိုက်ခိုက်ရာမှာ ပိုပြီးထောက်ခံအားပေးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သံသယနဲ့ အရပ်သားလူငယ်တွေကို ပစ်မှတ်ထားနေတဲ့အတွက် သူတို့အဖို့ လက်နက်ကိုင် တော်လှန်ရေးကသာ ရွေးချယ်စရာဖြစ်လာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းဒေသခံတစ်ဦးက ပြောပါတယ်။

 “ဒီလူငယ်တွေက သူတို့က အဓိကပစ်မှတ်ထားပြီးတော့  ဖမ်းဆီးချုပ်နှောင်တာမျိုး၊ မတရားနှိပ်စက် တာမျိုးက လူငယ်တွေအတွက် အသက်လုံခြုံမှု မရှိတော့ပါဘူး။ အဲဒါကြောင့် လူငယ်တွေဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ သူတို့လက်နက်ကိုင်ပြီးတော့ ပြန်တော်လှန် ရုံပဲ သူတို့မှာ ရွေးချယ်စရာရှိတယ်။ ရွေးချယ်ခွင့်က အဲဒါပဲ ကျန်တော့တာ

 စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာပြီးနောက်ပိုင်း  မြို့နယ်အသီးသီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ပေါ်ပေါက် လာပြီး ခုခံတော်လှန်ရေးတွေ စတင်လုပ်ဆောင်လာခဲ့ကြတာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက ဖလမ်းမြို့မှာ စစ်တပ်က ပစ်ခတ်လို့ အပြစ်မဲ့လူငယ်နှစ်ဦး သေဆုံးခဲ့ ရသလို မေလအတွင်းကလည်း ဟားခါးမြို့က တောင်သူနှစ်ဦးဟာ CDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီး နှိပ်စက်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေ မွေးမြူထားတဲ့ နွားနောက်၊ ကြက်၊ ဝက် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သလို နေအိမ်တွေဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင် သွားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

နွားနောက်ဟာ ချင်းလူမျိုးတွေရဲ့ အမှတ်သင်္ကေတအဖြစ် တန်ဖိုးထားတဲ့အတွက် စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်တာကို လက်စားချေတဲ့အနေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်လာသူတွေလည်း ရှိတယ် မင်းတပ် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

 “လမ်းဘေးမှာရှိတဲ့ နွားနောက်တွေ ရမ်းသမ်းပြီး ပစ်သတ်ဖြတ်ခဲ့တယ်။ နွားနောက်တွေဆိုတာ ချင်းလူမျိုးတွေရဲ့ ငွေလည်းဖြစ်တယ်၊ ဂုဏ်သိက္ခာလည်းဖြစ်တယ်၊ တန်ဖိုးထားတဲ့အရာလည်းဖြစ်တယ်။ ဒါတွေက သတ်ချင်သလိုသတ်လို့မရဘူး။ သူတို့က သတ်ချင်သလိုသတ်ခဲ့တယ်။ လေးငါးကောင်လောက် ပစ်ချင်သလို ဖြစ်ခဲ့တယ်။ သတ်ချင်သလို သတ်ခဲ့တယ်။ အဲဒါကို ဒေသခံတွေက မကျေနပ်လို့ ကျွန်တော်တို့ အခုချင်းထုံစံအရ သွားနေတာဆိုတော့ ကလဲ့စားချေခြင်းတွေနဲ့ သွားနေတာဆိုတော့ မတော်မတရား နိုင်ထက်စီးနင်း လုပ်သွားတာကို အကုန်လုံးက လက်တုံ့ပြန်မယ်ဆိုပြီး စောင့်နေကြတဲ့ရွာသားတွေရှိတယ်

စစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့အတွက် ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကစပြီး ဒေသခံတွေဟာ CDF အဖွဲ့နဲ့ ပူးပေါင်းမှုတွေ ပိုများလာတာလို့ CDF အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၄ ရက်နေ့က မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် ဦးနိန်ကီးယောဟာ စစ်တပ်က အရပ်သားတွေကို ဖိနှိပ်တဲ့အတွက် CDF အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။

သူဟာ ဘဝတလျှောက်လုံး ကျောင်းဆရာတစ်ဦးအဖြစ် စာသင်ကြားခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ အပေါ်  မခံချင်စိတ်နဲ့ ပူးပေါင်းတော်လှန်ခဲ့သူဖြစ်လို့ သေဆုံးချိန်မှာ သူရဲကောင်းတစ်ဦးအဖြစ် ဒေသခံတွေက ဂုဏ်ပြုခဲ့ကြပါတယ်။

"မတော်မတရား နိုင်ထက်စီးနင်း လုပ်သွားတာကို အကုန်လုံးက လက်တုံ့ပြန်မယ်"

အရပ်သားတွေအပေါ် ပစ်မှတ်ထားမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ သူက ငြင်းဆိုပါတယ်။

 တပ်မတော်က လုံခြုံရေးအရ ဆောင်ရွက်တဲ့အခါမှာ နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ သူတို့လုပ် နေတဲ့ဟာတွေကိုပဲ ပြောင်းပြန်ပြောနေခြင်းဖြစ်ပါတယ်။ အိမ်တွေမီးရှို့ထားတဲ့ဟာတွေဖြစ်လာတယ်။ ပြီးရင် ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်တာတွေလုပ်လာတယ်။ ပြီးရင်း အစုလိုက်အပြုံလိုက် ပြောင်းရွှေ့တာတွေလုပ်လာတယ်။ ဒါတွေဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော် အနေနဲ့ မြို့ရွာတွေမှာ လုံခြုံရေး၊ စစ်ဆင်ရေးလုပ်တဲ့အခါမှာ မိမိစခန်းမှာပဲ မိမိရှိတယ်။ အကြမ်းဖက် ခိုအောင်းတဲ့နေရာတွေကို သတင်းရလို့ သွားရောက်ပြီး လုံခြုံရေးဆောင်ရွက်တာမှာ ကျန်တာတွေ လုပ်ဆောင်တာမရှိဘူး

ပြည်သူလူထုအနေနဲ့ နစ်နာမှုတွေကြုံလာရင် ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ တိုင်ကြားလို့ရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

(ချင်းလူမျိုးတွေ တန်ဖိုးထားမွေးမြူကြတဲ့ နွားနောက်တွေကို တီးတိန်မြို့နယ်မှာ ၂၀၂၀ ခုနှစ်က တွေ့ရစဥ်)
(ချင်းလူမျိုးတွေ တန်ဖိုးထားမွေးမြူကြတဲ့ နွားနောက်တွေကို တီးတိန်မြို့နယ်မှာ ၂၀၂၀ ခုနှစ်က တွေ့ရစဥ်)

ဒါပေမဲ့ အောက်ခြေမှာက စစ်ကောင်စီတပ်က ဥပဒေမဲ့ကျူးလွန်နေကြတဲ့လုပ်ရပ်တွေကြောင့် ဒေသခံတွေဟာ စစ်ကောင်စီကို ဆက်လက်တော်လှန်နေဦးမယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

လူမျိုးတစ်မျိုးရဲ့ သင်္ကေတတွေဖြစ်တဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ကိုးကွယ်တဲ့ဘာသာတွေ၊ ကျွန်တော်တို့ အမျိုးသမီးတွေကို ချိုးနှိမ်ပြီးတော့ အဓမ္မပြုကျင့်တာဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ လက်ခံနိုင်စရာလည်းမရှိပါဘူး။ ကျွန်တော်တို့ ချင်းပြည်သူလူထုအနေနဲ့လေ။ လူတွေကို ဖိနှိပ်လေလေ။ တော်လှန်ရေးက အင်အားကြီးမားလာလေလေဖြစ်မှာပါ။ ဆိုတော့ ဒါကတော့သေချာတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမှန်တကယ်ဆိုရင် သူတို့ကို ပြန်တော်လှန်မယ့်သူတွေကို မွေးနေသလိုပဲဖြစ်ပါတယ်

ချင်းပြည်နယ်မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ပြီးခဲ့တဲ့လကစပြီး အင်အား တွေတိုးချပြီး စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပါတယ်။

မင်းတပ်မြို့ အဝင်ပေါက်ဂိတ်၊ မကွေးတိုင်း ပေါက်မြို့နဲ့ ပခုက္ကူမြို့ - ကျောက်ထုဘက်က သရက်တော ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်က မင်းတပ်ကို သွားတဲ့ ဆိုင်ကယ်၊ ကုန်တင်ကားတွေကို  စစ်ဆေးပြီး စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူမှုအပေါ် ကန့်သတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။