ကလေးမြို့က COVID-19 စိုးရိမ်မှုအခြေအနေ

မြင့်သူဝင်း
2020.09.11

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေတနေ့တခြားမြင့်မားလာနေပြီး သေဆုံးသူဦးရေလည်း တိုးလာနေပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ပိုးတွေ့လူနာသစ်တဦး ထပ်တိုးလာပြီး စောင့်ကြည့်လူနာတွေလည်း တိုးလာနေပေမဲ့ ကလေးမြို့နေလူထုအတွင်းမှာတော့ ဆေးမရှိသေးတဲ့ ကမ္ဘာ့ကပ်ရောဂါအပေါ် ထူးခြားတဲ့ စိုးရိမ်မှုတွေရှိမနေပါဘူး။

ပြီးခဲ့တဲ့လ သြဂုတ်လဆန်းပိုင်းမှာ တရုတ်နိုင်ငံကနေ ကလေးမြို့ကို ပြန်လာသူတဦးကို စစ်ဆေးတဲ့အခါမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ပြီးခဲ့ ၂ရက်ကပဲ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသူနဲ့ဆက်စပ်သူ ကိုးဦးကိုလည်း စောင့်ကြည့်လူနာအဖြစ် သီးသန့်စခန်းမှာ ထားတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေပေမဲ့လည်း ကလေးမြို့အဝင်အထွက်တွေမှာတော့ ထူးခြားတဲ့ စစ်ဆေးမှုတွေ ရှိမနေဘူးလို့ ကျန်းမာရေးအရ အမည်မဖော်လိုတဲ့ စောင့်ကြည့်လူနာတဦးက ပြောပါတယ်။

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်ကတော့ မြို့အဝင်ဂိတ်အချို့မှာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ၂၄ နာရီလုံး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကလေးမြို့ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ မိုင်ရှစ်ဆယ်ကျော်ပဲ ဝေးတာပါ။ နယ်စပ်ကတဆင့် ရောဂါပိုးကူးစက်မှာကို စိုးရိမ်ရသလို၊ ပြည်တွင်းမှာရောဂါပိုးပြန့်နှံ့မှု တိုးလာနေလို့လည်း စိုးရိမ်ရတဲ့အခြေအနေသစ်တွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း လက်ရှိအနေအထားအရ ကလေးမြို့အခြေအနေက အထူးစိုးရိမ်ဖို့ မလိုဘူးလို့ COVID-19 ကာကွယ်ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်း ကူညီပေးနေတဲ့ ကဖိုးတင်ပရဟိတအသင်းရဲ့ ခေါင်းဆောင် ဦးတင်ထွန်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ကပ်ရောဂါရဲ့ အခြေအနေတွေ စိုးရိမ်ဖို့ ပိုပြီးကောင်းလာနေပေမယ့် ကလေးမြို့နေလူထုက အပူအပင်နည်းနေတဲ့အပေါ် စောင့်ကြည့်လူနာတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးမြို့ပြည်သူ့ဆေးရုံက သူနာပြုဆရာမကြီး ဒေါ်ခင်ခင်တင့်က စိုးရိမ်နေပါတယ်။

ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လောလောဆယ် ၂ ယောက်ပဲ ရှိနေပါတယ်။ သေဆုံးသူလည်း အခုချိန်ထိ စစ်ကိုင်းတိုင်းအတွင်း တယောက်မှ မရှိသေးပါဘူး။ ကလေးမြို့မှာ ပထမဆုံး ပိုးတွေ့လူနာကို ပြီးခဲ့တဲ့ မတ်လတုန်းက စစ်ဆေးတွေ့ရှိခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အာဏာပိုင်တွေဘက်က ထိန်းချုပ်မှုတွေကို လျှော့ချပေးခဲ့သလို ကလေးမြို့နေလူထုအတွင်းမှာလည်း စိုးရိမ်မှုတွေ လျော့ကျလာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။