မြန်မာစစ်တပ် တရုတ်ရဲ့ တပတ်ရစ် ရေငုပ်သင်္ဘောကို ဝယ်ယူ
2022.01.03

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ နိုင်ငံနေရာအနှံ့အပြားမှာ အရပ်ဘက်ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွားမြင့်မားလာနေခဲ့တာ ဖြစ်သလို အီးယူဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ရေး အပါအဝင်၊ အထွေထွေ ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ အခုအချိန်ထိ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲပါ။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးတွေ၊ ကလေးတွေ၊ လူသားချင်း စာနာကူညီရေးလုပ်သားတွေ အပါအဝင် ဒေသခံ ရွာသူရွာသား ၃၅ ဦး ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ကိစ္စဟာ ကမ္ဘာတစ်ဝန်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့အထဲမှာ ကလေးငယ် လေးဦး နဲ့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးလည်း ပါဝင် ခဲ့ပါတယ်။ အဲဒီလုပ်ရပ်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပြီး လူသတ်တရားခံ တွေကို စုံစမ်းအရေးယူဖို့၊ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့သူတွေအတွက် ကူညီထောက်ပံ့မှုတွေ အပေါ် လက်ခံရမယ်ဆိုတာနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့သူတွေကိုလည်း ကာကွယ်ပေးရမယ် လို့ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြည်ပရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ မင်းကြီး ဂျိုးဇက် ဘော်ရဲ ကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အရှိန်ရလာနေတာနဲ့အမျှ လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ ကာကွယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ရမှာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့် ချမှတ်ရမှာဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂက ပြောပါတယ်။
ဒါ့ပြင် ဥရောပသမဂ္ဂအနေနဲ့ ဒီနှစ်အတွက် လူသားချင်းစာနာကူညီရေးရန်ပုံငွေ ယူရို ၂၄.၅ သန်း ချမှတ် ပေးခဲ့သလို COVID-19 ကာကွယ်ရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီတွေအတွက် လည်း ယူရို ၆၅ သန်း ထောက်ပံ့ခဲ့ပါတယ်။
ဒီအတွင်း တရုတ်က မြန်မာကို တပတ်ရစ် ရေငုပ်သင်္ဘောတစင်း ရောင်းချခဲ့ပါတယ်။ အဲဒီ ရေငုပ်သင်္ဘော လွှဲပြောင်းရောင်းချတဲ့ အခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တာပါ။ အဲဒီသင်္ဘောဟာ တရုတ်ရေတပ်ရဲ့ ဒီဇယ်နဲ့လျှပ်စစ်သုံး Min-class အမျိုးအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား ပထမဆုံး ရေငုပ်သင်္ဘော အရောင်းအဝယ်လည်း ဖြစ်ပါတယ်။

ဝယ်ယူလိုက်တဲ့ အဲဒီသင်္ဘောက မင်း ကလပ်စ် အမျိုးအစားဖြစ်ပြီး မင်းရဲကျော်ထင် လို့ အမည်ပေး ထားကြောင်း မြန်မာရေတပ်ရဲ့ ဒုတိယမြောက် ရေငုပ်သင်္ဘော ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၂၀ ပြည့်နှစ် မတ်လက အိန္ဒိယထံက ဝယ်ယူခဲ့တာဖြစ်ပြီး ရုရှားလုပ် ကီလို ကလပ်စ် အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေး ရေငုပ်သင်္ဘော ရေချပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့ဟာ မြန်မာရေတပ်မတော် ထူထောင်ခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘော လွှဲပြောင်းတဲ့ကိစ္စအသေးစိတ်ကိုတော့ မသိရပါဘူး။
တရုတ်အစိုးရဟာ အရင်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းကို တပတ်ရစ် ရေငုပ်သင်္ဘောတွေ ရောင်းချခဲ့သလို မြန်မာကို တပတ်ရစ် ရေငုပ်သင်္ဘောတစ်စင်း ရောင်းချခဲ့ကြောင်း ဒီဇင်ဘာ ၃၀ ရက် Defense News သတင်းက ဖော်ပြခဲ့ပါတယ်။