မြန်မာ့အဆင်းရဲဆုံး ပြည်နယ် စစ်ကောင်စီကို အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေ
2021.05.19
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ပြန်ပြီး ခုခံတိုက်ခိုက်နေတဲ့ အထဲမှာ ချင်းပြည်နယ်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ တခြား တိုင်းနဲ့ပြည်နယ်တွေနည်းတူ ချင်းတစ် ပြည်နယ်လုံးနီးပါး လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ကြပေမယ့် စစ်ကောင်စီဘက်က အကြမ်းဖက်သတ်ဖြတ် ဖိနှိပ်မှုတွေ များလာတာကြောင့် ချင်းလူမျိုးတွေဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးကို ဧပြီလကုန်ပိုင်း လောက်မှာ စတင်ခဲ့ပါတယ်။
ချင်းပြည်နယ် မြို့နယ် ကိုးမြို့နယ်လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီ ထဲက ဟားခါး၊ ထန်တလန်နဲ့ မင်းတပ်မြို့တွေဟာ စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက် နေတဲ့ မြို့တွေဖြစ်ပါတယ်။
ချင်းသုတေသီတစ်ယောက်လည်းဖြစ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်တဲ့ ကိုရှန်းထွန်းက… ချင်းလူမျိုးတွေဟာ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရလို့ သည်းမခံနိုင်တော့တာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်နေတာလို့ ဆိုပါတယ်။
"ချင်းပြည်နယ်ကို နိုင်ငံရေးအရလည်း ဖိတယ်၊ စီးပွားရေးအရလည်း ဖိတယ်၊ ပညာရေးအရလည်း ဖိတယ်။ ပညာရေးဘက် ပြောမယ်ဆိုရင် ချင်းပြည်မှာ ကျောင်းဆရာ၊ ဆရာမတွေ အလုံအလောက် မရှိဘူး။ နှစ် ပေါင်း ၇၀ လောက် ဒီလိုနေလာရတာ ခါးသီးလာတယ်။ နိုင်ငံရေးစနစ်ပြောင်းလဲဖို့ လိုတယ်ဆိုတာကို အခု လူငယ်တွေက သိလာကြပြီ"
ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ပူးတွဲပြုစုထားတဲ့ ၂၀၁၇ ခုနှစ်- မြန်မာနိုင်ငံ ဆင်းရဲ နွမ်းပါးမှုစစ်တမ်းအရ ချင်းပြည်နယ်ဟာ ပြည်နယ်နဲ့ တိုင်း ၁၄ ခုထဲမှာ အဆင်းရဲဆုံးပြည်နယ် ဖြစ်ပါတယ်။ လူ ၁၀ ယောက်မှာ ၆ ယောက်က ဆင်းရဲနွမ်းပါးသူတွေ ဖြစ်ပြီး၊ အများစုက ကျေးလက်တောရွာမှာ နေသူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက်အရ တစ်နေ့ကို အနိမ့်ဆုံးဝင်ငွေ သုံးထောင်အောက်သာရသူကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ တစ်နေ့ကို အနိမ့်ဆုံးဝင်ငွေ နှစ်ထောင် ဝန်းကျင်သာ ရှိပြီး ချင်းပြည်နယ်က လူတွေဟာ အဲ့ဒီအနိမ့်ဆုံးဝင်ငွေလောက်ပဲ ရကြတယ်လို့ဆိုပါတယ်။
"စားဝတ်နေရေး အခက်အခဲအများကြီးရှိတဲ့ဒေသပါ၊ ဥပမာပြောရရင် ဟင်းတစ်မယ်ကို သုံးလေးရက်လောက် ချွေတာစားနေရတယ်၊ ပိုက်ဆံဝင်ငွေက နှစ်ထောင်သုံးထောင်လောက်နဲ့ပဲ အလုပ်လုပ်နေရတယ်၊ မိသားစု ကများလေ့ရှိပြီး ကလေး ငါးယောက်ခြောက်ယောက်နဲ့က ဒီငွေ နှစ်ထောင် သုံးထောင်လောက်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ အရမ်းခက်ခဲကြတယ်"
ချင်းပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့အတွက် လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းနီးပါး နေထိုင်ပါတယ်။ အများစုဟာ တောင်ယာနဲ့ မုဆိုးလုပ်ငန်းနဲ့ အသက်မွေးကြရတာပါ။ တကယ်တော့ ချင်းလူမျိုးတွေဟာ စစ်မတိုက်ချင်ဘဲ အေးအေးဆေးဆေး နေချင်ပေမယ့် ကိုယ့်လူမျိုးကို သတ်ဖြတ်တာတွေ များလာလို့ အခုလို ပြန်ပြီး တွန်းလှန် နေတာလို့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ချင်းပြည်နယ်က ဖွံ့ဖြိုးတိုးတက်မှု နည်းတဲ့နေရာပါ၊ အများအားဖြင့် အေးအေးဆေးဆေး နေတတ်တဲ့ လူမျိုးပါ။ ဒါပေမဲ့ ကျနော်တို့ကို ပစ်ခတ်သတ်ဖြတ်နေသူတွေကို ကျနော်တို့က ရှေ့ဆက် လက်သီးလက်မောင်းတန်း ဆန္ဒပြဖို့ ဆက်မဖြစ်နိုင်ဘူး၊ ကျနော်တို့ကို ပစ်တော့ ကျနော်တို့က ပြန် ပစ်ရမှာပဲ"
ချင်းပြည်နယ်ထဲမှာ ဧပြီလကုန်ပိုင်းက စပြီးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၁၀၀ လောက် ကျဆုံးခဲ့ပြီး ချင်း CDF အဖွဲ့ဘက်ကလည်း ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ CDF ရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ CDF ဘက်က ဒေသလုပ် အမဲလိုက်တူမီးသေနတ်တွေ သုံးပြီး တိုက်ခိုက်နေတာပါ။ အိမ်တိုင်းလိုလိုမှာ တူမီးသေနတ်တွေရှိတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"တူမီးသေနတ်ဆိုတာ ပထမကမ္ဘာစစ်ကတည်းက သေနတ်။ နပိုလီယံတို့ခေတ်ကလို သေနတ်မျိုး၊ ကျေးရွာတိုင်းက တောင်ယာသွားတယ်၊ တောထဲသွားတယ်ဆိုရင် ငှက်ပစ်ဖို့ ဘာပစ်ဖို့ အိမ်တိုင်းအိမ်တိုင်း ဆောင်ထားကြတယ်"
CDF အဖွဲ့ဟာ မေလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကားလမ်းကြောင်းကို ခြုံခိုတားဆီးတိုက်ခိုက်ခဲ့ပြီး စစ်ကား ၆ စီးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က အရာရှိနဲ့ စစ်သားတချို့ကို ဖမ်းပြီး သုံ့ပန်းလဲလှယ်ဖို့ စစ်ကောင်စီဘက်ကို ကမ်းလှမ်းခဲ့ပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံး အထိအခိုက် များလာတာကြောင့် နောက်ပိုင်းမှာ စစ်ရှိန်မြှင့်လာတာပါ။
မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ လေးရက်ကြာတိုက်ပွဲအတွင်း ခုခံတော်လှန်မှုအများဆုံး မင်းတပ်မြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်တွေကိုပါ သုံးပြီး၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သိမ်းပိုက်လိုက်ပါတယ်။ CDF အဖွဲ့မှာ တူမီးသေနတ်ပဲရှိပြီး စစ်ကောင်စီဘက်က လက်နက်အင်အား အလုံးအရင်း သုံးခဲ့တာကြောင့် လက်နက်ချင်းမမျှလို့ အရှုံးပေးခဲ့ရပေမယ့် နည်းဗျူဟာအသစ်တွေနဲ့ ပြန်တိုက်ဖို့ ကြိုးစားနေတယ်လို့ CDF က ပြောပါတယ်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပထဝီအနေအထားအရ စစ်ပွဲမှာ ချင်း CDF ဘက်က အသာစီးရနေတယ်လို့ ဆိုပါတယ်။
"သမိုင်းမှာပြန်ကြည့်ရင် ကိုလိုနီခေတ်မှာ ကိုလိုနီစစ်တပ်တွေကို အများဆုံး ဒုက္ခပေးနိုင်တာက ချင်းပြည် နယ်ပဲ။ ချင်းပြည်နယ်ရဲ့ ထူးခြားချက်က ပထဝီစစ်ရေးအရ ပြောရရင် ထူးခြားတဲ့အနေအထား ရှိတယ်။ ပေလေးထောင်အထက်မှာ ရှိတယ်။ လမ်းကွေ့လမ်းကောက်တွေ သိပ်မရှိဘူး၊ တလမ်းသွားတွေ များတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်က လက်နက်အင်အားမရှိပေမယ့် တောလိုက်သေနတ်တွေ နှစ်လုံးပြူးတွေ၊ စစ်လက်ကျန်ပစ္စည်းတချို့နဲ့ ပြန်ခုခံနိုင်တဲ့အခြေအနေ ရှိတာကို၊ အင်္ဂလိပ်စစ်တပ်တွေ အတော့်ကို ဒုက္ခရောက်ခဲ့တာ၊ ကိုလိုနီစစ်တပ်ကို တောင်တန်းဒေသမှာ အများဆုံး ဒုက္ခပေးခဲ့တဲ့အဖွဲ့က ချင်းတွေ ဖြစ်နေတာကို ထူးထူးခြားခြား သွားတွေ့ရတယ်။ အဲ့ဒီအနေအထားက ဒီနေ့ စစ်ကောင်စီတပ်တွေကို ဒုက္ခပေးတဲ့ နေရာမှာလည်း ထိပ်တန်းရောက်လာတယ်လို့ သုံးသပ်တယ်"
ချင်းပြည်နယ်ဟာ တောင်တန်းဒေသ ဖြစ်တာကြောင့် ပထဝီအနေအထားအရ ချင်းလူမျိုးတွေကို တိုက်ခိုက်ဖို့ ခက်ခဲတယ်… ဆိုတဲ့ ပြောဆိုချက်ကို ချင်းသုတေသီ ကိုရှန်းထွန်းကလည်း ထောက်ခံပါတယ်။
"ချင်းပြည်မှာ မုဆိုးတွေများတယ်။ တောတောင်ရေမြေ သဘာဝအရ ကျနော်တို့က တောကျွမ်းကြတယ်။ ပြေးနေတဲ့ တောကောင်ကိုတောင်မှ ထိအောင် ပစ်တက်ကြတယ်။ စစ်သင်တန်း တက်စရာကိုမလိုဘဲ တူမီးပစ်တာက နဂိုကတည်းက သူတို့ရဲ့ ကျွမ်းကျင်မှုတစ်ရပ် ဖြစ်နေတာ"
စစ်ကောင်စီကတော့ ချင်း CDF အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ CDF အဖွဲ့က ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပြန်ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အကျအဆုံး ရှိတာကို ဖော်ပြထားပေမယ့် ဘယ်နှယောက်ကျဆုံးသလဲ ဆိုတာကိုတော့ မဖော်ပြပါဘူး။ စစ်ကောင်စီတပ်တွေ မင်းတပ်မြို့ကို သိမ်းပိုက်ချိန်မှာ လူသားဒိုင်းတွေပါသုံးခဲ့တယ်လို့ CDF ဘက်က ပြောထားပါတယ်။ ချင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက… ချင်းလူမျိုးတွေ လိုချင်တာဟာ တခြားတိုင်းရင်းသားတွေလိုပဲ တန်းတူဖက်ဒရယ်စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။
"ဖက်ဒရယ်စနစ်ပဲ လိုချင်တယ်။ ဖက်ဒရယ်မှာစုစည်းပြီး အားလုံး တန်းတူရည်တူရှိတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်ကြရင်၊ ဖော်ဆောင်နိုင်ရင်တော့ ကျနော်တို့အားလုံး လိုလားတဲ့ နိုင်ငံရေးစနစ်ဖြစ်မယ်လို့ ယူဆတယ်"
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မေလ ၁ ရက်နေ့အထိ သုံးလအတွင်း ချင်းပြည်နယ်မှာ ဆန္ဒပြပြည်သူ အရပ်သား ၂၈ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၂၀၀ ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားပါတယ်။ လတ်တလော ချင်းပြည်နယ်တွင်း CDF နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပေါင်း ၈၀၀၀ လောက် ရှိတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။