ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုလိုအပ်


2020.07.08

တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးဟာ ထူးခြားတဲ့ သဘောတူညီချက် တစုံတရာ ပေါ်ထွက်ခြင်း မရှိဘဲ မနေ့က ပြီးဆုံးသွားပါတယ်။

နေပြည်တော်က အစည်းအဝေး အပြီးမှာ JMC-U အပစ်အခတ်ရပ်စဲမှုပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ဝဏ္ဏအောင် က နောက်တချိန်အစည်းအဝေးကို စက်တင်ဘာလမှာ ထပ်မံကျင်းပဖို့ သဘောတူညီနိုင်ခဲ့တာဟာ အောင်မြင်မှုတခုပဲလို့ ပြောပါတယ်။ နှစ်နှစ်နီးပါးရပ်ဆိုင်းထားခဲ့ရတဲ့ ဒီ JMC-U အစည်းအဝေးတွေကို ပြန်လည်ကျင်းပနိုင်မှုနဲ့ နောက်ထပ်ကျင်းပဖို့ သဘောတူညီမှု ရရှိခဲ့တာတွေကို တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတခုလုံးကို ခြုံကြည့်ရင် ဒီနှစ်ပိုင်းတွေအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိပါဘူး။

CPR ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန ညွန်ကြားရေးမှူး ဦးညိုအုန်းမြင့် က သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ယုံကြည်မှုပိုမိုရရှိမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်နိုင်မယ်လို့ RFA ကိုပြောပါတယ်။

" ဒီတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဘက်မှာရော အစိုးရနဲ့တပ်မတော်ဘက်မှာပါ တဖက်နဲ့တဖက် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ JMCလို  အင်မတန်အရေးကြီးတဲ့ ဆွေးနွေးနိုင်တဲ့ ဆုံမှတ်တခုမှာ တိုင်းရင်းသားရော တပ်မတော်ရော စိတ်ရှည်လက်ရှည် တွေ့ဆုံပြီး ဖြေရှင်းနိုင်ရင် ဒီပြဿနာဟာ အေးချမ်းနိုင်မယ်လို့ ကျနော် ထင်တယ်။ တိုင်းရင်းသားတွေနဲ့ မတွေ့ဆုံခင်မှာ တပ်မတော်ရဲ့သဘောထားက ဘယ်လိုရှိတယ်၊ တပ်မတော်ရဲ့ စိုးရိမ်ချက်က ဘယ်လိုရှိတယ်။  ဒီအစိုးရဘက်က ဘယ်လိုဆောင်ရွက်ချင်တယ်ဆိုတဲ့ ပြတ်သားတဲ့ vision ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲဒီတော့ တပ်မတော်နဲ့ အစိုးရကြားမှာ ကျနော်တို့တိုင်းပြည် အနာဂတ်ကို ဘယ်လိုဆက်သွားမလဲဆိုတဲ့ သဘောတူညီချက် ရပြီးမှသာ တိုင်းရင်းသားတွေကို ကိုယ့်အနေနဲ့ ဘယ်လောက်အထိ လိုက်လျောနိုင်မယ်။ ဒီအချက်တွေက ဘယ်လို ဆက်ပြီး ဆောင်ရွက်နိုင်တယ်ဆိုပြီး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ”

BAYDA Institute ညွန်ကြားရေးမှူး နိုင်ငံရေးလေ့လာသူ ဦးမျိုးရန်နောင်သိန်းကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ ဆန္ဒထက် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ တကယ်တမ်း တပ်မတော်ရဲ့ အခန်းကဏ္ဍသည် နိုင်ငံတော်ကို စစ်ရေးအားဖြင့် ကာကွယ်ရမဲ့အစား တပ်မတော်ရဲ့ political will သည် နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေဖို့ ၊ ဒါဘယ်မှာ သိသာလဲဆိုရင် အခုဖားကန့်မှာ မြေပြိုတဲ့ကိစ္စကို ကြည့်ရင် တပ်မတော်က အခု လုံနယ်ဝန်ကြီးကို အရေးယူတာမျိုးတွေ့ရတယ်။ ဘာကြောင့်မို့ တပ်မတော်က ချက်ချင်းကြီး ထ အရေးယူလဲဆိုတော့ နိုင်ငံရေးအရ အမြတ်ထုတ်တာ။ တပ်မတော်ခေါင်းဆောင်တွေက စဉ်းစားမှုတွေမှာ နိုင်ငံရေးအရ အကျိုးအမြတ် ဘယ်လောက်ရှိမလဲ။ ငါတို့အာဏာတည်မြဲဖို့အတွက် ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာ အမြဲတွေးနေတာကိုတွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိက တားဆီးနေတဲ့အချက်ပဲ။ နိုင်ငံရေးကိစ္စမှာ ထင်တိုင်းမပေါက် မအောင်မြင်ဘူးဆိုတာကတော့ NLD အစိုးရက တပ်မတော်ကို အမိန့်ပေးခွင့် မရှိလို့ပါ။ တပ်မတော်ကို အမိန့်ပေးပိုင်ခွင့်ရှိတဲ့ အစိုးရဆိုရင် ငြိမ်းချမ်းရေးက အလုံးစုံ ချောမွေ့အောင်မြင်သွားလိမ့်မယ်”

တဆက်တည်းမှာပဲ သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်တွေကို သူလေးစားလိုလားပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ တဆင့်ပြီးတဆင့် တည်ဆောက်ဖို့လိုတယ်လို့ အကြံပေးပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တခြားသော အကျိုးစီးပွားကိစွတွေ ရှိနေတယ်ဆိုတာလဲ ကျနော်တို့ အမြဲတွေ့နေရတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်တွေ့ကျတဲ့ ချည်းကပ်မှုမျိုးကို သွားဖို့လိုတယ်။ စံနှုန်းအမြင့်ကြီးတွေနဲ့ သွားနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျနော်မြင်တယ် ”


ဒီနှစ်အတွင်း ဆက်လက်ကျင်းပမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ဟန်ပြမဟုတ်ဘဲ စစ်မှန်တဲ့ တိုးတက်မှုတွေ ဘယ်လောက်ရနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်   တွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိရေးဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့  ကြိုးပမ်းမှုအပေါ် မူတည်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။