တရုတ်ရပ်တည်ချက်ကြောင့် မြန်မာပြည်က တရုတ်စီမံကိန်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရ

RFA Burmese
2022.11.28
တရုတ်ရပ်တည်ချက်ကြောင့် မြန်မာပြည်က တရုတ်စီမံကိန်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ လပေါင်း ၂၀ အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖြတ်သန်းရာ လမ်းတစ်လျှောက် မြန်မာနိုင်ငံအတွင်းက မြို့နယ်ပေါင်း ၄၃ ခုမှာ တိုက်ပွဲ ပေါင်း ၃၀၁ ကြိမ် ဖြစ်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ခဲ့ပြီး အခု ၂၀၂၂ ခုနှစ် ပထမ ၁၀ လအတွင်းမှာ အကြိမ် ၂၀၀ ထက်မနည်း ဖြစ်ခဲ့တာကြောင့် ဒါဟာ တိုက်ပွဲအရေအတွက် နှစ်ဆမြင့်တက်လာတာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအနက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ဒေသက မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီစီမံကိန်းဟာ ၁၂ ကြိမ်အထိ တိုက်ခိုက် ခံခဲ့ရပါတယ်။

စစ်ကောင်စီကို တရုတ်နဲ့ ရုရှားက အဓိကထောက်ပံ့ကူညီနေတာကြောင့် တရုတ်စီမံကိန်း တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဆားလင်းကြီး-ယင်းမာပင် သပိတ် ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စီမံကိန်းတွေနားမှာ ဘာကြောင့် တိုက်ပွဲဖြစ်နေလဲ ရှင်းတာပေါ့ဗျာ။ စစ်ကောင်စီကို ရုရှားနဲ့ တရုတ်က ထောက်ပံ့ပေးနေတယ်ဆိုတာ တိုင်းသိပြည်သိ ကမ္ဘာသိပါ။ အဲဒီ အခါမှာ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ စီမံကိန်း၊ လက်ပံတောင်း ကြေးစင်တောင်မှာ ရှိတဲ့ စီမံကိန်းတွေကိုတော့ တရုတ်အတွက် အပြည်အဝလုံခြုံရေး တာဝန်ယူပေး ရတယ်ပေါ့။ နယ်မြေရှင်းလင်းရင်း ကင်းသမားတွေ့ရင် ကင်းသမားကို သတ်တယ်။ နေအိမ်တွေ မီးရှို့တယ်။ ဒါမျိုးတွေ လုပ်ဆောင်နေတယ်ပေါ့လေ"

အဲဒီစီမံကိန်းမှာ စစ်သားနဲ့ ရဲအင်အား ၃၀၀ ခန့် တပ်စွဲထားပြီး သူတို့ကို ဝမ်ပေါင်ကုမ္ပဏီ ကပဲ ထောက်ပံ့ပေးထားတာလို့လည်း သူက ဆိုပါတယ်။

"စီမံကိန်းတွေနားမှာ ဘာကြောင့်တိုက်ပွဲဖြစ်နေလဲ ရှင်းတာပေါ့ဗျာ။ စစ်ကောင်စီကို ရုရှားနဲ့ တရုတ်က ထောက်ပံ့ပေးနေတယ်ဆိုတာ တိုင်းသိပြည်သိ၊ ကမ္ဘာသိပါ"

ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီထုတ်လုပ်ရေးစီမံကိန်းတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင် နေတာကြောင့် ရပ်တန့်ဖို့ ဒေသတွင်း PDF ၁၆ ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ သတိပေးခဲ့ပြီး ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်တာ၊ ဓာတ်အားလိုင်းတွေကို ဖျက်ဆီးတာတွေကို ဇွန်လအတွင်း မှာ လုပ်ခဲ့ပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ ကြေးနီစီမံကိန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးအေးလှိုင်ကို အမြင်သဘောထား မေးမြန်းရာမှာ တိုက်ပွဲတွေ ဖြစ်တာ မှန်ပေမယ့် သူ့အနေနဲ့ လုံခြုံရေးကိစ္စကို အတိအကျ ပြောခွင့်မရှိဘူးလို့ ငြင်းဆိုပါတယ်။

"သိတာတော့ အဲဒီဘက် (လက်ပံတောင်းတောင်) ကတော့ အမြဲတမ်းတော့ (တိုက်ပွဲ) ရှိနေကြတာပဲလေ။ အမြဲတမ်း အဲဒီဘက်ကနေ ထွက်ထွက်လာပြီးတော့ (တိုက်ပွဲ) ဖြစ်တော့ ဖြစ်နေကြတာပဲ။ ကျနော်ကတော့ လုံခြုံရေးကိစ္စတွေ မေးလို့လည်း မရဘူးပေါ့နော်။ မေးလည်း မပြောဘူးပေါ့နော်။ ပြောကြမှာမဟုတ်ဘူးလေ။ လုံခြုံရေးကိစ္စတွေကတော့ တော်တော်ခက်တယ်ဗျ"

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းဟာ မြန်မာနိုင်ငံရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွား ရေး ဇုန်ကနေ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းကနေ ရှမ်းပြည်နယ် မူဆယ်နယ်စပ် အထူးစီးပွားရေးဇုန်ကို ဖြတ်သန်းပြီးတဲ့နောက် တရုတ်နိုင်ငံက စီးပွားရေးစီမံကိန်းကြီးတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ ဖက်စပ်လုပ်ကိုင်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းရာ မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့နယ် အပါအဝင် ဒေသ ၁၉ ခုမှာလည်း တိုက်ပွဲပေါင်း ၁၁၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ISP Myanmar က ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား တိုက်ပွဲပေါင်း ၃၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က အဲဒီဒေသမှာ အာဏာမသိမ်းခင်က တိုက်ပွဲဖြစ်တဲ့ အရေအတွက်က အာဏာသိမ်းပြီးချိန်ထက် ပိုများတယ်လို့ RFA ကို ပြောပါတယ်။

"မူဆယ်ဘက်မှာလည်း အရင်တုန်းကတော့ ဖြစ်တော့ဖြစ်တာပေါ့နော်။ ပြောရမယ် ဆိုရင် အရင်က ပိုတောင်ဖြစ်သေးတယ်။ နောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တယ် ဆိုတာမျိုး ကြီးကျယ်တာမျိုး မရှိဘူး။ သေနတ်သံတော့ ဖြစ်နေကြတာပေါ့နော်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်နဲ့ တပ်က ဆက်ဆံရေး အရင်ကလောက် ဟိုအရင်အစိုးရလောက် ရင်းနှီးသွားတာ မတွေ့ရဘူး"

ISP Myanmar ရဲ့ ဩဂုတ်လ အစီရင်ခံစာမှာတော့ တရုတ်စီမံကိန်းတွေနဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေက အများဆုံးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေပိုက်လိုင်း လုံခြုံရေးနဲ့ ပတ်သက်လို့ တရုတ်ဘက် က အလေးထားဆွေးနွေးမှုတွေ ရှိခဲ့သလို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ပြုလုပ်တဲ့ ပုဂံမြို့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ် ရေနံ ပိုက်လိုင်းတွေရဲ့ လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေကို ထပ်မံဆွေးနွေးခဲ့ပါတယ်။

gas-pipe-line.jpg
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို သွယ်တန်းထားသည့် ရေနံစိမ်းပိုက်လိုင်း တစ်နေရာကို တွေ့ရစဉ်။ (Photo: RFA)

အခုလို တရုတ်စီမံကိန်းတွေ တိုက်ခိုက်ခံရပေမယ့်လည်း မြန်မာ့အရေးအပေါ် တရုတ်ရဲ့ မူဝါဒက ပြောင်းလဲလာဖို့ မရှိနိုင်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"သူ (တရုတ်) ပြည်တွင်းကိစ္စတွေမှာ တတ်နိုင်သလောက်တော့ လက်ရှောင် နေတာပဲလေ။ သူတို့ မထိဘူးမဟုတ်ဘူး ထိပါတယ်။ ဥပမာအားဖြင့် သူတို့ရဲ့ (ကုလသမဂ္ဂ) ငြိမ်းချမ်းရေးတပ်သားတွေတောင် ကျဆုံးတာတွေ ရှိတာပဲ။ အာဖရိကတို့ ဘာတို့မှာလေ။ ဆူဒန်တို့၊ ကွန်ဂိုတို့မှာ ကျတာ။ ဒါပေမဲ့ သူတို့ အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စမှာတော့ ဘာမှ ပေါ်လစီ ပြောင်းတာတွေဘာတွေ မတွေ့ဘူးဗျ"

တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရတွေ လက်ထက်ကတည်းက ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့ဖူးသလို လက်ရှိမှာလည်း ဒီမူအတိုင်းပဲ ဆက်လက်ရပ်တည်လိမ့်မယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

တရုတ်အစိုးရဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ခဲ့သလို လက်ရှိမှာလည်း စင်ကာပူပြီးရင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်သောင်းကျော် (၂၁,၅၆၇ သန်း) ရင်းနှီးမြှုပ်နှံထားကြောင်း ISP Myanmar ရဲ့ China Desk ကဏ္ဍက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။