သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သတ်ဖြတ်ရန် ကြံစည်မှုနောက်ကွယ်မှ ကွင်းဆက်များ
နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို စက်တင်ဘာလ ၁၄ ရက်နေ့ကျင်းပမယ့် ကုလသမဂ္ဂ credential committee အစည်းအဝေး မတိုင်မီ လုပ်ကြံသတ်ဖြတ်ဖို့ ထိုင်းနိုင်ငံရှိ မြန်မာလက်နက်ပွဲစား တစ်ဦးက စီစဉ်ခဲ့ပုံ၊ အဲဒီ အစီအစဉ် နိဂုံးချုပ်သွားခဲ့ပုံတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်သစ်တွေကို RFA က စုံစမ်းရရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အခုဖမ်းဆီးထားတဲ့ ဖြိုးဟိန်းထွတ်က သံအမတ်ကြီးရဲ့ ရုံးအတွင်း စိမ့်ဝင်ထိုးဖောက်ပြီး ညဘက်မှာ ဓာတ်ပုံအချို့ လျှို့ဝှက်ရိုက်ကူးသွားခဲ့ပုံကို သံအမတ်ကြီးနဲ့ နီးစပ်သူတွေက ပြန်လည်ပြောဆိုခဲ့သလို ဒီလုပ်ကြံမှုမှာ ပါဝင်တဲ့သူတွေကို နောက်ကွယ်က ငွေပေးစေခိုင်းခဲ့တဲ့ လက်နက်ပွဲစားဆိုသူ အကြောင်းကိုလည်း အဲဒီသူတွေထံက ကြားသိခဲ့ရပါတယ်။ ဖြိုးဟိန်းထွတ်ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မိသားစုနဲ့ ရင်းနှီးသူတဦး ဖြစ်ကြောင်းလည်း သက်သေ အထောက်အထားတွေ တွေ့ရှိရပါတယ်။
ဒီလုပ်ကြံမှုကို စတင်ဖော်ထုတ်ခဲ့သူ နှစ်ဦးကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့လုံခြုံရေးအတွက် မိမိအသိနဲ့မိမိ ပါဝင်ဆောင်ရွက်နေကြတဲ့ နယူးယောက်မြို့ရှိ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားသူ ဦးသောင်းလှိုင်နဲ့ ကိုဖိုးခွားတို့ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်မှာ စစ်တပ်အာဏသိမ်းမှုအဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကူညီကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းပြောဆိုခဲ့ချိန်က စတင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သံအမတ်ကြီးရဲ့လုံခြုံရေးအတွက်ပူပန်တဲ့ နယူးယောက်မြို့ရှိ မြန်မာတွေက တတ်နိုင်သမျှကူညီဖို့ စီစဉ်ခဲ့ကြရာမှာ လက်တွေ့လုပ်ငန်းတွေကို ဦးဆောင်သူတွေထဲက နှစ်ဦးကတော့ ဦးသောင်းလှိုင် နဲ့ ကိုဖိုးခွား တို့ပါ။ ကိုဖိုးခွားဟာ မြန်မာပြည်မှာရှိစဉ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် လုံခြုံရေးယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဧပြီလ ၇ ရက်နေ့က လန်ဒန်မြို့မှာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ကို သံရုံးအတွင်း ဝင်ရောက်လို့မရအောင် အာဏာသိမ်း စစ်ကောင်စီ သြဇာခံတွေက ပြုလုပ်ခဲ့ကြပြီးချိန်နဲ့ မရှေးမနှောင်းမှာပဲ နယူးယောက်မြို့က မြန်မာသံရုံးကိုလည်း အလားတူ ဝင်စီးဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် မေလလယ်ပိုင်းမှာလည်း ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ကို သံအမတ်ကြီးအသစ်အဖြစ် ဦကျော်မိုးထွန်းရဲ့ နေရာမှာ အစားထိုးတာဝန်ယူဖို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်လိုက်တဲ့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။
အခုလို သတင်းတွေထွက်လာပြီးနောက်မှာ သံအမတ်ကြီးရဲ့ လုံခြုံရေးအတွက် ကမကထပြု ဆောင်ရွက်နေကြတဲ့ ဦးသောင်းလှိုင်နဲ့ ကိုဖိုးခွားတို့က သံရုံး အဝင်အထွက်သော့တွေကို အသစ်လဲခြင်း၊ သံရုံးကို အပြင်လူတွေ ဝင်ထွက်လို့မရအောင် စီစဉ်ခြင်း၊ သံရုံးမှာ နေ့ရောညပါ စေတနာ့ဝန်ထမ်း မြန်မာတွေက အလှည့်ကျနေထိုင်ခြင်း နဲ့ သံအမတ်ကြီးသွားလာရာကို လုံခြုံရေးအဖြစ် လိုက်ပါခြင်းတွေ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ညဘက် သံရုံးစောင့်အိပ်ဖို့ မေလအတွင်း တာဝန်ပေးခံရသူတွေထဲမှာ ဖြိုးဟိန်းထွတ်လည်း ပါဝင်ခဲ့ပါတယ်။ ဖြိုးဟိန်းထွတ်ဟာ ကိုဖိုးခွားကို ချဉ်းကပ်ပြီး ရင်းနှီးအောင် ပေါင်းသင်းခဲ့ရာကနေ နောက်ပိုင်းမှာ အခုလို သံရုံးထဲအထိ ရောက်ရှိလာခဲ့တာပါ။ အဲဒီလို သံရုံးမှာ အိပ်ရတဲ့ညမှာ ဖြိုးဟိန်းထွတ်ဟာ သံအမတ်ကြီးရဲ့ အတွင်းရေးမှူး အခန်းထဲအထိ ခိုးဝင် သွားရောက်ပြီး ဓာတ်ပုံတွေရိုက်ခဲ့တယ်လို့ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
“မနက်လေးယောက် ညလေးယောက် တနေ့ ၈ ယောက် ကင်းချရမယ်ဆိုတော့ သူပါလာရော။ တနေ့ကျတော့ တယောက်တလဲစီ တယောက်ကို ၃ နာရီစီ အိပ်ကြတဲ့အခါမှာ သူကင်းစောင့်အလှည့်မှာ သူက ရုံးခန်းတွေကို ဓာတ်ပုံ လျှောက်ရိုက်တယ်။ သံအမတ်ကြီးရဲ့ secretary အတွင်းရေးမှူး ဖိလစ်ပိုင်အမျိုးသမီးအခန်းလည်း ပါတယ်။ ဘယ်သူမှမသိဘူး သူတယောက်ထဲ။ ၂ ရက်လောက်ကြတော့ သံအမတ်ကြီးက ကိုဖိုးခွားကို ခေါ်ပြောတယ်။ ဒီ secretary က complaint လုပ်တယ်၊ သူ့အခန်းထဲ တယောက်ယောက် ဝင်တယ် ပြောတယ်။ ကြည့်ရတာ စာရွက်တွေ ခြေရာလက်ရာ ပျက်တာ ဖြစ်လိမ့်မယ်”
အခုလို သံအမတ်ကြီးက ပြောဆိုပြီးနောက်မှာ ဖြိုးဟိန်းထွတ်ကို သံရုံးအတွင်း ဝင်ခွင့် မပြုတော့ပါဘူး။ အဲဒီညက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖြိုးဟိန်းထွတ် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စကစရဲ့ လက်နက်အဝယ်တော် ဖြစ်သလို သူ့ဖခင်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်တဲ့ ဦးအေးကို ဆိုသူထံ ပို့ခဲ့ပါတယ်။ အဲဒီ ဦးအေးကိုနဲ့ ဖြိုးဟိန်းထွတ်ဟာ မူလကတည်းက ရင်းနှီးသူတွေဖြစ်တယ်ဆိုတာ နောက်ပိုင်းမှာ သူသိရှိခဲ့ရကြောင်းနဲ့ ဖြိုးဟိန်းထွတ်ကို ဦးအေးကိုက ကြိုတင် စည်းရုံးထားခဲ့တယ်လို့ ယူဆကြောင်း ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
"ဘန်ကောက်က လက်နက်ပွဲစားဆိုတဲ့လူဆီ တိုက်ရိုက်ပို့တာ၊ အဲဒီလူကလဲ ဘယ်ကိစ္စဆောင်ရွက်ပေးပါ ငါမင်းကိုစောင့်ရှောက်ပါ့မယ်ဆိုပြီး လုပ်တယ်။ အဲဒီလူက သူ့အဖေရဲ့ သူဌေးလိုလို သူ့ကိုလဲ စောင့်ရှာက်ခဲ့တဲ့သူဆိုတော့ ဒီကောင်လေးအကြောင်းကို သိနေတဲ့သူ၊ သူကလည်း အဲဒါငွေလိုချင်တာ။ ဒီကောင်လေးကလည်း ကျနော် ဒါမလုပ်ချင်ပါဘူးတဲ့ သူကပိုက်ဆံပေးလို့ ကျနော်က ပိုက်ဆံယူလိုက်တာပါတဲ့။ ယူလိုက်ပြီးတော့ သူ့ဘက်က ဘာအစီအစဉ်ရှိတယ် ဆိုတာ အဘတို့ကို ပြောပြချင်တာပါတဲ့။ အဲဒီတော့ ကျနော်က မင်းငါ့ကိုပြော၊ ဒီကိစ္စမှာ မင်းအပြစ်မပါအောင် ငါ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောလိုက်တယ်”
အဲဒီနောက်မှာ ဦးအေးကိုက ဖြိုးဟိန်းထွတ်ကို ဒေါ်လာငွေ ၄ဝဝဝ ပေးပြီး သံအမတ်ကြီးကို ဒဏ်ရာ အနာတရဖြစ်အောင် လူဆိုးတွေငှားရမ်းရိုက်နှက်ဖို့ နဲ့ လိုအပ်ရင် သတ်ဖြတ်မယ့်ကိစ္စမှာ ပါဝင်ကူညီဖို့ စေခိုင်းခဲ့ပါတယ်။ ဒီကိစ္စတွေကို နယူးယောက်မြို့မှာ လက်ရှိ ဖမ်းဆီးခံနေရတဲ့ ဖြိုးဟိန်းထွတ် က ကိုဖိုးခွားကို ဦးစွာ ပြောကြားခဲ့ပြီးနောက် ကိုဖိုးခွားက ဦသောင်းလှိုင်နဲ့ ပြောဆို တိုင်ပင်ခဲ့ပါတယ်။ အဲဒီနောက် သြဂုတ်လ ၂ ရက်နေ့မှာ ဖြိုးဟိန်းထွတ် ကို နယူးယောက်မြို့ရှိ သူ့နေအိမ်မှာ ဦးသောင်းလှိုင်က ခေါ်ယူမေးမြန်းခဲ့ရာမှာ ဖြိုးဟိန်းထွတ်က သူနဲ့ ဦးအေးကို ဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
ဖြိုးဟိန်းထွတ်ရဲ့ ပြောဆိုချက်တွေနဲ့ သက်သေခံဓာတ်ပုံတွေအရ ဦးအေးကိုက ဖြိုးဟိန်းထွတ်အတွက် ဇူလိုင်လ ၂၂ ရက်နေ့မှာ ဒေါ်လာ ၂ဝဝဝ နဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ နောက်ထပ်ဒေါ်လာ ၂ဝဝဝ၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝဝဝ ကို ရဲဟိန်းဇော် ဆိုတဲ့ နယူးယောက်မြို့မှာရှိတဲ့ တခြား မြန်မာတစ်ဦးထံက တဆင့် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းပြီးမြောက်ချိန်မှာ နောက်ထပ် ဒေါ်လာ ၁ဝဝဝ ပေးမယ်လို့လည်း ဦးအေးကိုက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဦးအေးကို က ဖြိုးဟိန်းထွတ် ကို သူစောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ နယူးယောက် မြန်မာသံရုံးဝန်ထမ်းတွေထဲမှာ သူ့လူနှစ်ဦးရှိကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို မြန်မာသံရုံးက ဝန်ထမ်းတွေထဲမှာ ဦးအေးကို နဲ့ ဆက်သွယ်ခဲ့သူရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား မရှိပေမယ့် နယူးယောက်မြို့ မြန်မာသံရုံးက ဝန်ထမ်းနှစ်ဦးကို သူသံသယရှိခဲ့ပြီး အဲဒီဝန်ထမ်းနှစ်ဦးအပါအဝင် သံရုံးဝန်ထမ်း လေးဦးဟာ အခု မြန်မာပြည်ကို ပြန်သွားကြပြီလို့ ဦးသောင်းလှိုင်က ပြောပါတယ်။

ဒါ့အပြင် သံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ဆောင်ရွက်မယ့် နောက်ထပ် လူနှစ်ဦး အကြောင်းလည်း ဖြိုးဟိန်းထွတ် က ဦးသောင်းလှိုင်ကို ပြောဆိုခဲ့ပါတယ်။ အဲဒီလူနှစ်ဦးအနက် တစ်ဦးက ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဘတ်စ်ကားမောင်းနေတဲ့ သူရအေးမင်းဆိုသူဖြစ်ပြီး နောက်တစ်ဦးကတော့ နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ အမည်မသိ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါတယ်။ သူရအေးမင်းဟာ ယခင်က နယူးယောက်မြို့မှာ နေထိုင်ဖူးပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ မြေအောက်လူဆိုးဂိုဏ်း တွေနဲ့ အဆက်အသွယ်ရှိသူ ဖြစ်တယ်လို့ ဖြိုးဟိန်းထွတ်က ပြောဆိုပါတယ်။ သူရအေးမင်းကို ပြည်ဝင်ခွင့် ပေးလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အကြောင်းကြားတဲ့စာ မိတ္တူကိုလည်း ဖြိုးဟိန်းထွတ်က ဦးသောင်းလှိုင်ကို ပြသခဲ့ပါတယ်။
သူရအေးမင်းဆိုသူဟာ အသက် ၄၅ နှစ် ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန်မြို့ကလာမယ့် သူရအေးမင်းနဲ့ နယ်သာလန်နိုင်ငံက လာမယ့်သူတစ်ဦး တည်းခိုဖို့အတွက် နယူးယောက်မြို့ မြန်မာသံရုံးရှိရာ အရှေ့ ၇၇ လမ်းက ဟိုတယ်တစ်ခုနဲ့ သံအမတ်ကြီးနေထိုင်တဲ့ Westchester ဒေသက ဟိုတယ်တစ်ခုမှာ အခန်းတွေ ငှားရမ်းထားပြီးဖြစ်တယ်လို့ ဦးအေးကိုက ဖြိုးဟိန်းထွတ်ကို ပြောဆိုခဲ့ပါတယ်။
ဦးကျော်မိုးထွန်းကို "လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ဆောင်ရွက်မယ့်သူ" ဆိုပြီး ဖြိုးဟိန်းထွတ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ လန်ဒန်မြို့မှာ နေထိုင်တဲ့ သူရအေးမင်း ဆိုသူက… ဒါဟာ လုပ်ဇာတ်သာဖြစ်ကြောင်း သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ငြင်းဆိုရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဦးသူရအေးမင်းရဲ့ သဘောထားကို သိနိုင်ဖို့ RFA က လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းရာမှာ… သူ့ရဲ့ရှေ့နေဖြစ်သူက သတင်းမီဒီယာတွေကို လောလောဆယ် ဘာမှ ပြန်မပြောဖို့ အကြံပေးထားကြောင်း၊ မကြာခင် အားလုံးကို ပြောပြမယ့်အကြောင်း ဦးသူရအေးမင်းက ဖြေကြားထားပါတယ်။
ဖြိုးဟိန်းထွတ်က ဦးသောင်းလှိုင်ကို ပြသပြီး ကူးယူခွင့်ပြုခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သား ထွန်းနိုင်ရွှေ ရဲ့ သားဖြစ်သူ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး) ကျော်ကျော်နိုင်ထွန်းနဲ့ ဖြိုးဟိန်းထွတ် တို့ တွဲရိုက်ထားတဲ့ ပုံလည်း ပါဝင်ပါတယ်။
လူငါးယောက်ပါတဲ့ အဲဒီဓာတ်ပုံထဲမှာ ဖြိုးဟိန်းထွတ်က အလယ်လူဖြစ်ပြီး ကျော်ကျော်နိုင်ထွန်း ကို ပုခုံးဖက်ထားပါတယ်။ ဖြိုးဟိန်းထွတ်က သူနဲ့ ကျော်ကျော်နိုင်ထွန်း တို့ဟာ အင်မတန်ရင်းနှီးပြီး မြန်မာပြည်မှာ သူ နေထိုင်ခဲ့စဉ်က ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ညကလပ်တွေကို သူတို့အုပ်စု အချိန်မရွေး အခမဲ့ သွားရောက် စားသောက်ပျော်ပါးခဲ့ကြတယ် လို့လည်း ဦးသောင်းလှိုင်ကို ပြောကြားခဲ့ပါတယ်။
“သူက သန်းရွှေမြေးတွေနဲ့ ညကလပ်တွေ သွားပြီး သောင်းကျန်းနေတာဗျ။ ဒီကောင်က… ဘဘတဲ့၊ ကျနော်တို့က ရန်ကုန်က နိုက်ကလပ်တွေမှာ ကျနော်တို့ကို ဖွင့်တဲ့အချိန် လာမပြောနဲ့၊ ပိတ်တဲ့အချိန် လာမပြောနဲ့၊ ကျနော်တို့ ကြိုက်တဲ့အချိန်သွားမယ်၊ ကျနော်တို့ လိုချင်တာဟိုမှာ အကုန်လုံးစီစဉ်ထားတာ။ ရန်ကုန်မှာ ကျနော်တို့ ကြိုက်တဲ့နေရာသွားတဲ့”
နောက်ထပ်ပုံတပုံကတော့ လက်နက်ပွဲစား ဦးအေးကို ရဲ့ မိသားစုပုံဖြစ်ပါတယ်။ ဦးထုပ်အဖြူဆောင်းထားသူက ဦးအေးကို ဖြစ်ပြီး သူ့သား ၂ ယောက်နဲ့ သူ့ဇနီးဖြစ်သူတို့ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတယ်လို့ ဖြိုးဟိန်းထွတ် ပြောကြားတဲ့ အဲဒီ ဦးအေးကို ဆိုသူကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်ထိ မသိရသေးပါဘူး။
အမေရိကန် တရားရေးဌာနရဲ့ သြဂုတ်လ ၆ ရက်နေ့ထုတ်ပြန်ချက်မှာတော့ ဖြိုးဟိန်းထွတ်နဲ့ ရဲဟိန်းဇော်တို့ဟာ ၂ဝ၂၁ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်း ထိုင်းနိုင်ငံရှိ လက်နက်ရောင်းဝယ်သူတဦးကို ဆက်သွယ်ခဲ့ကြောင်းနဲ့ အဲဒီသူဟာ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ခရစ်စနား (Krisana) ကတော့ အမေရိကန်အစိုးရက မေတ္တာရပ်ခံမယ်ဆိုရင် ဒီကိစ္စကို စုံစမ်းထောက်လှမ်းဖို့ သူတို့အနေနဲ့ အဆင်သင့်ပါပဲလို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖြိုးဟိန်းထွတ်က ဦးသောင်းလှိုင်ကို ပြသလွှဲပြောင်းပေးခဲ့တဲ့ နောက်ထပ် မိသားစုဓာတ်ပုံတခုလည်း ရှိပါသေးတယ်။ အဲဒီပုံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူယုံတော် နောက်ထပ်လက်နက်ပွဲစား တဦးဖြစ်တဲ့ သွားဆရာဝန် ဒေါက်တာ တဦးရဲ့ မိသားစု ဓာတ်ပုံဖြစ်တယ်လို့ ဖြိုးဟိန်းထွတ် က ဦးသောင်းလှိုင်ကို ပြောဆိုခဲ့ပါတယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံတော်နဲ့ ဖြိုးဟိန်းထွတ်တို့ရဲ့ ဆက်ဆံရေးကိုတော့ မသိရပါဘူး။
"သံအမတ်ကြီးကို ရိုက်နှက်ပြီး ခြောက်လှန့်လို့ သူနုတ်ထွက်သွားမယ်၊ Resign လုပ်သွားရင်ပြီးသွားမယ်၊ မပြီးရင်တော့ သတ်မယ်"
ဖြိုးဟိန်းထွတ် က ဦးအေးကို ရဲ့ အစီအစဉ်မှာ ပထမအဆင့် အနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးကစွန့်ခွာဖို့ ရိုက်နှက်ခြိမ်းခြောက် ရမှာဖြစ်ပြီး တကယ်လို့ သံအမတ်ကြီးက နုတ်မထွက်ဘူးဆိုရင် နောက်တစ်ဆင့်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ရွေးချယ်ဆုံးဖြတ်ရေး ကော်မတီ (Credential Committee) အစည်းအဝေးမတိုင်မီ သူ့ကို လုပ်ကြံ သတ်ဖြတ်ဖို့ဖြစ်တယ်လို့ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
“စက်တင်ဘာ ၁၄ ရက်နေ့မှာက ကုလသမဂ္ဂက နေပြီးတော့ Credential Challenge အစည်းအဝေး ရှိတယ်လေ၊ အဲဒီပွဲမတိုင်ခင်မှာ ဒါတွေအားလုံး သူက အပြီးလုပ်ချင်တာ။ အဲဒီလို လုပ်လိုက်ရင် သူက Reward ရမယ်လေ၊ အေးကို က၊ အရေးကြီးတာက စက်တင်ဘာ ၁၄ ရက်နေ့ပွဲမှာ ဒီဘက်က ကျနော်တို့လူ မရှိဖို့၊ သူက ဒါကိုလုပ်ချင်တာ၊ ဒီကောင်လေးက ပြောတာကတော့ အခု သူသံအမတ်ကြီးကို ရိုက်နှက်ပြီးခြောက်လှန့်လို့ သူနုတ်ထွက်သွားမယ်၊ Resign လုပ်သွားရင်ပြီးသွားမယ်၊ မပြီးရင်တော့ သတ်မယ်”
အဲဒီကိစ္စအတွက် လန်ဒန်ကလာမယ့် သူရအေးမင်းဆိုသူက သူယခင်က သိကျွမ်းခဲ့တဲ့ နယူးယောက်မြို့ရှိ လူဆိုးဂိုဏ်းတွေနဲ့ ဆက်သွယ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဦးသောင်းလှိုင်နဲ့ တွေ့ဆုံချိန်မှာ ဖြိုးဟိန်းထွတ်က သူပြောတဲ့ အချက်တွေကို သက်သေထူတဲ့ အနေနဲ့ သံအမတ်ကြီးကို တိုက်ခိုက် လုပ်ကြံဖို့အတွက် ငွေပေးခိုင်းစေခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဦးအေးကို ဆိုသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပြောဆိုကြတာကို သူနဲ့ဖြိုးဟိန်းထွတ်တို့ တယ်လီဖုန်းနားကြပ် တယောက်တဘက်စီနဲ့ နားထောင်ခဲ့ကြတယ်လို့ ဦးသောင်းလှိုင်က ပြောပါတယ်။
အဲဒီ သြဂုတ်လ ၂ ရက်နေ့က ဦးအေးကို ပြောဆိုတဲ့စကားတွေထဲမှာ ဝါရှင်တန် ဒီစီမှာပြုလုပ်မယ့် တိုင်းရင်းသားပေါင်းစုံ ဆန္ဒပြပွဲကို ဖြိုးဟိန်းထွတ် သွားရောက်ပြီး မြန်မာသတင်းမီဒီယာ လေးခုကို NLD ဘက်က ရပ်တည်ပြီး ပြောဆိုရမယ့် ကိစ္စလည်းပါဝင်ပါတယ်။ အဲဒီမီဒီယာ လေးခုက လာရောက် သတင်းယူမယ့် သတင်းထောက်တွေဟာ သူက ငွေကြေးပေးပြီး စည်းရုံးထားသူတွေ ဖြစ်တယ်လို့လည်း ဦးအေးကိုက ဖြိုးဟိန်းထွတ် ကို ပြောကြားပါတယ်။ အဲဒီလိုပြောကြားခြင်းဖြင့် ဖြိုးဟိန်းထွတ်ကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ယုံကြည်လာကြဖို့ ဦးအေးကိုက မျှော်လင့်တယ်လို့ ဆိုပါတယ်။
“အဲဒီ အေးကို ကြီးက ဖြိုးဟိန်းထွတ်ကို အဲဒီနေ့က ဘာပြောလဲဆိုတော့… မင်းတဲ့- ဝါရှင်တန်မှာလုပ်မယ့်ပွဲကို မင်းသွားလိုက်။ သတင်းထောက်တွေကို ငါ လွှတ်ထားတယ်။ သူတို့လာလိမ့်မယ်။ လာရင်တဲ့ ဖိုးခွားတို့ မင်းကိုယုံလာအောင် အယုံသွင်းလိုက်၊ ဒါပဲ… တဲ့”
တဆက်တည်းမှာပဲ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေး လှုပ်ရှားသူတွေ၊ NLD ထောက်ခံသူတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့ မွတ်စလင် ခေါင်းဆောင်တွေကို ရင်းနှီးအောင်ပေါင်းသင်းဖို့ ဖြိုးဟိန်းထွတ်ကို ညွန်ကြားချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရှိ လူသိများတဲ့ မြန်မာနိုင်ငံရေးသမားဟောင်း နှစ်ဦးကို သူက ငွေပေးပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆဲဆိုပြောကြားခိုင်းခဲ့ပုံလည်း ပါဝင်တယ်လို့ ဦးသောင်းလှိုင်က RFA ကိုပြောပါတယ်။
သြဂုတ်လ ၃ ရက်နေ့မှာ ဖြိုးဟိန်းထွတ် ကို ဦးသောင်းလှိုင်က နယူးယောက်မြို့ မြန်မာသံရုံးအနီးရှိ Central Park ဗဟိုပန်းခြံမှာ ထပ်မံခေါ်ယူတွေ့ဆုံပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ကိုဖိုးခွားလည်း ပါဝင်ပါတယ်။ ကိုဖိုးခွားက ဒေါသ အရမ်းထွက်နေတဲ့အတွက် သူ့ကို စိတ်ထိန်းဖို့ ဦးသောင်းလှိုင်က ဖျောင်းဖျခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုတွေ့ဆုံချိန်အတွင်းမှာပဲ ဖြိုးဟိန်းထွတ် က သူရအေးမင်း ဟာ လန်ဒန်ကနေ နယူးယောက်ကို စတင် ထွက်ခွာလာပြီလို့ ပြောဆိုခဲ့ပေမယ့် နယူးယောက်မြို့ကို အဲဒီလူ တကယ်ရောက်ရှိခဲ့ခြင်း ရှိမရှိကိုတော့ သူမသိဘူးလို့ ဦးသောင်းလှိုင်က ပြောပါတယ်။
ဖြိုးဟိန်းထွတ်ကို သူတို့အသေးစိတ် ထပ်မံမေးမြန်းကြပြီးနောက် ဦးသောင်းလှိုင်က သံအမတ်ကြီးကို ချက်ခြင်းသွားရောက်တင်ပြခဲ့ပါတယ်။ သံအမတ်ကြီးက ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ကို အကြောင်းကြား တင်ပြခဲ့ပြီးနောက် FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက ဦးသောင်းလှိုင်ကို အဲဒီနေ့ည ၁ဝ နာရီခန့်ကနေ နောက်တနေ့မနက် ၁ နာရီအထိ ခေါ်ယူမေးမြန်းခဲ့ပါတယ်။ Westchester County ဝက်ချက်စတာခရိုင်ရှိ FBI ရုံးမှာ အဲဒီညက သူအမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကို ဦးသောင်းလှိုင်က RFA ကို ပြပါတယ်။
နောက်တနေ့ သြဂုတ်လ ၄ ရက်နေ့မှာ FBI က ဖြိုးဟိန်းထွတ်ကို ခေါ်ယူ မေးမြန်းပြီး ဖမ်းဆီးလိုက်ပါတယ်။
ဒီအကြောင်းအရာတွေကို နယူးယောက်တရားရုံးကို တင်ပြခဲ့တဲ့ FBI အထူး ထောက်လှမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးရဲ့ ထွက်ဆိုချက်မှာတော့ သူတို့ဟာ ဖြိုးဟိန်းထွတ်ကို ဖမ်းဆီးပြီးနောက်တနေ့ဖြစ်တဲ့ သြဂတ်လ ၅ ရက်နေ့မှာ ရဲဟိန်းဇော်ကိုလည်းဆက်လက် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဖြိုးဟိန်းထွတ်နဲ့ ရဲဟိန်းဇော် တို့ကို အခု အမေရိကန်ပြည်ထောင်စု ပိုင်နက် အတွင်း နိုင်ငံခြားသား အရာရှိတစ်ဦးကို ဒဏ်ရာအနာတရဖြစ်အောင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ သူတို့ နှစ်ဦးရဲ့ရှေ့နေတွေထံက ပြောကြားချက် တစုံတရာကိုလည်း လတ်တလော မရရှိသေးပါဘူး။ နယူးယောက်မြို့ တောင်ပိုင်းခရိုင် တရားရုံး ပြောရေးဆိုခွင့်ရှိသူကလည်း နောက်ထပ် အချက်အလက်တွေ ထုတ်ပြန်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
အခုလို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှု ပေါ်ပေါက်လာပြီးနောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့လုံခြုံရေးကို FBI က ၂၄ နာရီပတ်လုံး တာဝန် ယူပေးနေသလို ဦးသောင်းလှိုင်နဲ့ ကိုဖိုးခွားတို့ ဦးဆောင်တဲ့ မြန်မာတွေကလည်း တတ်နိုင်သမျှ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးမှာ ပါဝင်တဲ့ ဓာတ်ပုံတွေဟာ ဖြိုးဟိန်းထွတ်က ဦးသောင်းလှိုင်ကို လွှဲပြောင်းပေးခဲ့ပြီး ဦးသောင်းလှိုင်က တခြားသက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ RFA ကို အသုံးပြုဖို့ တရားဝင်ပေးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
(မှတ်ချက်။ ။ ဤသတင်းဆောင်းပါးတွင် လန်ဒန်မြို့မှ ဦးသူရအေးမင်း၏ တုံ့ပြန်ချက်ကို ဝါရှင်တန်ဒီစီ ဒေသစံတော်ချိန် ၂၀၂၁ ဩဂုတ်လ ၃၁ ရက် နေ့လယ် ၂ နာရီခွဲ အချိန်တွင် ဖြည့်စွက် ထည့်သွင်းထားပါသည်။)