ပုဒ်မ ၅၉(စ) အပါအဝင် ပုဒ်မပေါင်း ၂၀၀ ခန့်ကို ၄၅ ဦးပါ ကော်မတီ ဆွေးနွေးပြီးစီး
2019.10.04

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ် အများစု ဦးဆောင်တဲ့ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံ အခန်း ၄ ဥပဒေပြုရေး အပိုင်းအထိ မနေ့က အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။
အများစိတ်ဝင်စားတဲ့ ပုဒ်မ ၅၉ ပြင်ဆင်ရေးအပေါ် သဘောထားမှတ်ချက်တွေ ရယူနိုင်ခဲ့ပြီး တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်နဲ့ ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပါတဲ့ အခန်းကိုတော့ မရောက်သေးဘူးလို့ ကော်မတီဝင်တချို့က ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တားဆီးထားတယ်လို့ ဝေဖန်မှုတွေရှိတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတွေက ထောက်ခံတယ်လို့ သိရပါတယ်။
ပုဒ်မ ၅၉(စ) မှာ သမ္မတလောင်းရဲ့ သား၊ သမီး၊ ချွေးမ၊ သားမက်ဖြစ်သူတွေဟာ နိုင်ငံခြားသား မဖြစ်ရတာ အပါအဝင် မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံတွင်း နှစ် ၂၀ ဆက်တိုက်နေထိုင်သူဖြစ်ရမယ် စတဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတာပါ။
နိုင်ငံရေးပါတီ အစုအဖွဲ့တွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အကြံပြုလာတဲ့ အချက်ပေါင်း ၃၆၀၀ ကျော်ကို စိစစ်ပြီး ဥပဒေမူကြမ်းတစ်ခုကို လွှတ်တော်ကို တင်ပြရမှာပါ။
ပုဒ်မ တစ်ခုချင်းစီအလိုက် ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့ ဆန္ဒပြုမဲပေးကြတာရှိသလို မူလအတိုင်းထားရှိဖို့ တင်ပြကြတာတွေလည်း ရှိပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က လွှတ်တော်က ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
"အခု ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကပေးထားတဲ့တာဝန်ကို ဘယ်လိုနည်းနဲ့ မဆိုပေါ့နော် ဒီအခြေအနေမျိုးမှာ ကော်မတီအနေနဲ့ ပြီးမြောက်အောင် ဆောင်ရွက်သွားနိုင်မယ်လို့တော့ ယုံကြည်ထားတယ် ။ မျှော်လင့်ထားတယ်။ ဟိုအခက်အခဲဆိုတာမျိုးထက် အတွင်းထဲမှာ ဆွေးနွေးကြတာ ပြောဆိုရတာမျိုးရှိပေမယ့်လို့ အခက်အခဲလို့တော့ ပြောလို့ရလိမ့်မယ်လို့ မထင်ဘူး။ ပုံမှန်အားဖြင့်တော့ ခရီးစဉ်ဆက်သွားနိုင်မယ်လို့တော့ မှန်းဆလို့ရတယ်"
နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလ လောက်မှာ ဖွဲ့စည်းပုံပါ အခန်းတွေအားလုံး အပြီးသတ်ဆွေးနွေးပြီး ဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
လက်ရှိအချိန်အထိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပါဝင်ဆွေးနွေးတာမျိုး ၊ ဆန္ဒပြု မဲပေးတာမျိုး မရှိသေးပါဘူး။
အဲဒီ ပူးပေါင်းကော်မတီမှာ ဆွေးနွေးတဲ့ ပုဒ်မ တစ်ခုချင်းအပေါ် ဘယ်ပါတီက ဘယ်လို သဘောထား ရှိတယ်ဆိုတာကို ပြင်ပမှာ ပြောဆိုဖို့ ကန့်သတ်ချက်ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကတော့ - လွှတ်တော်ထဲကို ပုဒ်မ ၅၉ စ အပါအဝင် ပြင်ဆင်ဖို့ တင်သွင်းလာမယ့် ပုဒ်မတွေကို ပါတီမူဝါဒအတိုင်း ဆွေးနွေးရပ်တည်သွားမယ်လို့ ပြောပါတယ်။
"ကျတော်တို့ကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသား အကျိုးစီးပွားပေါ့၊ ပြောမယ်ဆိုရင် တို့တာဝန် အရေး ၃ ပါးပေါ့ ၊ ဒါကိုပဲ အခြေခံမှုအဖြစ်နဲ့ ကိုင်တွယ်ပြီး ကိုယ်တို့က ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုပဲ ပြင်ပြင်၊ ပြောင်းပြောင်း၊ သူတို့က ဥပဒေနဲ့ မညီပဲနဲ့ ဒါကြီးကို မူကြမ်းတင်လာပြီးတာ့ပဲ အခန်း ၁၂ အတိုင်းလွှတ်တော်ထဲ သွင်းလာရင်လည်း သွင်းလာတဲ့ အလျောက်ပေါ့ ဆက်လုပ်ကြရမှာပေါ့ ။ ဆွေးနွေးခွင့်ပေးလာပြီဆိုတော့ ဝိုင်းဆွေးနွေးရမှာပေါ့"
တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သီးခြား ဥပဒေမူကြမ်း ၅ ခုကို တင်ပြခဲ့ပေမယ့် အဲဒီအထဲက နှစ်ခုကို ၄၅ ဦးပါ ပူးပေါင်းကော်မတီထဲမှာသာ ထည့်သွင်းဆွေးနွေဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၃ ကြိမ်မြောက်အစည်းအဝေး နောက်ဆုံးပတ်မှာတင်သွင်းခဲ့တဲ့ တပ်မတော်နဲ့ USDP တို့ရဲ့ မူကြမ်း ၃ ခုကိုတော့ လာမယ့် ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။
ပထမမူကြမ်းနှစ်ခုကို ၄၅ ဦးကော်မတီနဲ့ ပူးပေါင်းဆွေးနွေးဖို့ ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမယ့် ဖွဲ့စည်းပုံခုံရုံးက ပယ်ချခဲ့တာပါ။
ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦးပါ ပူးပေါင်းကော်မတီဟာ တရားမဝင်ဘူးဆိုပြီးလည်း တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ထားပါတယ်။
တိုင်းရင်းသားတွေ မျှော်မှန်းသလောက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်နိုင်ခြေရှိပါလားလို့ မေးရာမှာ တပ်မတော်နဲ့ NLD ညှိဖို့ပဲရှိတယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပူဂင်ကမ်းလျန်က ပြောပါတယ်။
"အဲဒါကတော့ နောက်ဆုံး တပ်နဲ့ အန်အယ်ဒီနဲ့ ညှိဖို့ပဲရှိတာပဲ"
ဖွဲ့စည်းပုံ အခန်း ၅ မှာတော့ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ပတ်သက်တာတွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးချယ်တဲ့ ပုဒ်မ ၂၆၁ နဲ့ဆိုင်တဲ့ ပုဒ်မတွေပါဝင်တဲ့အတွက် အချိန်ယူ ဆွေးနွေးရနိုင်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ NLD ပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ညှိုနှိုင်းဆွေးနွေးရေးဟာ အဓိက ကျတယ်လို့ ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ အညီပြင်ဖို့က မဖြစ်မနေလိုအပ်တယ်လို့မြင်တယ်။ အဲဒီလို ပြင်ဆင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဓိက ကျတယ်လို့ မြင်တယ်"
လွှတ်တော်လမ်းကြောင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးရေးဟာလည်း အရေးကြီးတယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက ယူဆပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီအစည်းအဝေးတွေကို နိုဝင်ဘာလအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမတိုင်မီ ပြန်လည်ကျင်းပဖို့ရှိနေပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း စုစည်းတင်ပြသည်)