နယ်စပ်ကုန်သွယ်ရေး တရုတ်ကန့်သတ်ချက်ကြောင့် မြန်မာကုန်သည်တွေ အခက်တွေ့

2021.12.21
နယ်စပ်ကုန်သွယ်ရေး တရုတ်ကန့်သတ်ချက်ကြောင့် မြန်မာကုန်သည်တွေ အခက်တွေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ကျင်ဆန်းကျော့ဂိတ်မှာ ဝင်ရောက်လာတဲ့ ယာဉ်များကို ကိုဗစ် စည်းကမ်းချက်အရ ပိုးသတ်ဆေးဖြန်းနေတာကို တွေ့ရစဉ်
Photo: khun min thant

ကိုဗစ်ကပ်ရောဂါကြောင့် အချိန်ငါးလကျော်ကြာ ပိတ်ထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ကျင်ဆန်းကျော့နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က စည်းကမ်း တင်းကျပ်မှုတွေကြောင့် အခက်အခဲ ဖြစ်နေ တယ်လို့ ကုန်သည်တွေ ပြောပါတယ်။

တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေအတွက် မြန်မာဘက်ခြမ်းမှာ ဇုန်နေရာ သတ်မှတ်ထားပြီး အဲဒီ ကုန်စည်တွေကို တရုတ်နိုင်ငံဘက်က ကားတွေကပဲ လာရောက်သယ်ယူရတာပါ။

ဒါကြောင့် မြန်မာကုန်သည်တွေအနေနဲ့ ကုန်ပစ္စည်းတွေကို တရုတ်ကားတွေပေါ် ရောက်ရှိရေးအတွက် အတင် အချ လုပ်ရတဲ့အချိန်ဟာ ဆယ်ရက်ကျော်လောက်အထိ ကြာတာကြောင့် ကြာရှည်မခံတဲ့ လယ်ယာထွက်ကုန် တွေဆိုရင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မူဆယ်အခြေစိုက် သစ်သီးဝလံ ကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောပါတယ်။

“ကိုဗစ်နဲ့ဆိုင်တဲ့ ကုန်သွယ်မှုပေါ့လေ ကွာရန်တင်းဝင်ရတယ်၊ ဆေးစစ်ရတယ်၊ ဆေးဖြန်းရတယ် အဲဒါ တွေကြောင့် ကြန့်ကြာနေတာ။ နောက်ပြီးသူတို့ရဲ့ အကောက်ခွန်စနစ် အပြောင်းအလဲနဲ့ ဆိုတော့ ကြာသွားတာပေါ့။ တောင်သူတွေ အနေနဲ့ကတော့ သူတို့ထုတ်ကုန်လမ်းကြောင်း မချောမွေ့ဘူး ဖြစ်သွားတာပေါ့။ ဒီတစ်သုတ်မှာ ဆယ်ရက်လောက် ဖြစ်သွားတယ်လေ။ တရုတ် အကောက်ခွန်န်ပိုင်းမှာ ကြန့်ကြာမှုနဲ့ အားလုံးပေါင်း တချို့ကားတွေဆို ရက်နှစ်ဆယ်လောက်ဖြစ်သွားတဲ့ အနေအထားတွေ ထိရှိတာပေါ့”

အခုသတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ မြန်မာဘက်က ကုန်ကားတွေဟာ တရုတ်နိုင်ငံထဲကို တိုက်ရိုက်သွား ရောက်ခွင့်မရှိဘဲ တရုတ်နိုင်ငံဘက်က လာရောက်သယ်ယူတဲ့ ကုန်ကားတွေနဲ့ပဲ တဆင့်တင်ပို့ရတာကြောင့် ပျက်စီးဆုံးရှုံး မှုတွေနဲ့ ကြုံနေရတယ်လို့လည်းဆိုပါတယ်။

ဒီစနစ်ဟာ ကုန်ကျစရိတ်တွေကလည်း ပိုများတာကြောင့် ကုန်သည်တွေနဲ့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ ကြားမှာ မကြာခဏ ညှိနှိုင်းမှုတွေ လုပ်နေရတယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင်အသင်း ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။

“သူက နယ်စပ်ကုန်သွယ်မှု ဥပဒေနဲ့ လုပ်ရမှာကို ပုံမှန်ကုန်သွယ်မှုပေါ့။ ပုံမှန်ကုန်သွယ်မှုဆိုတာ အရင်တုန်း က သွားနေတဲ့ ပုံစံအတိုင်း ကောက်လိုက်တော့ ဈေးတွေမြင့်သွားတယ်။ ဈေးတွေမြင့်သွားတော့ ဘာပဲ ပြောပြော နစ်နာတာပေါ့။ နစ်နာပေမယ့်လည်း ရောက်နေတဲ့ပစ္စည်းတွေက မသွားလို့မရဘူး။ အသီးတွေ ဆိုလည်း မသွားလဲ ပုပ်သွားမှာဆိုတော့ သူတို့ပြဌာန်းတဲ့ စည်းမျဉ်းဥပေအတိုင်းပဲ အခွန်ဆောင်ပြီးတော့ ဝင်နေပါတယ် ရွေ့တော့ရွေ့နေပါတယ်”

အခု သတ်မှတ်ထားတဲ့ စနစ်ကြောင့် မြန်မာဘက်က ကုန်စည်တွေကို တရုတ်နိုင်ငံဘက်က ကားတွေ လာ မသယ်ရင် ကုန်ပစ္စည်တင်ပို့လို့ မရတာကြောင့် အခက်အခဲ ပိုဖြစ်ရမယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကားတွေပေါ်မှာလည်း ကုန်စည်ဒိုင်အလိုက် အချိုးကျ ခွဲဝေစနစ်နဲ့ တင်ပို့ရတာဖြစ်လို့ မြန်မာ ဘက်က ပို့ကုန်တင်ပို့ရေးမှာ နစ်နာမှုကြီးမားနေကြောင်းလည်း မူဆယ်နယ်စပ်က ကုန်သည် ကိုမင်းသန့်က ပြောပါတယ်။

“နှစ်နိုင်ငံကတော့ ဟုတ်တယ် ကုန်သွယ်ရေးပိုင်းကတော့ ကျင်စန်းကျော့ကို ဖွင့်လိုက်ပြီ။ ပစ္စည်းကိုတော့ OPEN ခွင့်ပြုထားတယ်။ သူတို့ ထွက်လာတဲ့ကားက တစ်ရက်ကို နှစ်ဆယ်၊ တချို့ရက်မှာ အမြင့်ဆုံး လေးဆယ် လောက်ပဲ ထွက်နိုင်တယ်။ တချို့ရက်မှာ နှစ်ဆယ် သုံးဆယ်လောက်ပဲ ထွက်နိုင်တယ်။ ကုန်စည်တင်ပို့မှု ကြန့်ကြာနေတဲ့ အခက်အခဲ က ဟိုဘက်နဲ့ ဒီဘက် တရုတ်ကားမရတာပေါ့။ မြန်မာဘက်က ကားတွေ ဝင်ခွင့်ရရင်တော့ ဒီပြဿနာက အတော်အတင့် ပြေလည်သွားမှာပေါ့။ သူတို့တရုတ်ကားလည်း ထွက်လာ ကိုယ့်မြန်မာကားလည်း သူတို့အထိ ပေးဝင်။ ကိုဗစ်ကင်းစင်ရေး ပိုးမွှားနဲ့ ပတ်သက်တာကတော့ အရင်လို ဟိုဘက်ထဲ သူတို့လူ သူတို့မောင်း ကိုယ့်လူကလည်း ကိုယ့် ဘက်မောင်းပေါ့။ အဓိကတော့ ဗမာကား ဝင်လို့မရတဲ့အတွက် တရုတ်ကား ထွက်လာတာကို တရုတ်ကားပေါ်ပဲ ပြန်တင်ပေးရမှာပေါ့ ပြဿနာက အဲဒါဖြစ်နေတာ”

အခု ပြန်လည်ဖွင့်ထားတဲ့ နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံဘက်က မြန်မာဘက်ကို လယ်ယာထွက်ကုန် ပစ္စည်းတွေ၊ စက်ပစ္စည်းတွေနဲ့ လူသုံးကုန်တွေ အများစု တင်သွင်းနေပေမယ့် မြန်မာဘက်ကတော့ တရုတ်နိုင်ငံ ဘက်ကို လယ်ယာထွက်ကုန်တွေသာ အများဆုံး တင်ပို့နေကြရတာကြောင့် ရေရှည်မှာ ကုန်သွယ်မှု မညီမမျှ ဖြစ်လာကို နယ်စပ်ကုန်သည်တွေ အကြား စိုးရိမ်နေကြပါတယ်။

"နစ်နာပေမယ့်လည်း ရောက်နေတဲ့ပစ္စည်းတွေက မသွားလို့မရဘူး"

ဒါကြောင့် ဒီဇင်လာလ ၂၀ ရက် မနေ့က မြန်မာကုန်သည်တွေနဲ့ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ ပုံမှန် တွေ့ဆုံပွဲမှာ နှစ်နိုင်ငံကုန်စည် အလွှဲအပြောင်းလုပ်ငန်းစနစ် မမျှတမှုတွေကို အလေးထား ဆွေးနွေးခဲ့ကြ တယ်လို့ ကုန်သည်တွေကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက မူဆယ် ကျင်ဆန်းကျော့ဂိတ်ကို လောလောဆယ် ဖွင့်ထားပေမယ့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးဂိတ်တွေကိုတော့ ကိုဗစ်အကြောင်းပြချက်နဲ့ ဒီနေ့အထိ မဖွင့် နိုင်သေးပါဘူး။

ကန်ပိုက်တီဂိတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ပြန်ဖွင့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီနေ့အထိ တရုတ်နိုင်ငံဘက်က မဖွင့်သေးတာကြောင့် တရုတ်ကို တင်ပို့မယ့် တစ်သျှူးငှက်ပျောတွေ ပျက်စီဆုံးရှုံးမှု တွေနဲ့ ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မူလက နှစ်နိုင်ငံ သဘောတူညီချက်အရ တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတင်ထားတဲ့ ၂၂ ဘီးတွဲကား အစီး ၅၀၀ နဲ့ နယ်စပ်မှာရှိနေတဲ့ ငှက်ပျောတွေကို ဦးစားပေး သယ်ယူဖို့ ဆွေးနွေးထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲပဲလို့ ကချင်ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဂမ်အောင် က ပြောပါတယ်။

china-myanmar-border
(မူဆယ်မြို့နယ်က ကျင်ဆန်းကျော့ဂိတ်မှာရောက်ရှိနေတဲ့ ကုန်တင်ယာဉ်များကို တွေ့ရစဉ်) Photo: CJ

“အခက်အခဲကတော့ ဗျာ သူတို့ဘက်က မြန်မာနိုင်ငံဘက်က ကားအစီး ငါးရာနဲ့ ပြေးဆွဲမယ်။ တရုတ်ပြည် ကတော့ အစီးသုံးရာ ဝင်ခွင့်ပြုပြီးတော့ ကိုဗစ်စည်းကမ်းနဲ့ အညီပေါ့လေနော့် ငှက်ပျောစိုက်ခင်းကနေ ကန်ပိုက်တီဂိတ် အထိအောင် ကားတွေနဲ့သွား ကန်ပိုက်တီကနေ ကျန်းမာရေးစစ်ထားတဲ့ အစားထိုး ယာဉ်မောင်းနဲ့ လုပ်ဖို့ကြံစည်တာပဲ။ ဒီလိုကြံစည်တဲ့ နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အစိုးရ အနေနဲ့က ဥပဒေကြောင်းအရ ဆိုလို့ရင် ကန်ပိုက်တီကနေ ကျော်ပြီးမှ နိုင်ငံခြားကားတွေကို ပေးခွင့် မရှိပါဘူး ဆိုတဲ့အခါ ကျတော့ တရုတ်နိုင်ငံကလည်း ဒီအစီး သုံးရာကို ဝင်ရောက်ပြေးဆွဲခွင့် လိုချင်တယ် အဲကိစ္စလေးတွေလည်း နည်းနည်းပါလိမ့်မယ်နဲ့တူတယ်”

ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၈ ခုနှစ်မှာ ကချင်မှာ ငှက်ပျောစိုက်ခင်း ဧက တစ်သိန်း ရှစ်သောင်းထိ ရှိပြီး အများစုက တရုတ်လုပ်ငန်း ရှင်တွေဖြစ်ပါတယ်။

အခုတော့ ကချင်နယ်စပ်ဂိတ်တွေကို ပိတ်ထားလို့ အရှုံးပေါ်နေတဲ့ တရုတ်ကုန်သည်တွေဟာ ဂိတ်ကိုပြန်ဖွင့်ဖို့ အခုလဆန်းပိုင်းမှာ တရုတ်အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ဂိတ်ကို ပြန်မဖွင့်တာကြောင့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့ တဘက်မှာရှိတဲ့ တရုတ်နိုင်ငံ လာရင်း မြို့မှာ မြန်မာနိုင်ငံက ကုန်တင်ကား အစီးရေ ၄၀၀ ခန့်ဟာ လွန်ခဲတဲ့ အချိန် ငါးလလောက်ကပင် ပိတ်မိ နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ကိုဗစ်နဲ့ ငွေကြေးစနစ်တွေကြောင့် အဟန့်အတားဖြစ်နေတာလို့ ပြောပါတယ်။

ဒါကြောင့် ပထမ ဦးစားပေးအနေနဲ့ နှစ်နိုင်ငံ ငွေပေးချေမှုအတွက် ယွမ်ငွေနဲ့ ကျပ်ငွေသုံးစွဲမှုကို အသုံးပြုခွင့် ရခဲ့ပြီ ဖြစ်သလို ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေ လျော့ချနိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“အခက်အခဲကတော့ နှစ်မျိုးရှိတယ် ငွေကြေးဆိုင်ရာ အခက်အခဲနဲ့ ပတ်သက်ပြီးတော့ မနေ့ တနေ့ကပဲ ယွမ်နဲ့ မြန်မာကျပ်ငွေနဲ့ တိုက်ရိုက်ဆောင်ရွက်ခွင့်ပေါ့ ဗဟိုဘဏ်က ကျွန်တော်တို့ကို ခွင့်ပြုပြီး ဖြစ်ပါ တယ်။ ဒီဟာကြိုးစားတာကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ သုံး၊ လေးလလောက်တည်းက ကြိုးစားလာခဲ့ တာ ဖြစ်ပါတယ်။ နောက်အခက်အခဲ ကတော့ တရုတ်နိုင်ငံဘက်က ကိုဗစ်နဲ့ ပတ်သက်ရင် တင်းကျပ် တဲ့ အခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေနဲ့ သွားရမယ်ဆိုတဲ့ ဟာမျိုးရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ ကချင်ပြည်နယ်ဘက်က ဂိတ်တွေနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ အဓိက ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး လွှမ်းခြုံနိုင်မှု နဲနေသေးတဲ့အတွက် ဆက်လက်ဖွင့်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီဘက် ရှမ်းမြောက်ဘက်က ဂိတ်တွေကတော့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒါတွေကတော့ အရင်ပွင့်လာမယ့် သဘောရှိပါတယ်”

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ် တစ်ခုတည်းကနေ တရုတ်နဲ့ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၉၀.၅၇၈ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀-၂၁ ဘဏ္ဍနှစ်မှာတော့ ကိုဗစ်ကြောင့် ဂိတ်တွေပိတ်ထားရတဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၀၅၇.၇၂၄ လောက်သာ ကုန်သွယ်မှု ပြုနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။