နယ်စပ်ဂိတ်တွေကို တရုတ်ကပြန်ဖွင့်ပေမယ့် ကိုဗစ်ကြောင့် မြန်မာဘက်က ဆက်ပိတ်ထား

တရုတ်နိုင်ငံမှာ စဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့တဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်သုံးခုကို တရုတ်ဘက်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာဘက်ကတော့ လက်ရှိတရုတ်မှာ ကိုဗစ်ကူးစက်မှု အခြေအနေဆိုးနေတာကြောင့် ဆက်ပိတ်ထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းကတည်းက ကိုဗစ်အကြောင်းပြချက်နဲ့ မူဆယ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ဆင်ဖြူ၊ မန့်ဝိန်းနဲ့ နန်းတော် ဂိတ်ပေါက်တွေကို တရုတ်ဘက်က ပိတ်ထားခဲ့တာပါ။
တရုတ်မှာလက်ရှိ ကိုဗစ်ကူးစက်မှုတွေ ပြန်များနေတာကြောင့် မြန်မာနိုင်ငံဘက်က နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားဖို့နဲ့ နှစ်နိုင်ငံသံတမန်အဆင့် တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက RFA ကို ပြောပါတယ်။
“ဇန်နဝါရီလ ၂ ရက်နေ့မှာ တရုတ်ဘက်က တရားဝင်ကြေညာလိုက်တယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် ဂိတ်အားလုံးကို ဖွင့်လှစ်မယ်ဆိုပြီးတော့ တရားဝင်ကြေညာလိုက်သလို မူဆယ်မှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း တရားဝင် အကြောင်းကြားစာ ပို့ပေးတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ မူဆယ်မှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေပြီးတော့ ဒီဂိတ်တွေကို ဆက်လက်ပိတ်ထားပါဆိုပြီး အကြောင်းပြန် လိုက်တယ်။ တစ်ဖက်နိုင်ငံ ရွှေလီမြို့ထဲမှာဆိုရင် ၈၅ ရာခိုင်နှုန်းလောက်က ကိုဗစ် ရောဂါတွေ ဖြစ်နေကြတယ်။ ဒီဂိတ်တွေ ပြန်ဖွင့်လိုက်ရင် ဂိတ်အဝင်ကိုက တစ်နေ့ကို လူဦ်းရေထောင်နဲ့ချီရှိတယ်။ ဝင်လာတဲ့ သူတွေကို ကိုဗစ်ရောဂါ စစ်ဆေးဖို့ဆိုတာက ဒီဘက်မှာ ဘာမှမပြင်ဆင်ထားရသေးဘူး ”
ကြိုတင်ပြင်ဆင်မထားဘဲ ဂိတ်တွေဖွင့်လိုက်ရင် မြန်မာနိုင်ငံထဲကို ကိုဗစ်ကူးစက်မှုတွေ များလာမှာဖြစ်လို့ ကျန်းမာရေးကို ရှေးရှုပြီး ဆက်ပိတ်ထားတာဖြစ်သလို ဘယ်လောက် အထိ ဆက်ပိတ်ထားမယ်ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဦးမင်းသိန်းက ပြောပါတယ်။
ရွှေလီမြို့မှာနေထိုင်တဲ့ မြန်မာကုန်သည်တစ်ဦးကတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ရွှေလီမှာ ဖျားနာသူတွေ များခဲ့ပေမယ့် တရုတ်ဘက်ကတော့ တုပ်ကွေးရောဂါအဆင့်သာ သတ်မှတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။ ဒါပေမဲ့ အခုနှစ် လဆန်းပိုင်းမှာတော့ ဖျားနာသူတွေ လျော့နည်းသွားသလို တရုတ်နိုင်ငံကလည်း အရင်က တင်းကျပ်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကို ပြန်လည်ဖြေလျော့ ပေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျယ်ဂါင်မှာရှိတဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေလီတစ်မြို့လုံးပေါ့ဗျာ ဒီဘက်ကလူတွေကတော့ ဖွင့်မလားဆိုပြီး နေ့တိုင်းပဲ သွားကြည့်နေကြတာရှိတယ်။ တရုတ်ဘက်မှာတော့ ဖွင့်ပြီးပြီ၊ မြန်မာဘက် မဖွင့်သေးတော့ ကျနော်တို့ ကိုယ်တိုင်လည်း တစ်ရက်ခြား နှစ်ရက်ခြား သွားပြီးမှ ကြည့်တယ်။ လက်ရှိ အချိန်မှာတော့ ဆိုင်တွေလည်း ဖွင့်ထားတာမရှိဘူး။ နဂိုက ကျယ်ဂေါင်မှာနေတဲ့သူ အကုန်လုံး ရွှေလီမှာပဲ နေနေရတာ။ အများအားဖြင့်က ဂိတ်ပေါက်ဖွင့်ရင် ကျယ်ဂေါင်ကိုပဲ ပြန်ဖို့များတယ်ဗျ။ ဘယ်တော့ဖွင့်မှာတုန်းဆိုပြီး တော်တော်လေးကို မျှော်လင့်ကြတယ် ဒီကလူတွေတော့ ”
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ အခုလ ၅ ရက်ထုတ်ပြန်ချက်မှာတော့ နန်းတော်ဂိတ် ကနေ အစိုးရဝန်ထမ်းနဲ့ ခရီးသည်တွေကို တရုတ်စံတော်ချိန် မနက် ၈ နာရီ (မြန်မာအချိန် ၆ နာရီခွဲ) ကနေ ညနေပိုင်း တရုတ်စံတော်ချိန် ၉ နာရီခွဲ (မြန်မာအချိန် ၈ နာရီ) အထိ ခွင့်ပြုမှာဖြစ်ပြီး ဆင်ဖြူဂိတ်ပေါက်က လူ၊ အိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ ဘတ္ထရီဆိုင်ကယ် စတာတွေကို ဂိတ်ပေါက်ရဲ့အချိန်အတိုင်း ဝင်ထွက်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။
မန့်ဝိန်းဂိတ်ကတော့ ကုန်ပစ္စည်းတင်တဲ့ကားတွေကို တရုတ်စံတော်ချိန် မနက် ၈ နာရီ (မြန်မာအချိန် ၆ နာရီခွဲ) မှ တရုတ်စံတော်ချိန် ည ၁၁ နာရီ (မြန်မာအချိန် ည ၉ နာရီခွဲ) အထိ ဝင်ထွက်ခွင့်ပြုမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"မြန်မာဘက် မဖွင့်သေးတော့ ကျနော်တို့ ကိုယ်တိုင်လည်း တစ်ရက်ခြား နှစ်ရက်ခြား သွားပြီးမှ ကြည့်တယ်။"
နယ်စပ်ဂိတ်မပိတ်ခင်က မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက် ဝင်ရောက်မယ့် သူတွေ အနေနဲ့ ၆ ညအိပ် ၇ ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့် တစ်ခါသုံးကတ် အစိမ်းရောင်ကတ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သူတွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ စာအုပ်အနီ ပြသနိုင်မှသာ ဝင်ထွက်ခွင့်ပြုတာပါ။
ဇန်နဝါရီလ ၃ ရက်နေ့ နှစ်နိုင်ငံ တာဝန်ရှိသူတွေကြား အွန်လိုင်းက တွေ့ဆုံမှုမှာတော့ တရုတ်ဘက် ဝင်မယ့်သူတွေ တစ်ခါသုံးအစိမ်းရောင်ကတ်နဲ့ ခွင့်မပြုတော့ဘဲ စာအုပ်အနီ ရှိသူကိုသာ ခွင့်ပြုမယ့်အကြောင်း တရုတ်ဘက်က ပြောဆိုခဲ့တာကြောင့် တခြား တိုင်းနဲ့ပြည်နယ်က ကုန်တင်ယာဉ်မောင်းတွေအတွက် အဆင်မပြေနိုင်ဘူးလို့ နယ်စပ်ကုန်သည် အချို့က ပြောပါတယ်။
မြန်မာလုပ်သားအများစု တစ်ခါသုံးကတ်နဲ့ စာအုပ်အနီအသုံးပြုပြီး တရုတ်နိုင်ငံထဲ အလုပ်လုပ်တဲ့အခါ ဖမ်းဆီးခံရတာတွေ မကြာခဏရှိတာကြောင့် နယ်စပ်ဂိတ်တွေ ပြန်မဖွင့်ခင် ကြိုတင်ညှိနှိုင်းထားသင့်တယ်လို့ မူဆယ်အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ရက်တာဝန်ခံ ကိုဌေးက ပြောပါတယ်။
“ထိုင်းနဲ့မြန်မာက MOU ရှိတယ်။ အဲအတွက် အကာအကွယ်ရတာပေါ့။ လုပ်ခလစာ အပြည့်အ၀ မရဘူးဆိုရင်လည်း ပြောလို့ရတယ်။ ပြန်မယ်ဆိုရင်လည်း သူက တရားဝင်နေတာ ဖြစ်တဲ့အတွက် တရားဝင်ပြန်လာလို့ရတယ်။ အခုတရုတ်ကကြတော့ ကျယ်ဂေါင် ရွှေလီအထိပဲ သွားလို့ရတယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၉၀ ရာခိုင်နှုန်းက ရွှေလီကိုကျော်ပြီး ကိုရီးယား နယ်စပ်ဘက်အထိ သွားပြီးတော့ အလုပ်လုပ်ကြရတယ်။ လုပ်ကြရတဲ့အချိန်မှာ အလုပ်သမား MOU ထိုးထားတာ မရှိတဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြစ်သွားပြီ။ တရုတ်ရဲ့ ဥပဒေကို ချိုးဖောက်သလို ဖြစ်သွားပြီ။ အဲလိုမျိုးလေးတွေရှိတဲ့အတွက် ကျနော်တို့ကတော့ MOU ထိုးထားရင်တော့ အကာကွယ်ရတာပေါ့နော် ”

လက်ရှိအချိန်အထိ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံကြားမှာ တရားဝင် အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။
မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်ဟာ နယ်စပ်ဂိတ်တွေထဲမှာ ကုန်သွယ်မှုတန်ဖိုး အများဆုံး ဖြစ်ပြီး ကုန်သွယ်ရေးဂိတ်ကို မှီခိုရပ်တည်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်သောင်း ဝန်းကျင်လောက်အထိ ရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ခန့်မှန်းပါတယ်။
ဒါ့အပြင် တရုတ်မှာ ကိုဗစ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်အထိ မူဆယ်နယ်စပ်ဂိတ်ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား တစ်သိန်းကျော် ရှိခဲ့တယ်လို့လည်း နယ်စပ် အလုပ်သမားအရေး ကူညီပေးနေ သူတွေက ပြောပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာရွှေ့ပြောင်းလုပ်သား အားလုံးနီးပါး နေရပ်ပြန်ခဲ့ကြရသလို ကုန်သွယ်ရေးဂိတ်တွေပါ ပိတ်ခဲ့ရလို့ နယ်စပ်ကုန်သွယ်မှုတွေ ရပ်တန့်ခဲ့ရတာပါ။
စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ မဖြစ်ခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ မူဆယ်နယ်စပ်ကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၉၀.၅၈၁ သန်းအထိ ရှိခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ အောက်တိုဘာအထိမှာတော့ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၃၁၃.၆၈ သန်းအထိ လျော့ကျသွားပါတယ်။