မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနည်းနေတာ ဘာကြောင့်လဲ
2020.06.03
မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၃၃ နဲ့ သေဆုံးသူ ၆ ဦးရှိပြီး ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်ကာ ပြန်လည်ကျန်းမာလာသူ ၁၄၅ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
တကယ်တော့မြန်မာနိုင်ငံဟာ ဒီရောဂါစတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံနဲ့ မိုင် ၁၃ဝဝ ကျော် နယ်နိမိတ်ချင်းဆက်စပ်နေသလို မြန်မာနဲ့ တရုတ်နယ်ခြားမှာ တရားမဝင်ဖြတ်သန်းဝင်ထွက်လို့ ရတဲ့နေရာတွေလည်း အများကြီးရှိတဲ့အပြင် ဆင်းရဲတဲ့နိုင်ငံတခုအနေနဲ့ ကာကွယ်ကုသရေးမှာ အားနည်းချက်တွေ ရှိခဲ့မယ်ဆိုရင် သေဆုံးမှုတွေအများအပြားရှိနိုင်တယ်လို့ ပြည်တွင်းပြည်ပက စိုးရိမ်ခဲ့ကြပါတယ်။
ဒါပေမယ့် အခုအချိန်ထိတော့ အခြေအနေတွေက အတော်တည်ငြိမ်နေပါတယ်။ ဘာကြောင့်ပါလဲ။ ပြည်သူတွေက တိုင်းပြည်ရဲ့ ဆင်းရဲမှုကို သိကြတဲ့အတွက် ကြောက်ရွံ့စိုးရိမ်မှုနဲ့အတူ တတ်နိုင်သမျှ ပါဝင်ကူညီကြလို့ပါပဲလို့ ဝေဖန်သူတွေရှိသလို အစိုးရရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြု ပြောဆိုသူတွေလည်း ရှိပါတယ်။
လူထုအခြေပြုကျန်းမာရေးဝန်ဆောင်မှုပေးနေသူ ဒေါက်တာ စစ်နိုင်က ကံ ဉာဏ် ဝီရိယ အကျိုးပဲလို့ ဝေဖန်ပြောကြားပါတယ်။
နိုင်ငံရေးသမား အယ်ဒီတာ ကိုမျိုးမြင့်ညိမ်းကတော့ ပြည်သူတွေရဲ့ နိုးကြားတက်ကြွမှုဟာ အဓိက အင်အားဖြစ်တယ်လို့ သုံးသပ်ပါတယ်။
အခုလိုအခြေအနေမှာ အားရကျေနပ်ပြီး ပေါ့ပေါ့ဆဆ နေထိုင်လို့မဖြစ်ဘူးလို့ ဒေါက်တာစစ်နိုင်က သတိပေးပါတယ်။
မြန်မာပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ တခြားကမ္ဘာတလွှားက ဆိုးဝါးတဲ့နိုင်ငံတွေလို သေဆုံးမှု မများဘဲ လွတ်မြောက်ရေးဟာ ပြည်သူလူထုရဲ့ အင်အားပေါ်မှာ အဓိကမူတည်နေတယ်ဆိုတာကို အားလုံးက အသိအမှတ်ပြုရမှာပါပဲ။
ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို တတ်နိုင်သမျှ လိုက်နာခြင်းဖြင့်သာ ဒီ ကပ်ရောဂါဆိုးကို ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။