ပြည်ပချေးငွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း လေ့လာသူတို့ ထောက်ပြ
2020.06.09
မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ထဲမှာ တရုတ်နိုင်ငံဆီက ချေးငွေ လေးဘီလီယံကျော်ရှိတဲ့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ခန့် ပြန်လည်ပေးဆပ်နေရပြီး အစိုးရနဲ့ တိုင်းပြည် အတွက် ဝန်ထုတ်ဝန်ပိုးနဲ့ အကျပ်အတည်းဖြစ်နေတယ်လို့ လေ့လာသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်ကုန် စာရင်းတွေအရ ပြည်ပချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိနေပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံဆီက ချေးငွေ လေးဘီလီယံကျော်ရှိတဲ့အတွက် ကြွေးမြီစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
တရုတ်ကရတဲ့ ချေးငွေအများစုက ၂၀၁၀ ခုနှစ်မတိုင်ခင် တပ်မတော် အစိုးရလက်ထက်မှာ ဆိုင်းငံ့ကာလ နှစ် ၃၀ နဲ့ ချေးယူခဲ့တာဖြစ်ပါတယ်။
စီးပွားရေး လေ့လာသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က တရုတ်ကို အတိုးနှုန်း လေး ရာခိုင်နှုန်းကျော်နဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် ပေးဆပ်နေရတဲ့အတွက် အစိုးရမှာ အကျပ်အတည်းဖြစ်နေတယ်လို့ ပြောပါတယ်။
"တရုတ်ချေးငွေ တော်တော်များများကလည်း ကျနော်တို့သိသလောက် ၂၀၁၀ မတိုင်ခင်က ချေးတဲ့ငွေတွေ ပေါ့နော်၊ အဲတော့ ၂၀၁၀ မတိုင်ခင်က ချေးတဲ့ငွေဖြစ်တဲ့အတွက် ဆိုင်းငံ့ နှစ် ၃၀ ဆိုတော့ ပြန်ဆပ်ရပြီပေါ့ ။ အခုက ပြန်ဆပ်ရပြီဆိုတော့ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ပတ်ဝန်းကျင်လောက်ဆပ်ရမယ်၊ အရင်းအတိုး ဒေါ်လာသန်း ၅၀၀ လောက်ရှိမယ်၊ တရုတ်ချေးငွေ တော်တော်များများက အတိုးနှုန်း လေးရာခိုင်နှုန်းလောက် ရှိတယ်၊ နိုင်ငံတကာအတိုးနှုန်းနဲ့ နှိုင်းယှဉ်ရင် လေးရာခိုင်နှုန်းများတဲ့အတွက် ဒီလောက်များတဲ့ ပမာဏ ဖြစ်တဲ့အတွက် လက်ရှိအစိုးရအတွက် အကျပ်အတည်းအများကြီးရှိတယ်။"
တိုင်းပြည်ရဲ့ ချေးငွေ စုစုပေါင်းထဲက ၈၀ ရာခိုင်နှုန်းလောက်ကို အရင်းအတိုးဆပ်နေရတဲ့သဘောဖြစ်ပြီး ကြွေးမြီဖြေလျော့ပေးဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးခဲ့တာတွေရှိပေမယ့် တရုတ်ဘက်က လိုက်လျောပုံမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ တရုတ်ဆီက ကြွေးမြီသစ်မရှိသေးဘဲ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေထံကသာ ချေးယူတာတွေ့ရတယ်လို့ ဦးသန်းစိုး (ဘောဂဗေဒ) က မှတ်ချက်ပြုပါတယ်။
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က နိုင်ငံတကာ ဖိအားတွေကြောင့် တပ်မတော် အစိုးရလက်ထက်မှာ ရွေးချယ်ခွင့်မရှိဘဲ အတိုးနှုန်း အများကြီးနဲ့ တရုတ်ကနေ ချေးယူခဲ့ရတယ်လို့ ပြောပါတယ်။
"တပ်မတော်အစိုးရလက်ထက်မှာတုန်းက ဂျပန်တို့ အမေရိကန်တို့ အင်္ဂလန်တို့ ဥရောပသမဂ္ဂတို့ နိုင်ငံတွေက ကျနော်တို့ကို ပိုက်ဆံမချေးဘူး။ နောက်တစ်ချက်က အမေရိကန်ရဲ့ ဖိအားကြောင့် ကမ္ဘာ့ဘဏ်တို့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ကနေလည်း ချေးငွေမရဘူး၊ မရတဲ့အခါကျတော့ အများဆုံးရနိုင်တာက တရုတ်ပဲရှိတဲ့ အတွက် တရုတ်ဆီကနေ ကျနော်တို့က ချေးရတယ်၊ အဲလိုချေးရတဲ့အတွက်ကြောင့် မဖြစ်မနေယူရတဲ့ အတွက်ကြောင့် ရှင်းရှင်းပြောရရင် ကိုယ့်ဘက်ကသိပ်ဈေးစစ်လို့မရဘူးပေါ့ဗျာ။ သူတို့ ပေးတဲ့အတိုးနဲ့ ယူရတဲ့အတွက်ကြောင့် အဲဒီအတိုးတွေကများခဲ့တယ်။"
တပ်မတော်အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေက လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်စုံလုံလောက်တဲ့ လေ့လာစမ်းစစ်မှုတွေမလုပ်ဘဲ ချေးယူခဲ့တာတွေရှိလို့ လုပ်ငန်းမအောင်မြင်ဘဲ အတိုးနှုန်းတက်လာပြီး ဝန်ထုတ် ဝန်ပိုးဖြစ်ခဲ့ရတာတွေရှိခဲ့တယ်လို့ ဦးရဲထွဋ်က မှတ်ချက်ပြုပါတယ်။
မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက တရုတ်ရဲ့ ချေးငွေအတိုးနှုန်းဟာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF လို အဖွဲ့တွေဆီကရတဲ့ ချေးငွေ အတိုးနှုန်းထက် အဆပိုများတဲ့အတွက် သတိထားသုံးဆွဲကြဖို့ ပြောခဲ့ပါတယ်။
"တရုတ်ပြည်ကတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ပေးငွေတွေကို ရွှေ့ဆိုင်းပေးမယ်ဆိုပြီးတော့ရှိပါတယ်တဲ့၊ အဲဒီတော့ တရုတ်ပြည်က ချေးငွေတွေကလည်းပဲ တကယ်ပြောကြစတမ်းဆိုရင် ကမ္ဘာ့ဘဏ်တို့၊ IMF တို့ ကနေ ချေးတာ ထက်စာရင် အတိုးနှုန်းတွေက အများကြီးမြင့်ပါတယ်။ အထူးသဖြင့်ပေါ့လေ အဲလိုအတိုးနှုန်းများတဲ့ ချေးငွေ တွေနဲ့ ပတ်သက်ပြီးတော့ ပရောဂျက်အဖြစ် သုံးဆွဲတဲ့အခါမှာ သိပ်ကို သက်ဆိုင်ရာဌာနတွေ အနေနဲ့ သတိပြုသင့်တယ်လို့ ကျနော်ပြောလိုပါတယ်။"
အစိုးရဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေနဲ့ လုပ်တဲ့လုပ်ငန်းတွေဟာ တာဝန်ကြီးတဲ့အတွက် သတိထား ဖို့လိုပြီး တရုတ်နိုင်ငံက ချေးငွေတွေဟာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ထက် အတိုး နှုန်းအများကြီးမြင့်တယ်လို့ ဦးမော်သန်းက ပြောခဲ့ပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး က တရုတ်က နိုင်ငံတချို့ကို ကြွေးမြီ လျှော်ပေးခဲ့တာကို နမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ကြွေးမြီ လျှော့ပေးဖို့ အစိုးရဘက်က ညိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။
"တရုတ်နိုင်ငံက တခြားနိုင်ငံတချို့ပေါ့နော် ချေးငွေကိစ္စနဲ့ ပတ်သက်ပြီးတော့ လျော့ပေါ့စဉ်းစားခဲ့တာလေး တွေရှိတယ်၊ ဖြေလျော့မှုလေးတွေ ပေးခဲ့တာရှိတယ်။ အဲတော့ ကိုဗစ်ကာလမှာတော့ ဒါကို ကျနော်တို့ဘက်က တောင်းဆိုမယ် ညှိုနှိုင်းမယ်၊ ပြေလည်အောင် တချို့ကိစ္စတွေကို ကျနော်တို့ဘက်ကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကြန့်ကြာမှုတွေရှိနေတဲ့ကိစ္စကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ် စသဖြင့် ပေါ့နော် ပူးပေါင်းဆာင်ရွက်နိုင်မယ့် အစီအစဉ်မျိုးကို စဉ်းစားပြီးလုပ်မယ်ဆိုရင်တော့ ရကောင်းရနိုင်ပါတယ် ခင်ဗျ။"
ISP-Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးအရာရှိ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ တရုတ်ကြွေးမြီထောက်ခြောက်ထဲ မရောက်အောင် အစိုးရတွေက သတိထားသင့်တယ်လို့ ပြောပါတယ်။
"အပြောများတာကတော့ ကြွေးမြီထောင်ချောက်လို့ ခေါ်တာပေါ့၊ အထူးသဖြင့် တရုတ်က BRI လို့ခေါ်တဲ့ စင်္ကြန်လမ်းမကြီးပေါ့ ဒါနဲ့ပတ်သက်လို့ ချေးငွေတွေ ဖြစ်လာမယ်၊ စီမံကိန်းတွေ ဖြစ်လာမယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီအတိုးတွေက ကြာရင် ပြသနာတက်နိုင်တယ်ဆိုတဲ့ကိစ္စမျိုး ပြောကြတာပေါ့ဆိုတော့ တရုတ်ချေးငွေက လေးဘီလျံနီးပါးလောက်ရှိတယ်၊ နောက်တစ်ခါ သူ့ရာခိုင်နှုန်းကလည်းများတယ်၊ ၄.၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ခုနက ပြောသလို ကြွေးမြီထောင်ချောက် မဖြစ်အောင်လို့တော့ သတိထားရမယ့် သဘောရှိပါတယ်။"
မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရဘတ်ဂျက် လိုငွေပြတာကို ဖြည့်ဖို့ ပြည်ပချေးငွေအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA စတဲ့ အဖွဲ့အစည်းတွေကနေ ဒေါ်လာသန်းရာနဲ့ချီ ချေးယူဖို့ အတည်ပြုခဲ့ပါတယ်။
မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လေးနှစ်မြောက်ကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စုစုပေါင်း ငွေကျပ် သန်း ၃၀၀၀ ကို လက်ရှိအစိုးရကို ပေးသွင်းဖို့ ကျန်နေပြီး မနေ့က ဇွန်လ ၈ ရက်နေ့မှာ ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီငွေတွေ ပြန်ပေးဖို့ ကျန်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ရန်ကုန် ၊ မန္တလေး၊ ကရင်၊ ရှမ်း တို့ဖြစ်ပြီး မန္တလေးတိုင်းမှာ မီးလင်းရေးအတွက် ချေးငွေ ၃၂၂ သန်း ပြန်ပေးဖို့ ကျန်ရှိနေပါတယ်။
အလားတူ ရန်ကုန်တိုင်းမှာလည်း ကျောက်မျက်လုပ်ငန်းရှင်တွေကို စိုက်ထုတ်ပေးချေတဲ့ ငွေကျပ် ၁၃၂၂ သန်းရှိပြီး၊ ရှမ်းပြည်နယ်မှာ လျှပ်စစ်ဖော်ထုတ်တဲ့ စီမံကိန်းလုပ်ငန်းတွေမှာ မြေငှားရမ်းခ ကျန်ငွေ ၁၆.၅ သန်းနဲ့ ကရင် ပြည်နယ်မှာ ပုဂ္ဂိုလ်အဖွဲ့အစည်း ၄၅ ခုရဲ့ ကျပ်သန်း ၁၅၀၀ နီးပါးကို ပြန်ပေးဖို့ ကျန်နေသေးတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြေငှားရမ်းခတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေရှိပါသလားလို့ သတင်းထောက် တစ်ဦးက မနေ့က မေးမြန်းခဲ့ရာမှာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် ကြီးကြပ် စစ်ဆေးလို့ မရနိုင်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူက ပြောခဲ့ပါတယ်။