စစ်တပ်ကျည်ကြောင့် ဒုက္ခိတဘဝနဲ့ အကျဉ်းထောင်ထဲ ဖြတ်သန်းနေရတဲ့ ချင်းလူငယ်
2021.08.20
အသက် ၂၀ အရွယ် ချင်းလူငယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုပေါင်မင်းလွန်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် နေ့က ကလေးမြို့ တာဟန်းခံတပ်အနီး တာဟန်းရပ်ကွက်ထဲမှာ ဆန္ဒပြရင်း AG ဘုရားကျောင်းရှေ့အရောက် မှာ စစ်ကောင်စီရဲ့ သြဇာခံ စစ်သားနဲ့ ရဲတွေရဲ့ ကျည်ဆံအစစ်နဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာပါ။
ဘယ်ဘက်ခြေထောက်မှာ ကျည်ဒဏ်ရာနဲ့ လဲကျသွားခဲ့တဲ့ သူ့ကို စစ်သားတွေက ကားပေါ်ကို အတင်း ဆွဲတင်ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။
သူဟာ ကလေးမြို့မှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ အချိန် သုံးပတ်နီးပါး ဆေးကုသမှု ခံယူခဲ့ရပေမယ့် သေနတ်ထိမှန်ခဲ့တဲ့ ဘယ်ဘက်ခြေထောက်ကိုတော့ ပြန်ကောင်းလာအောင်ကုဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အတွက် ဒူးခေါင်းအထက်ကနေ ဖြတ်လိုက်ရပါတယ်။
ကိုပေါင်မင်းလွန်ဟာ သမိုင်းဘာသာရပ်နဲ့ ကလေးတက္ကသိုလ်မှာ ပညာသင်နေတဲ့ ဒုတိယနှစ်ကျောင်းသား တစ်ဦးပါ။
သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခံရတဲ့နေ့ကပင် မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး နောက်ဆုံး စစ်တပ်ဆေးရုံ မှာ ကျောက်ပတ်တီးနဲ့ တွေ့ခဲ့ရတာလို့ မိခင်ဖြစ်သူ ဒေါ်ဒေခိုလှင်က RFA ကို ပေါတယ်။
"မတ်လ ၁၇ ရက်နေ့ပေါ့နော်။ တာဟန်းက AG ဘုရားကျောင်းရှေ့မှာ ဖြစ်တာ၊ အဲဒီမှာစဖြစ်တာ၊ အဲဒီမှာ စဖြစ်ပြီးတော့ ဘယ်လိုပြောမလဲ သူက အဲဒီဆန္ဒပြထဲ သွားပါမိလားဆိုတာ ကျမလည်း မသိလိုက်ဘူး၊ ဒါပေမဲ့ ပါသလားလို့ဆိုပြီး ဖုန်းဆက်တော့လည်း ဖုန်းက ဘယ်လိုမှဆက်လို့မရဘူး၊ ညနေ ၅ နာရီ ၆ နာရီလောက်ကျတော့ သူ့သူငယ်ချင်းတစ်ယောက်က ပေါင်မင်းလွန်တစ်ယောက် ခြေထောက်ကျည်မှန် သွားတယ်နော်။ စစ်သားတွေ ခေါ်သွားတာ တွေ့လိုက်တယ်တဲ့။ အဲလိုသတင်းရတယ်။ ဒါပေမဲ့ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ အဲဒါ ညကျတော့ လိုင်းကနေ စုံစမ်းခိုင်းတဲ့အခါကျတော့ ဆေးရုံမှာ ဆေးကုသနေတယ်ဆိုတဲ့ သတင်းကြားတယ်၊ ဘယ်ဆေးရုံမှန်းလည်း မသိဘူး။ ချက်ချင်း၊ မနက်မိုးလင်းတဲ့ အခါရောက်တော့ ကျမလည်း မေးကြည့်တဲ့အခါ ကုတင် ၁၀၀ မှာဆိုတော့ တပ်ဆေးရုံပဲဖြစ်မှာဆိုပြီး တပ်ဆေးရုံကလည်း သွားရမှာကြောက်ဆိုတော့ မသွားရဲဘူး ချက်ချင်း။ အဲဒါနဲ့ တပ်ဆေးရုံက အလုပ်သမား တစ်ယောက်ကို စုံစမ်းခိုင်းတဲ့ အခါကျတော့ ရှိတယ်တဲ့၊ အဲတော့ ဗိုလ်မှူးကို မေးကြည့်တော့ သူ့အိမ်က ခေါ်ပေးလိုက်ဆိုပြီး ဖုန်းဆက်ပြီးခေါ်တဲ့အခါ ကျမလည်းလိုက်သွားတာ၊ လိုက်သွားတော့ အဲဒီဆေးရုံမှာ တွေ့ရတာ"
ရရှိထားတဲ့ ဒဏ်ရာ မကျက်သေးခင် ဧပြီလ ၆ ရက်နေ့ပဲ ကလေးမြို့နယ် ရဲစခန်းကို ပြောင်းရွှေ့ ချုပ်နှောင် ခံခဲ့ရပြီး နောက်နေ့ မနက်မှာတော့ စစ်ကောင်စီက ကလေးအကျဉ်းထောင်ကို ဆက်လက် ပို့ဆောင်လိုက်ချိန် ကပင် မိသားစုနဲ့ ဒီနေ့အထိ အဆက်အသွယ်မရတော့ပါဘူး။

မိခင်ဖြစ်သူက ကလေးမြို့ ရဲစခန်းမှူးနဲ့ ကလေးမြို့မှာရှိတဲ့ ကလေးဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ရဲ့ အရာရှိ တို့ထံ သွားရောက်တွေ့ဆုံပြီး သားဖြစ်သူဟာ ခြေထောက်ဖြတ်ထားရတဲ့ ဒုက္ခိတဖြစ်တာကြောင့် အကျဉ်းထောင်ကို မပို့ဖို့ ကိုယ်တိုင် တောင်းပန်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
ကိုပေါင်မင်းလွန်ကို စစ်ကောင်စီက တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး ဇွန်လ ၁၇ ရက်နဲ့ ဇူလိုင်လ ၁ ရက်နေ့တွေမှာ ကလေးခရိုင် တရားရုံးကို အမှုချိန်းဆိုတာတွေ ရှိခဲ့ပေမယ့် ဒီနေ့အထိ အမှုစစ်တာမရှိဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။
ကိုပေါင်မင်းလွန်ဟာ ကျောင်းပြီးသွားရင် အဆိုတော် ဖြစ်အောင်လုပ်မယ်လို့ စိတ်ထားကူးထားသူ ဖြစ်သလို နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး မိဘကို ပြန်လုပ်ကျွေးဖို့ ရည်မှန်းချက် ရှိခဲ့တာလို့လည်း မိခင်ဖြစ်သူနဲ့ သူငယ်ချင်းတွေက ပြောကြပါတယ်။
သူဟာ ကိုဗစ်ကာလမှာလည်း ကူညီမှုတွေ လုပ်နေခဲ့တဲ့ ပရဟိတစိတ် ရှိသူဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့ သူငယ်ချင်းတစ်ဦးက RFA ကိုပြောပြပါတယ်။
"လမ်းမကြီးမှာပေါ့နော် ပိတ်မိနေတဲ့သူတွေကို ဆိုင်ကယ်နဲ့ ကယ်ထုတ်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့ သေနတ်ပစ်တဲ့အသံတွေနဲ့ သူ သေနတ်ထိမှန်ခဲ့တယ်၊ သူခြေထောက်ကို ထိမှန်ခဲ့တယ်၊ အဲဒီအချိန်မှာ သူပြေးလို့ မလွတ်တော့ဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကောင်စီက အင်အားအများအပြားနဲ့ သူ့အနားကို ရောက်လာခဲ့တဲ့အချိန်မှာ သူ့ရဲ့ သူငယ်ချင်းတွေကလည်း ကယ်ထုတ်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာ သူကိုယ်တိုင်ကလည်း ဒီခြေထောက်ကို မှန်ထားတဲ့အတွက် မပြေးနိုင်တဲ့အတွက်ပေါ့နော် အဲဒီအချိန်မှာပဲ စစ်ကောင်စီက ခေါ်သွားတယ်၊ သူက ပရဟိတစိတ်ဓာတ် တော်တော်လေး ပြည့်ဝတဲ့သူ တစ်ယောက်ပေါ့နော်၊ အာဏာမသိမ်းခင်မှာလည်း ကိုဗစ် - ၁၉ မှာ Volunteer လည်း အားကြိုးမာန်တက် နဲ့ လုပ်ခဲ့တယ်၊ ပြီးတော့ ပရဟိတစိတ် တော်တော်လေး ပြင်းထန်တယ်ပေါ့လေ၊ ပြီးတော့ သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်ပေါ့ အဲဒါကတော့ သူ အဆိုတော် ဖြစ်ချင်တာပေါ့နော်"
ဧပြီလ ၇ ရက်နေ့မှာလည်း ကလေးမြို့ရဲ့ စစ်ကောင်စီဆန့်ကျင်ရေးမှာ နာမည်ကြီးတဲ့ တာဟန်းခံတပ်ကို စစ်ကောင်စီတပ်သားတွေက ထပ်မံ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူငယ် ၁၂ ယောက် ကျဆုံးကာ အယောက် ၃၀ လောက် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၄၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၇၀ ကျော် ရှိတယ်လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
"ခုဟာ သူဟာ ဒုက္ခိတကြီးနဲ့ဆိုတော့ သူထောင်ထဲရောက်ဖို့က မခံစားနိုင်ဘူး"
ကိုပေါင်မင်းလွန်ရဲ့ မိခင် ဒေါ်ဒေခိုလှင်က ဒုက္ခိတဖြစ်နေတဲ့ သားဖြစ်သူကို အမြန်ဆုံး ပြန်လွတ်စေချင်ပြီး အမှုရင်ဆိုင်ရရင်တောင် အိမ်ကနေပဲ ရင်ဆိုင်ရဖို့ မျှော်လင့်နေတယ်လို့ RFA ကို ပြောပါတယ်။
"ကိုယ်က လွှတ်ပေးစေချင်တာပေါ့ တောင်းဆိုချင်တာကတော့၊ ဘာလို့လဲဆိုတော့ ကျမ ဒကစ ဆီ သွားတုန်းက ကျမ အပြတ်ပြောတယ်၊ သူတို့က လူငယ်ဆိုတော့ ဆန္ဒပြတာပဲ ရှိတယ်၊ သူတို့မှာ ဘာအပြစ်မှ မရှိဘူးပေါ့နော်၊ ဒါပေမဲ့ ကျမ ဘယ်လိုပြောမလဲ တပ်မှူးကိုတော့ ကျမ ပြောတယ်၊ ဆရာလို့ အဲလို သူတို့ လုပ်ရပ်နဲ့ သေနတ်မှန်ပြီးတော့ ဆေးကုသမှု ခံပြီးတော့ ထောင်ထဲရောက်သွားလို့ရှိရင် ဘယ်နှစ်လနေနေ ကျမ ကိစ္စမရှိဘူးလို့၊ သူတို့ဟာသူတို့ အမှုရင်ဆိုင်ပြီးလို့ အမှုပြီးရင် ထွက်ချိန်တန် ထွက်မှာပါလို့၊ ဒါပေမဲ့ အခုဟာ သူဟာ ဒုက္ခိတကြီးနဲ့ဆိုတော့ သူထောင်ထဲရောက်ဖို့က မခံစားနိုင်ဘူးလို့၊ ဘာပဲဖြစ်ဖြစ် အိမ်ပြန်ပါရစေဆိုပြီးတော့ အဓိက အဲဒါတော့ ကျမ တောင်းဆိုခဲ့တယ်၊ ရိုးရိုးသေနတ်မှန်တာ မဟုတ်ဘူး၊ ခြေဖြတ်ရတာဆိုတော့ သူလည်း တအားဒုက္ခရောက်မှာလို့ အဆင်မပြေဘူးလို့ ဒကစ ကိုတော့ အဲလို ကျမ တောင်းဆိုခဲ့တယ်"
စစ်ဆေးရုံမှာ ရှိနေချိန် မိဘတွေ တွေ့ခွင့်ရခဲ့ပေမယ့် အချုပ်ထဲကနေ ကလေးအကျဉ်းထောင်ထဲ ရောက်တဲ့ အချိန် ကစပြီး သားဖြစ်သူဆီက ပို့လိုက်တယ်ဆိုတဲ့ နေကောင်းကြောင်း စာတစ်စောင် ရောက်လာတာက လွဲလို့ ဒီနေ့အချိန်အထိ တွေ့ခွင့်မရဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။၏
ကလေးမြို့၊ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ရက် ၂၀ ကြာ ဆေးကုသပြီး ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရတဲ့ ကိုပေါင်မင်းလွန် ကတော့ ကလေးအကျဉ်းထောင်မှာ ဒုက္ခိတဘဝနဲ့ ငါးလကျော်ကြာတဲ့ ဒီနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။