ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း ရွှေ့ပြောင်းရေး အငြင်းပွားဖွယ်ဖြစ်လာ

သီဟထွန်း
2020.05.21

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း နေရာရွှေ့ပြောင်းဖို့၊ အရေးပေါ် ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။

ဒါပေမဲ့ မွတ်စလင်ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကတော့၊ စခန်းနေရာသစ်ကို မပြောင်းရွှေ့ချင်ဘဲ မူလနေရပ် ကျောက်ဖြူကိုပဲ ပြန်ချင်တာကြောင့် အငြင်းပွားဖွယ် ဖြစ်လာနေပါတယ်။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေ တစ်ထောင်ကျော်၊ အိမ်ထောင်စု ၃၆၀ ကို စခန်းနေရာသစ် ရွှေ့ပြောင်းဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ် ရန်ပုံငွေထဲကနေ ငွေကျပ် သန်းပေါင်း ၂၀၀၀ နီးပါး အသုံး ပြုဖို့ အစီအစဉ်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းပြပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကျင်းပတဲ့ ကျောက်တစ်လုံးစခန်းပိတ်သိမ်းရေး အစည်းအဝေးမှာ ငွေကျပ် သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းရေးနဲ့ စပ်လျဉ်းတဲ့ ညှိုနှိုင်းအစည်းအဝေးမှာ ကျောက်တစ်လုံး IDP စခန်း ရွှေ့ပြောင်းတည်ဆောက်ရန် ကုန်ကျစရိတ်များကို နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေက ကျခံနိုင် ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသဖြင့် လုပ်ငန်းများကို လက်ခံအကောင်အထည်ဖော်ဆောင်ရွက်မယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တွက်ချက် တင်ပြလာတဲ့ စုစုပေါင်း ကုန်ကျငွေကျပ် ( ၂၀၉၉.၃၁၀ ) သန်းကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှု ခံယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အရေးပေါ်ရန်ပုံငွေမှ သုံးဆွဲခွင့်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။"

၂၀၁၂ ခုနှစ် က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့အနီးမှာ ဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခုဖွင့်လှစ်မယ့် စခန်းနေရာသစ်က ကျောက်တစ်လုံးစခန်းနဲ့ နှစ်ဖာလုံလောက် အကွား အဝေးမှာ ရှိပါတယ်။

ရရှိထားတဲ့ ငွေကျပ် ( ၂၀၉၉.၃၁ သန်း) သန်း ၂၀၀၀ ကျော်ကို နေအိမ် ၃၆၃ လုံးနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေး ခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးနဲ့ မီးရရှိရေး အပါအဝင် မြေယာလျော်ကြေးပေးဖို့ အသုံးပြုသွားမယ်လို့ ဒုဝန်ကြီးဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေ ကတော့ နေရာသစ်ကို ပြောင်းရွှေ့မှာ မဟုတ်ဘဲ၊ မူလနေရပ် ကျောက်ဖြူမြို့ပေါ်ကို ပြန်မယ်လို့ ပြောပါတယ်။

"ကျနော်တို့ ကိုယ်ပိုင်အိမ်ပြန်မယ်။ စောင့်နေတယ် IDP စခန်းကနေ၊ ဒီအစိုးရ ဘယ်လိုလုပ်မလဲ၊ ရှေ့အစိုးရ ဘယ်လိုလုပ်လဲ ၊ NLD အစိုးရ ဘယ်လိုလုပ်မလဲ ဘယ်လို ကိုင်တွယ်မလဲ၊ နိုင်ငံတကာက UN ဘယ်လို ကိုင် တွယ်မလဲ ဆိုတာ ကျတော်တို့ စောင့်နေတာ၊ ကျတော်တို့ အဲဒီနေရာ မနေဘူး၊ ကျတော့်တို့နေရာ ကျတော်တို့ ပြန်သွားမယ်။ မြို့ပေါ်ရပ်ကွက်ကိုသွားမယ်။ မြို့ပေါ်ရပ်ကွက်ထဲမှာ ကျတော်တို့ အိမ်တွေ ရောင်းချ ထားတဲ့ သူတွေ ရှိတယ်။ ရောင်းချထားတယ်ဆိုရင် ကျတော်တို့မှာနေမယ့် နေရာမရှိဘူး။ မရောင်းတဲ့ သူကို သူတို့အိမ် သူတို့ ပေးပေါ့။ ရောင်းချထားတဲ့သူတွေကို ဥပမာ မီးလောင်ကွင်းရှိတယ်။ တခြားနေရာ ရောက်နေတယ်။ စစ်တွေက ပြန်ခေါ်လိုက် ၊ ပေါက်တောက ပြန်ခေါ်လိုက်ပြီး သူတို့နဲ့ ကျတော်တို့ မှာ ရောင်းချထားတဲ့သူတွေနဲ့ အတူတူပြန်လည်နေရာချထားလိုက်ရင် ရပါတယ်။"

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဟာ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ပြင်ဖြူမော်ရပ်ကွက်တွေမှာ မူလကနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အသစ်ပြောင်းရွှေ့မယ့်နေရာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် ရာသီဥတု ကြမ်းတမ်းတဲ့အတွက် ကျောက်ဖြူမြို့က မူလနေထိုင်ခဲ့တဲ့နေရာတွေကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြခဲ့တယ်လို့ ကိုဖြူချေ က ပြောပါတယ်။

ဒါ့အပြင် အသစ်ရွှေ့ပြောင်းမယ့် နေရာသစ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး စခန်းကသူတွေ သွားရောက် ကြည့်ရှုခွင့်မရဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့နဲ့ သင့်တော်တဲ့နေရာတစ်ခုမှာ ပြန်လည်နေရာချထားရေးကိစ္စတွေဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက တစ်ခုဖြစ်ပြီး၊ ICJ ရဲ့ ကြားဖြတ်အမိန့်လေးချက်ထဲမှာလည်း ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အသိအမှတ်ပြုဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ပြုဖို့ဆိုပြီး ပါဝင်ပါတယ်။

ကျောက်တစ်လုံး ဒုက္ခစည် စခန်း ပိတ်သိမ်းပြီး နေရာသစ် ပြောင်းရွှေ့တာဟာ ICJ ရဲ့ ကြားဖြတ်အမိန့်နဲ့ ပတ်သက် နေသလားဆိုတဲ့အပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အင်တာနက် ဖေ့စ်ဘွတ်အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုကတော့ လက်ရှိ ကျောက်တစ်လုံး စခန်းက ရေဝပ်တဲ့အတွက် ပိုကောင်းတဲ့နေရာသစ်ကို ပြောင်းရွှေ့တာဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"မြေအနေအထားပေါ့နော်။ မြေအနေအထားအရ ရေနည်းနည်းဝပ်တာပေါ့၊ အဲဒီလက်ရှိနေရာထက် ပိုကောင်း တဲ့နေရာကို ရွှေ့ပေးမှာပေါ့။ အဲလိုရွှေ့ပေးဖို့အတွက်က အမှန်အတိုင်းပြောရရင်တော့ ဘတ်ဂျက်က ဘယ်သူမှ ရခိုင်အစိုးရမှာလည်း လျာထားတာမရှိဘူး။ လျာထားတာမရှိတဲ့အတွက် ဘာဖြစ်လဲ ပြောင်းရွှေ့ဖို့အတွက် ဘတ်ဂျက်လိုတာပေါ့ဗျာ။ ဘတ်ဂျက်လိုတဲ့အတွက်ကြောင့် ရခိုင်ဗဟိုကော်မတီဆိုတာရှိပါတယ်။ ဗဟို ကော်မတီကို တင်ပြတဲ့အချိန်မှာ ဗဟိုကော်မတီက ဘာလမ်းညွှန်လည်းဆိုတော့ ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဲဒီအတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်တဲ့ရန်ပုံငွေကို နယ်စပ်ရေးရာ ဝန်ကြီး ဌာနက တာဝန်ယူပြီးတော့မှ အရေးပေါ် ရန်ပုံငွေကနေ တောင်းပေးပါလို့ လမ်းညွှန်ပါတယ်ဗျာ။ တကယ်တမ်း အဲလုပ်ငန်းကို လုပ်ချင်တာကတော့ ရခိုင်အစိုးရပါ။"

ဒီကိစ္စဟာ ICJ ရဲ့ ကြားဖြတ် အမိန့်နဲ့ ဆက်စပ်မှု ရှိ မရှိကိုတော့ မေးမြန်းခွင့်မရခဲ့ပါဘူး။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က မွတ်စလင် ဒုက္ခသည်တွေကို မြို့ထဲကို ပြန်ပြောင်းရွှေ့ဖို့ အဆင်ပြေမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

"မြို့ထဲပြန်ရွှေ့ဖို့လည်း အဆင်တော့ မပြေတော့ဘူးဗျ။ မပြေတော့ဘူးဆိုတာက မြို့ထဲမှာကလည်း သူတို့က ဘင်္ဂါလီတွေနေခဲ့တဲ့နေရာက ကျနော့် မျက်မြင်အရဆိုရင် ပင်လယ်ပေါ်မှာ သူက တရားဝင်မြေနေရာက နည်း နည်းဗျ။ ကုန်းပေါ်ကမြေက နည်းနည်း။ ပင်လယ်ထဲမှာ မြေက အများကြီး သူတို့နေထိုင်တဲ့အခါ၊ သူတို့က အဲဒီနေရာက ပြောင်းရွှေ့သွားတဲ့အခါကျတော့ ပြန်ဖို့နေရာချဖို့ဆိုတာက သူတို့နေထိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင် တော့ဘူး။ နောက်တစ်ချက်က ဒေသခံတွေကလည်း အဲဒီနေရာတချို့မှာ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဟာ တွေရှိချင်ရှိမယ်။ အဲဒီလိုဆိုရင် သူတို့နဲ့ အသစ်ရောက်လာတဲ့ ဘင်္ဂါလီတွေ ပဋိပက္ခဖြစ်နိုင်ခြေတော့ တော် တော်များတယ်လို့မြင်တယ်။"


အစိုးရက စီစဉ်နေတဲ့နေရာသစ်ကိုလည်း မပြောင်းရွှေ့သေးပဲ အခြေအနေတွေ တည်ငြိမ်သွားတဲ့အထိ လက်ရှိစခန်းမှာပဲထားတာကို ပိုကောင်းမယ်လို့ ယူဆတယ်လို့လည်း သူက ပြောပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေကတော့ ကျောက်ဖြူမြို့ခံအများစုက၊ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ ပြန်လာမှာကို လက်ခံပေမယ့်၊ အနည်းအကျဉ်းက လက်မခံတာကို အကြောင်း ပြုပြီး အစိုးရက အခုလို စီစဉ်တယ်ဆိုရင် သူတို့အတွက် အများကြီးနစ်နာတယ်လို့ ပြောပါတယ်။

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်းလည်းဖြစ် ၊ ငြိမ်းချမ်းမေတ္တာ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးအေးလွင် ကတော့၊ မတူတဲ့ လူ့အစုအဝေးတွေကို ခွဲထုတ်လိုက်တာထက် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်တာက ပိုကောင်းတယ်လို့ ပြောပါတယ်။

"မတူတဲ့ လူ့အစုအဝေးတွေ ခွဲထုတ်ခြင်းဟာ segregation၊ segregation ဟာ ရေရှည်မှာ အကျိုးမဖြစ်ပါဘူး။ integration ဆိုသည်မှာ မတူသော်လည်း ဗမာပြည် ဟာလည်းပဲ ဗဟုလူ့အဖွဲ့အစည်းပဲလေ။ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ ဒီလိုပဲနေခဲ့ကြတယ်။ အရင်ကလည်း နေခဲ့တယ်။ ခုလည်းနေတယ်။ အဲတော့ integration လို့ ခေါ်တဲ့ မတူကွဲပြားတဲ့ ပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတာကို မြန်မာ့အစဉ် အလာ၊ မြန်မာ့သဘာဝအရ ဖြစ်ပေါ်လာအောင် အချိန်ယူရင်လည်းယူပြီးတော့ ကြိုးစားရင် ပိုကောင်းလိမ့် မယ်လို့ ကျနော်ဒီလိုပဲ အကြံပေးချင်ပါတယ်။"

အခုလို မွတ်စလင် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ ညှိနှိုင်းနေတာဟာ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနရဲ့ “ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းတွေ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်” အရ ၂၀၁၈ ခုနှစ်ထဲက စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။