ကပ်ရောဂါကာလ ကျောင်းတွေ ဖွင့်လှစ်မယ့်အစီအစဉ်ကို စိုးရိမ်နေကြ
2020.05.13
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပေါ်တဲ့အထိ ကျောင်းတွေ ပိတ်ထားဖို့ မဖြစ်နိုင် တာကြောင့် မဖြစ်မနေ ပြန်ဖွင့်ရမှာဖြစ်သလို ကျောင်းသားတွေကို ခပ်ခွာခွာအနေအထားနဲ့ စာသင်ဖို့ ဖြစ်နိုင်ခြေရှိ မရှိ ရေတိုရေရှည်အစီအစဉ်တွေကို စဉ်းစားနေရတယ်လို့ မနေ့က ပြောခဲ့တာပါ။
မေလ ၁၂ ရက် မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မကွေးတိုင်း မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေ ဒုတိယ မြို့တော်ဝန်တို့ အွန်လိုင်းဆွေးနွေးတဲ့ အစီအစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။
"ကျောင်းတွေက အမြဲပိတ်ထားလို့ မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရတော့မယ်။ ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေကို ခေါ်ထားဖို့ရှိရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်း တစ်တန်းဆိုရင် ကျောင်းသား၊ ကျောင်းသူ ဦးရေက များတယ်။ များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကျတယ်။ ခွဲလိုက်မယ်ဆိုရင် ဘယ်နှစ်တန်း လိုမလဲ။ အရင်တုန်းက တစ်တန်းထဲ လိုတဲ့ကလေးတွေက ခွဲလိုက်ရင် သုံးခန်းလောက် လိုမှာလား။ အဲဒါ ဘယ်လောက်မြန်မြန် စီစဉ်နိုင်မလဲ။ ဒီဟာတွေ အားလုံး စဉ်းစားရတာပေါ့။ စဉ်းစားတဲ့ အခါကျတော့ ရေတို၊ ရေရှည်လည်း စဉ်းစားရတယ်။ ဖြစ်နိုင်ခြေကိုလည်း ထည့်တွက်ရတယ်။ ဒီ Vaccine (ကာကွယ်ဆေး) က မြန်မြန်ရမှာ မဟုတ်ဘူး ဆိုရင်လည်း ကျောင်းတွေက ပြန်ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့အထိ ကျောင်းတွေ စောင့်ရမယ်ဆိုတာကတော့ မလွယ်ဘူး"
နှစ်စဉ် မေလနောက်ဆုံးပတ်ဟာ အခြေခံပညာ ကျောင်းအပ်လက်ခံတဲ့အချိန် ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လူစုလူဝေးတွေ မလုပ်ဖို့လည်း အစိုးရက တားမြစ်ကန့်သတ်ထားတဲ့ အချိန်ဖြစ်နေပါတယ်။
မေလဆန်းပိုင်းမှာ ရောဂါပိုးတွေ့လူနာ အရေအတွက် နည်းလာပေမယ့် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့က မရေမရာ အခြေအနေမှာရှိနေဆဲပါ။
ပြီးခဲ့တဲ့ ပညာသင်နှစ်က လေးတန်း၊ ရှစ်တန်းနဲ့ ဆယ်တန်း ဖြေဆိုထားတဲ့ အဖြေလွှာတွေ စစ်ဆေးဖို့ ကျန်သေးတာကြောင့် အရင်ဆုံး အဲဒါတွေ စစ်ဆေးဖို့ လိုနေအပ်နေပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ အခြေခံပညာကျောင်းတွေ ဖွင့်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျ ကြေညာတာ မရှိသေးပါဘူး။ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက - ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်ထက် နှစ်ပတ် သုံးပတ်လောက် နောက်ဆုတ်သွားနိုင်တယ်လို့ RFA ကို ပြောပါတယ်။
"ကျောင်းဖွင့်ဖို့အတွက်က ကြိုတင်ပြင်ဆင်မှုတွေကတော့ အခုလည်း ဆောင်ရွက်နေတယ်။ ဒါပေမဲ့ ဘယ်အချိန် ဖွင့်မယ်ဆိုတာ အသေအချာအတိအကျ မပြောနိုင်သေးဘူးခင်ဗျ။ ၁၅ ရက်ကနေ နောက်ပိုင်းသက်တမ်းတွေ တိုးတယ်ဆိုရင်တော့ ကျွန်တော်တို့ ဇွန်လ ၁ ရက်နေမှာ ကျောင်းဖွင့်ဖို့က ခက်ခဲနိုင်ပါတယ်။ နောက် တစ်ပတ် နှစ်ပတ် စသည်အားဖြင့် ဆုတ်သွားနိုင်ပါတယ်။ အခုလောလောဆယ်တော့ သတင်းလည်း ထုတ်ပြန်လို့ အဆင်မပြေသေးဘူး။ ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ စောင့်နေတာဖြစ်ပါတယ်။"
နှာခေါင်းစည်းတွေ၊ မျက်နှာအကာအကွယ်တွေနဲ့ အပူချိန်တိုင်း ကိရိယာတွေကို ကျောင်းသား ကျောင်းသူတွေ အတွက် ကျောင်းဖွင့်ကာလမှာ စီစဉ်ထားပေးမှာဖြစ်ပြီး အဲဒီထောက်ပံ့မှုတွေကို ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ထဲက သုံးစွဲသွားမယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။
လာမယ့် ဇွန်လထဲမှာ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းစကားတွေကြောင့် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ကျောင်းတွေဟာ ရောဂါပိုး ကူးစက်မြန်တဲ့နေရာဖြစ်တာကြောင့် စိုးရိမ်တယ်လို့ အခြေခံပညာ ပညာရေး အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဆရာ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
"တချို့ကလည်း ကျောင်းဖွင့်ချင်ကြတယ်၊ တချို့ကလည်း ကျောင်းမဖွင့်ချင်ကြဘူးပေါ့။ မဖွင့်ချင်ကြဘူးဆိုတဲ့ အပိုင်းမှာ ဆရာ၊ ဆရာမတွေဘက်က စိုးရိမ်မှုတွေတော့ ရှိတယ်ဗျ။ အဲဒီလိုပဲ ကျောင်းသားမိဘတွေအနေနဲ့ ကလည်း သားသမီးတွေကို ရောဂါကိစ္စ ရှင်းရှင်းလင်းလင်း မရှိသေးဘဲနဲ့ သူတို့သားသမီးတွေကို ကျောင်းကိုပို့ဖို့ မိဘတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါ ကျောင်းကို မပို့ချင်ဘူးပေါ့ စိတ်မချဘူးပေါ့။ အဓိကကတော့ ဖွင့်ခြင်း၊ မဖွင့်ခြင်းဟာ နိုင်ငံတော် အစိုးရအပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ဖွင့်လိုက်လို့များ ကျောင်းတွေက အရမ်းရောဂါပိုးကူးစက်မြန်တဲ့ နေရာမျိုးတွေ ဖြစ်သွားနိုင်တယ်။ အဲဒါကိုတော့ ကျွန်တော်တို့ စိုးရိမ်စိတ် ရှိတယ်။"
တစ်ဘက်မှာလည်း အွန်လိုင်းကနေ သင်ကြားတဲ့ စနစ်ကလည်း စဉ်းစားစရာ ရှိနေပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို အွန်လိုင်းစနစ်နဲ့သင်ကြားဖို့ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူးလို့ ဦးမင်းမင်းထွဋ် က ဆိုပါတယ်။
လက်ရှိ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသားအနည်းဆုံး ၅၀-၆၀လောက်နဲ့ ပညာသင်နေရတာဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းတွေအတိုင်း လူစုလူဝေးမဖြစ်အောင် ခပ်ခွာခွာ အနေအထားဖြစ်အောင် စီစဉ်မယ်ဆိုရင် စာသင်ခန်း လိုအပ်ချက်၊ ဆရာ ဆရာမ လိုအပ်ချက် စတဲ့ အခက်အခဲတွေ ရှိတယ်လို့လည်း ဆရာ ဦးမင်းမင်းထွဋ်က ဆိုပါတယ်။
အခြေခံပညာဦးစီးဌာနအောက်မှာ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းအင်အား ငါးသိန်းလောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ သန်းလောက်ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။