ဗဟိုနဲ့ပြည်နယ်အစိုးရလုပ်ရပ်တွေ ချင်းပြည်သူအားမရ
2020.02.20
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်ကနေ (၂၂) ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပ ခဲ့တဲ့ ချင်းအမျိုးသားညီလာခံကနေ ချင်းတောင်တန်း ပဒေသရာဇ်စနစ် ဖျက်သိမ်းတဲ့အဆိုကို အတည်ပြုပြဋ္ဌာန်းခဲ့တဲ့အတွက် အဲဒီနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချင်းအမျိုးသားနေ့ မတိုင်ခင် တရက်စောပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ချင်းပြည်နယ်ကို ရောက်ရှိခဲ့တာပါ။ တွန်းဇံနဲ့ ထန်တလန်မြို့နယ်တွေက ဒေသခံတွေနဲ့ တွေဆုံစကားပြောခဲ့ပြီး ဒေသခံတွေ သိလိုသမျှကိုလည်း ဖြေကြားခဲ့ပါတယ်။ တွန်းဇံမြို့နယ်မှာတော့ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။
အခုလို ချင်းပြည်နယ်ကို နှစ်ရက်တာလာရောက်ပြီၤးလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက်တွေရှိပါသလဲ။
လူ့အခွင့်အရေးလှုပ်ရှားသူ ချင်းအမျိုးသမီး မချယ်ရီဇာဟောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်ကို အခုလို သုံးသပ်ပါတယ်။
" NLD က လွှတ်တော်အမတ်တွေရဲ့ Performances တွေက ပြည်သူလူထုအားကျလောက်အောင် မရှိတဲ့ အခါကျတော့ သူကိုယ်တိုင်နယ်လှယ့်ပြီးတော့ မျက်နှာပြရတဲ့အခြေအနေမျိုးရှိတယ်လို့ ကျမကတော့ သုံးသပ်မိတယ်လေ။ အခုက နေရာတိုင်းမှာ သူကိုယ်တိုင်ပါမှ ဝန်ကြီးတွေကလည်း လုပ်ပေးပါ့မယ် ဆိုပြီးတော့ ဟိုဟာလုပ်တယ်။ ပြီးရင် ပြန်သွားတော့လည်း ဘာမှ Follow Up မလုပ်ဘူး။ အဲဒါတွေက ချင်းပြည်နယ်တင် မဟုတ်ဘူး။ တနိုင်ငံလုံးမှာ Complain တက်နေတဲ့ ပြည်သူလူထုရဲ့အသံတွေပေါ့နော်။ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ NLD အနေနဲ့ ချင်းပြည်နယ်ကို သူတို့ရဲ့ stronghold နေရာအဖြစ် အပြည့်နေရာယူချင်တဲ့ သဘောမျိုးရှိတယ်"
တွန်းဇံမြို့မှာနေထိုင်တဲ့ ဇိုမီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာပေါလ်ပေါင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်ကနေ သူမျှော်လင့်တာကို ခုလိုပြောပါတယ်။
"တီးတိန်ကို ခရိုင်ပေးဖို့ပေါ့နော်။ လူထုကလည်း ချင်းပြည်နယ်မှာ တီးတိန်မြောက်နဲ့ တွန်းဇံမြောက်နဲ့ အင်အားလည်းများတယ်။ ပြီးတော့ ဖလမ်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ဝန်ထမ်းတွေ လည်း သွားလာ ရတာခက်တယ်။ အဲလိုမျိုးပေါ့။ ပြီးတော့ အိန္ဒိယနယ်စပ်ပေါ့၊ ကသည်းတွေပေါ့။ ကသည်းတွေက ကျောင်းဆရာမကို ပစ်သတ်ခဲ့တဲ့ကိစ္စ။ အဲဒီကသည်းတွေကို မြန်မာနိုင်ငံမှာ လူမျိုး မသတ်မှတ်ပေးဖို့၊ ပြီးတော့ အဲဒီကိစ္စကို ဖြေရှင်းပေးဖို့ အဓိကက ဒါပါပဲ"
ထန်တလန်မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး တောင်းဆိုတာတွေကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပထမပိုင်းချင်းပြည်နယ် ခရီးစဉ်တွေမှာ လူထုရဲ့ ပညာရေးဆိုင်ရာ တောင်းဆိုချက်တွေကတော့ ထင်သလောက်အရာမထင်ခဲ့ဘူးလို့ မချယ်ရီဇာဟောင်း က ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်ကလည်း သူသွားပြီးပြီ။ အဲဒီတုန်းကလည်းတော်တော်များများ တင်ပြခဲ့တယ်။ ပညာရေးမှာ နည်းနည်း ပါးပါး လုပ်ပေးတာတွေရှိတယ်။ ကျန်တဲ့ဘက်မှာ.. ဥပမာဆိုလို့ရှိရင် ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု များများ ဝင်သွားအောင် ကြိုးစားနေတဲ့ဟာတွေက ထိရောက်မအှုမရှိသေးဘူးလေ။ ဆိုတော့.. ကျမထင်တယ်၊ ပြည်သူလူထုတွေဘက်ကတော့ သူ့အပေါ်မှာ မျှော်လင့်ချက်ရှိရင်တောင်မှ NLD အစိုးရ၊ ချင်းပြည်နယ် အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် တော်တော်လေး မျှော်လင့်ချက်မဲ့ နေတာ တွေ့ရတယ်"
မြန်မာနိုင်ငံရဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ တောင်တန်းထူထပ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံးနေရာလည်း ဖြစ်ပါတယ်။ တောင်ဖက်မှာ ရခိုင်ပြည်နယ်၊ အနောက်တောင်ဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက် တွင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ဖက်မှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ အနောက်ဖက်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့က ဝန်းရံထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဆက်နေတဲ့အတွက် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်မီးရဲ့အရှိန်ဟပ်တာကို ခံစားနေရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးတဲ့အပြင် စစ်မီးအရှိန်ဟပ်တာပါခံစားရတာမို့ ဒေသခံတွေမှာ လိုအပ်ချက်တွေ များပြားလှတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေလာတဲ့အခါ တောင်းဆိုချက်တွေ များပြားမှာလည်း အသေအချာပါပဲ။
အဲဒီလိုလူထုတွေ့ဆုံပွဲတွေမှာ ဆွေးနွေးတောင်းဆိုမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ပါတယ်။
" ကျွန်မအနေနဲ့တော့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စု သွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်း ရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာ ဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ် ဖြစ်ပြီဆိုရင် ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ စိုးစဉ်းမှ စိုးရိမ်စရာမရှိပါဘူး။ တာဝန်ကျေတဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့နိုင်ငံ တစ်ခုဖြစ်လာမှာဖြစ်ပါတယ်"
မကြာခင်ပြုလုပ်တော့မယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ အစိုးရဖက်ကရော ဒေသခံတွေဖက်ကပါ ရည်ရွယ်ချက် မျှော်လင့်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။ ချင်းပြည်နယ်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသူ၊ နိုင်ငံသား တစ်ဦး ချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်လို့ ပြောခဲ့သလို နိုင်ငံသူနိုင်ငံသားတွေကလည်း တာဝန် ကျေတဲ့ အစိုးရကိုလိုချင်ကြပါတယ်လို့ ချင်းလူထုက ပြောကြပါတယ်။