မတူပီတိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ခန့် အိန္ဒိယနိုင်ငံထဲ ထပ်မံ ထွက်ပြေးခိုလှုံ

2022.01.20
မတူပီတိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ခန့် အိန္ဒိယနိုင်ငံထဲ ထပ်မံ ထွက်ပြေးခိုလှုံ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံနေရတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်
AFP Photo

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ အခုရက်ပိုင်းတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လူပေါင်း သုံးထောင်ကျော်ရှိပြီး လူပေါင်း ၄၀၀ လောက်ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ပေးနေသူတွေက ပြောပါတယ်။

အခု ထွက်ပြေးတိမ်းရှောင်နေကြရတာဟာ ကျေးရွာပေါင်း ၃၀ ဝန်းကျင်အထိရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မတူပီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အနီးစပ်ဆုံးကောက်ထားတာက အနီးစပ်ဆုံးကျေးရွာပေါင်း လတ်တ လောပေါ့။ ကျေးရွာပေါင်း ၃၀ နီးပါးရှိတယ်။ လောလောဆယ် တိုက်ပွဲက တစ်ပိုင်း ရှိသေးတယ်ဆိုတော့ စာရင်းဇယားတွေ မကောက်နိုင်သေးဘူး။ အရင်ကလည်း တိုက်ပွဲတွေရှိတယ်။ အဓိကတော့ ပြည်သူတွေက စိုးရိမ်မှုကြောင့်ပေါ့။ စစ်ကောင်စီ တွေက ကျေးရွာတွေဝင်လာရင် ကျေးရွာတွေ ဝင်ဖျက်ဆီးတာရှိလို့ သူတို့က အဲဒါကို လန့်လို့ ထွက်ပေးတာဖြစ်ပါတယ် ခင်ဗျ"

ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေဟာ နေစရာ၊ စားစရာအတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ် ဟုန်းလေးနဲ့ ရမ်ဆိုင်းရွာဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ CDF Zotung၊ CAN၊ YDF၊ PDF-YAW၊ CDF Hakha၊ CDF lautu၊ CDF Senthang ပူပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF Zotung အဖွဲ့က ဇန်နဝါရီ ၁၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီ ၁၀ ရက်ကြာတိုက်ပွဲတွေအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF Zotung အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

CDF-Zotung အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ နှစ်ဖက်တိုက်ပွဲတွေဟာ မနေ့ကအထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲက နေ့တိုင်းလိုလိုရှိတယ်။ ဟိုးအရင်ကလည်းရှိတယ်။ မနေ့ကထိဖြစ်တယ် သူတို့က လေယာဉ်နဲ့ ဖြစ်နိုင်တာက လက်နက်ခဲယမ်းလာပို့တာရယ် သူတို့လူနာတွေ တင်ခေါ်သွားတာရယ် ဒီနှစ်ခုတော့ ဖြစ်နိုင်ပါတယ်။ အခုတိုက်ပွဲကလည်း တောက် လျှောက်ဖြစ်နေတယ်။ ပြောချင်တာက သူတို့လာထိုးတာ မခွာသေးဘူး မခွာသေးတော့ အဲဒီမှာပဲရှိနေတော့ အခုလည်းထပ်ဖြစ်မှာပဲ။ နောက်ထပ်ဖြစ်ဖို့ပဲ ကျန်တယ်”

အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာသူဟာ အခုရက်ပိုင်းတွေအတွင်း ရောက်ရှိလာသူတွေနဲ့ဆိုရင် လူပေါင်း သုံးသောင်းကျော်ရှိအထိ ရှိလာနေတယ်လို့ ပြော ပါတယ်။

"စစ်သားတွေ ရောက်လာတာနဲ့ တပြိုင်နက် ရွာတွေကို စွန့်ခွာပြီးတော့ စစ်ရှောင်မယ့်လူတွေက တော်တော်များလာမယ်"

တိုက်ပွဲတွေ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိတာကြောင့် ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် ဒီထက်ပိုများလာနိုင်တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“အခုဒီထက် တိုက်ပွဲတွေဖြစ်လာလို့ရှိရင် အိန္ဒိယဘက်ကို ကူးလာနိုင်ဖို့က ဖြစ်လာဖို့ များတယ်။ ကျနော်အရမ်းစိုးရိမ်တာက အခုမှာတောင်မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့ကျူးလွန်တာကများနေပြီ။ ပြီးတော့ လူတွေက ကြောက်လန့်ပြီးတော့ စစ်သားတွေ ရောက်လာတာနဲ့ တပြိုင်နက် ရွာတွေကို စွန့်ခွာပြီးတော့ စစ်ရှောင်မယ့်လူတွေက တော် တော်များလာမယ်။ ဆိုတော့ အဲဒီမှာ နောက်ဆက်တွဲကြုံရမယ့် ပြဿနာတွေက အများ ကြီးပေါ့။ စားစရာသောက်စရာကအစ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုကအစ အဲဒီလိုမျိုးပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်”

အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သူတွေအပြင် ချင်းပြည်နယ်အတွင်းမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်းဟာ လေးသောင်းကျော်အထိ ရှိလာနေတယ်လို့ သူက ပြောပါတယ်။

(ချင်းစစ်ဘေးဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်) AFP Photo
(ချင်းစစ်ဘေးဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၁ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်) AFP Photo

ချင်းပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်က အင်အားတွေတိုးချဲ့ပြီး စစ်ဆင်ရေးပြုလုပ်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဒေသတွင်း ခရီးသွားလာမှုတွေ၊ စားသောက်ကုန်တွေနဲ့ တခြားလူသုံးကုန် ပစ္စည်းသယ်ယူမှုတွေပါ ရပ်ဆိုင်းနေတယ်လို့လည်းဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကတော့ ချင်းပြည်နယ်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်း သုံးသောင်းလေးထောင် နီးပါးရှိပြီး လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်နဲ့ သွားလာခွင့်ပြုမိန့်မရတာတွေကြောင့် အကူအညီလိုအပ်နေသူတွေထံ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။