တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်းရဲ့ မြန်မာခရီးစဉ်
2021.09.01
ပြီးခဲ့တဲ့ သီတင်းပတ်က အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ခံအစိုးရကို စစ်တပ်ခေါင်းဆောင်တွေက အာဏာသိမ်းဖယ်ရှားခဲ့တဲ့အပေါ် အနောက်နိုင်ငံတွေက ဆန့်ကျင်နေကြချိန်မှာ တရုတ်အစိုးရက အိမ်နီးချင်း မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဘဲ တည်ငြိမ်မှုရှိဖို့ အဓိကထားကြောင်းပြောပါတယ်။
ဩဂုတ်လ ၂၁ ရက် ကနေ ၂၈ ရက်အနေ့အထိ လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း ဟာ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့တွေ့ဆုံခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် သဘောထားအမြင်ဖလှယ်ခဲ့ကြောင်း၊ မြန်မာ့လူမှုတည်ငြိမ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်ကြိုးပမ်းမှုမှာ နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ အပြုသဘောဆောင် အားထုတ်ကူညီသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါ့ပြင် မြန်မာအနေနဲ့ အခက်အခဲအကျပ်အတည်းတွေ၊ ပြင်ပစွက်ဖက်မှုတွေကို အာဆီယံနိုင်ငံတွေနဲ့အတူ ဆန့်ကျင်နေတဲ့အပေါ် ထောက်ခံကြောင်းလည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီကို ဆန့်ကျင်သူတွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် တရုတ်က ထောက်ခံကူညီခဲ့ကြောင်း ပြောဆိုကြပါတယ်။ တရုတ်အစိုးရကတော့ အဲဒီ ပြောဆိုချက်ကို ငြင်းဆိုပြီး၊ လက်ရှိပြဿနာကို ဒေသတွင်း သံရေးတမန်ရေးအရ ဖြေရှင်းကြဖို့ကိုသာ အားပေးကြောင်း ပြောပါတယ်။
နိုင်ငံအတွင်း နေ့စဉ်ဆန္ဒပြပွဲတွေအပြင်၊ အမြန်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်တပ်ကြား ပေါ်ပေါက်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာနဲ့ချီ သေဆုံးခဲ့ရ၊ ထောင်နဲ့ချီ နေရပ်ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ဒီအတွင်း NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေက ကမ္ဘာ့ပြည်သူတွေအနေနဲ့ မြန်မာ စစ်ကောင်စီထက်၊ NUG အစိုးရကို ထောက်ခံကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ သံတမန်ရေးရာအရ ထောက်ခံမယ့်ပုံ ရှိသလို အိန္ဒိယကလည်း အဲဒီလမ်းကြောင်းကိုပဲ လိုက်မယ့်ပုံရှိနေကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်တဲ့ စိုင်းဝမ်စိုင်းက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒါ့ပြင် ရန်ကုန်ဆိပ်ကမ်းကနေ တရုတ်ပြည် ယူနန်အထိ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းနဲ့ ဇီချွမ်ပြည်နယ် အနောက်တောင်ပိုင်းက ချင်ဒူးအထိ ရထားလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်ပြီဖြစ်ကြောင်း၊ အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်ဟာ တရုတ်- မြန်မာ ကုန်သွယ်ဆက်ဆံရေးတွေကို အားကောင်းမောင်းသန် ဖြစ်လာစေမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီအတွင်း မြန်မာနယ်စပ်အထိ ရောက်ရှိမယ့် ချန်ဒူး-လင်ချင်း- မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ဖွင့်လှစ်လိုက်ပြီဖြစ်လို့ တရုတ်ပြည် ဇီချွမ်ပြည်နယ်မြို့တော် ချင်ဒူးကနေ၊ ယူနန်ပြည်နယ် လင်းချင်းအထိ ရထားလမ်းပေါက်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ချင်းရွှေဟော်နဲ့ နယ်စပ်ချင်း ကပ်နေတာပါ။ ရထားလမ်းသစ်ဖွင့်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီရထားလမ်းဖောက်လုပ်ရေးအစီအစဉ်ကို စစ်အေးကာလ ပြီးဆုံးကာနီးလောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။