ချင်းပြည်နယ်မှာ အမျိုးသမီးအမတ်လောင်း ပါဝင်မှုလျော့နည်းလာ

ဆလိုင်းကေတီဟောက်ခိုင်
2020.09.09

ချင်းပြည်နယ်ကနေ  ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးထားတဲ့ အမျိုးသမီး ၁၈ ဦး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ၂၀၁၀ တုန်းကတော့  သုံးယောက် ဝင်ပြိုင်ပြီး ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီး ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် သိသိသာသာ ပြန်လည်လျော့ကျသွားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလင်းကျော်က အမျိုးသမီး အမတ်လောင်းတွေ လျော့နည်းလာရတဲ့ အကြောင်းရင်းတစ်ခုက မိသားစုအရေးကို ဦးစားပေးနေရာတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။

“ပါတီတွေကလည်း အမျိုးသမီးတွေ ပါဝင်လာဖို့ ဆွေးနွေးတာတွေ၊ လှုံ့ဆော်တာတွေ၊ ပြောဆိုတာတွေရှိတယ်။ နောက် တစ်နိုင်ငံလုံး အတိုင်းအတာမှာလည်း အမျိုးသမီး မြှင့်တင်ရေးကိစ္စတွေ ဆောင်ရွက်တော့  ကျွန်တော်က အမျိုးသမီးတွေ ပိုပြီးများလာမယ် ထင်တာ။ သို့သော် ကိုဗစ်၁၉ ရောဂါကြောင့် အမျိုးသမီးတွေက ကိုယ့်မိသားစု အရေးရော၊ တခြားပတ်ဝန်းကျင် အရေးတွေမှာ အဲဒါတွေနဲ့ပဲ နည်းသွားတယ်လို့ ယူဆတာပဲ၊ ကိုဗစ်ကြောင့်ပေါ့နော်”

ချင်းပြည်နယ်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ပြည်သူ့လွှတ်တော်မှာ ငါးဦး၊ အမျိုးသားလွှတ်တော်မှာ ခြောက်ဦးနဲ့ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်နေရာက ခုနှစ်ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက နှစ်ဦးကတော့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားလူမျိုးစုပါတီတွေ ပူးပေါင်းမှုမျိုးကို ချင်းပြည်နယ်မှာလည်း တွေ့ရပါတယ်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေက ၂၀၁၈ ခုနှစ်မှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အဖြစ် ပူးပေါင်းခဲ့ပါတယ်။

ဒီလို ပူးပေါင်းရာမှာ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်း လျော့သွားတာလည်း ဖြစ်နိုင်တယ်လို့ ချင်းပြည်နယ် အမျိုးသမီးရေးရာ လှုပ်ရှားသူ မိုင်လင်းနိုင်ကျဲက သုံးသပ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး လိုအပ်ချက်က မတူညီတတ်တာကြောင့် လွှတ်တော်ထဲ အမျိုးသမီးအင်အား နည်းလွန်းနေရင် အမျိုးသားတွေရဲ့ လိုအပ်ချက်ကိုပဲ ထည့်သွင်းစဉ်းစားတဲ့ ဥပဒေမျိုးသာ ထွက်လာနိုင်တယ်၊ ဒီလိုသာ ဖြစ်လာရင် အမျိုးသမီးတွေ နစ်နာမယ်လို့  မိုင်လင်းနိုင်ကျဲက ပြောပါတယ်။

“အခုချိန်က အမျိုးသမီးတွေအနေနဲ့ ပညာတတ် တော်တော်များများလည်း  ရှိလာပြီပေါ့နော်။ အသိအမြင် နိုးထလာပြီးတော့ ကိုယ်ကပါဝင်ဖို့ တစ်ခုတည်းအနေနဲ့လည်း မလုံလောက်ဘူးပေါ့။ အမျိုးသားတွေ ဘက်ကလည်း အမျိုးသမီးတွေ တကယ်တမ်း ဝင်ရောက်လာတဲ့ အခါမှာ နေရာပေးဖို့လည်း လိုအပ်တယ်လို့ မြင်တယ်။ အမျိုးသားတွေက နေရာမပေးချင်ဘူးဆိုရင် အမျိုးသမီးတွေဘက်က အတင်းဝင်ရောက် နေရာယူဖို့ မရဘူးဆိုတာ တွေ့ရတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ပြောင်းလဲဖို့လိုလိမ့်မယ်လို့ ကျွန်မကတော့ မြင်ပါတယ်”

ဒေသအများအပြားရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးပါဝင်မှု နည်းပါးခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရလာတဲ့ ဒီနေ့ကာလမှာ အမျိုးသမီးတွေဟာ လူသစ်ဖြစ်နေတဲ့အတွက် တာဝန်ကြီးကြီးမားမားအတွက် နေရာရနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီအခြေအနေကို ချင်းပြည်နယ်မှာလည်း ကြုံတွေ့နေရတယ်လို့ CNLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မိုင်လင်းလင်းထွန်းက RFA ကို ပြောပါတယ်။

“ပါတီထဲမှာ အတိုက်ခံတွေ အများကြီးရှိတယ်။ ဥပမာပေါ့ အမျိုးသမီးဖြစ်တာတစ်ကြောင်း၊ နောက်တစ်ခုက စီနီယာတွေ ၁၅ နှစ်လောက် လုပ်ခဲ့ဖူးသူတွေလေ။ သူတို့ပြောသလို အနစ်နာခံတဲ့သူတွေပေါ့။ သူတို့တွေနဲ့ ယှဉ်လာလို့ရှိရင် သူတို့က ပြဿနာ ရှာတာပေါ့နော်။ ကျွန်မတို့က ပေးဆပ်ခဲ့တာ မနေ့တစ်နေ့ကမှ ဝင်လာတဲ့သူက အဲဒီလိုမျိုးရလားပေါ့။ အဲဒီလိုလေးတွေရှိတယ်။”

သုံးပါတီပေါင်းထားတဲ့ CNLD မှာ ပါတီရဲ့ အမတ်လောင်းတွေထဲမှာ သူတစ်ယောက်တည်းသာ အမျိုးသမီး ဖြစ်နေတယ်လို့ မိုင်လင်းလင်းထွန်းက RFA ကို ပြောပါတယ်။

လုပ်သက်ရင့်သူတွေကို ဦးစားပေးရတဲ့အတွက် အမျိုးသမီးတွေ နောက်မှာ ကျန်ရစ်ခဲ့ရတယ်၊ ချင်းပြည်နယ် နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးတွေ တာဝန်ကြီးကြီးရနိုင်ဖို့ ခက်ခဲလွန်းတယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုနည်းလာတာကြောင့် တန်းတူအခွင့်အရေး ရရှိဖို့၊ ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစားရာမှာ အမျိုးသမီးတွေ နစ်နာနိုင်တယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားနေသူတွေက သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။