ရန်ကုန်ဝန်ကြီးချုပ် ၂၀၂၁ မှာ ထိပ်တန်းရာထူး ရနိုင်မလား

အောင်သိင်္ခ
2020.06.12

ကပ်ဘေးကာလ ခပ်ခွာခွာနေကြဖို့ ညွှန်ကြားထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ လူစုလူဝေးနဲ့ ဘာသာရေး အခမ်းအနားပြုလုပ်ခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်တိုင်း ဗိုလ်တထောင်ဘုရားမှာ ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲကို တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ မေလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အပြစ်မမြင်ဘဲ ဝန်ကြီးချုပ်နေရာကို ပေးခဲ့တဲ့သူတွေကို အပြစ်မြင်တယ်လို့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် အနေနဲ့က ပြည်သူလူထုက မျှော်လင့်ချက်ကြီးစွာနဲ့ တာဝန်ပေးခဲ့တယ်။ ဒီ ငါးနှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ ကြည့်ရသလောက် လေထဲတိုက်အိမ်ဆောက်ပြီး ပြီးသွားတယ်။ လက်တေ့ွအကောင်အထည်ဖော်နိုင်မှု မရှိဘူး။ ကျွန်တော်တို့အတွက် ရန်ကုန်တိုင်း ပြည်သူလူထုအတွက် အချိန်က သိပ်အရေးကြီးတယ်။ ရန်ကုန်တိုင်း ပြည်သူတွေအတွက်ကတော့ ဒီငါးနှစ်တာကာလက တော်တော်နှမြောစရာ ကောင်းတယ်လို့ပဲ မြင်ပါတယ်။ ဦးဖြိုးမင်းသိန်းကို အပြစ်တင်တာထက် သူ့ကို တာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ပြောရမယ်။ တစ်နှစ်လောက်ဆိုရင် အရည်အချင်းကို မြင်ရပြီလေ။ အဲလိုအချိန်မှာ ရန်ကုန်တိုင်းကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင် နောက်လုပ်နိုင်မယ့် လူတွေအများကြီးပါ။ ကျွန်တော်ထင်ပါတယ် NLD ပါတီထဲမှာလည်း ရှိမှာပါ”

NlD ပါတီရဲ့ အစိုးရ အဖွဲ့ဝင်တွေထဲမှာလည်း ခေါင်းဆောင်မှု အရည်အချင်း မရှိသူတွေ အမြောက်အမြား ရှိနေတယ်လို့ ပြောပါတယ်။

လုပ်ဆောင်ချက်တွေကြောင့် ဝေဖန်မှုခံနေရတဲ့  ဝန်ကြီးချုပ်ကို လုပ်ရဲကိုင်ရဲမှုအတွက် အားရ ကျေနပ်မိပေမယ့် နောက်လာမယ့် ရွေးကောက်ပွဲ အပြီးမှာ ဝန်ကြီးချုပ်ရာထူး သို့မဟုတ် ဒီထက် မြင့်မားတဲ့ နိုင်ငံတော် အကြီးအကဲ ရာထူးတစ်ခုခု ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျား မရေးရာ တန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျွန်တော်တော့ သိပ်မမျှော်လင့်ဘူး၊ NLD အတွင်းမှာကအစ သူ့ကိုပြန်ပြီး ဘယ်လိုတာဝန်ပေးမလဲဆိုတာ အုပ်စုကွဲနေတဲ့ သဘောရှိတယ်။ သူ့အနေနဲ့က အုပ်ချုပ်ရေးမဏ္ဍိုင်ပိုင်းမှာ တာဝန်ရှိပေမယ့် လွှတ်တော်လို့ခေါ်တဲ့ ဥပဒေပြုရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ အဖုအထစ်တွေ အများကြီးပဲ။ တစ်ခါတစ်လေကျရင် မဏ္ဍိုင်နှစ်ခုကို ဘယ်လိုဟန်ချက်ညီအောင် သွားမလဲဆိုတာ မလုပ်ဘဲ ငါ့မဏ္ဍိုင် ငါ့လုပ်ပိုင်ခွင့်နဲ့ ငါ့တာဝန် လုပ်ချင်တာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်က ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီလမ်းကြောင်းကို သိပ်ပြီးမလေးစားတဲ့ သဘောဖြစ်တယ်။ အဲဒီလိုဘက်ပေါင်းစုံအရ ထောက်ပြမယ်ဆိုရင် ထောက်ပြလို့ရနေတော့ ပြန်ပြီးတာဝန်ပေးဖို့ကတော့ တာဝန်ပေးသည့်တိုင်အောင် လူထုကြိုက်သော၊ လူထုလက်ခံတဲ့ပုံစံတော့ ဖြစ်လာမှာမဟုတ်ဘူး”

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းလှိုင်က လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲဆောင်ရွက်ပုံကို သဘောကျတယ်လို့ ပြောပါတယ်။

“ဘယ်သူမှ ညမထွက်ရအမိန့် ထုတ်ထားသော်လည်းပဲ အဲဒီဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဒေသန္တရအမိန့်ကို ကြီးကြပ်ကွပ်ကဲဖို့ကျတော့ အုပ်ချုပ်ရေးယန္တရားက ပုဂ္ဂိုလ်တွေကတော့ အပြင်မှာရှိနေမယ်လေ။ ထိုနည်းတူစွာပဲ ဘယ်သူမှ ဒီလိုအခမ်းအနားတွေ မလုပ်ရဘူးလို့ ဆိုသော်လည်း စီမံခန့်ခွဲရေးယန္တရားက တာဝန်ရှိပုဂ္ဂိုလ်တွေက တာဝန်အရ ဆောင်ရွက်မှုလား၊ ဒါမှမဟုတ် တာဝန်မရှိဘဲ မိမိလုပ်လို့ရတယ်ဆိုပြီး လုပ်ပိုင်ခွင့်တခုကို အလွဲသုံးစားလုပ်တဲ့ အပြုအမူလားဆိုတာ စွပ်စွဲခံရသူတွေဘက်က တင်ပြတဲ့အပေါ်မှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ ရန်ကုန်ရဲ့ အုပ်ချုပ်ရေးယန္တရားပုံစံနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီမံအုပ်ချုပ်မှုအပိုင်းကို ပိုပြီး သဘောကျနှစ်ခြိုက်တယ်”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိနေချိန်မှာ လူစုလူဝေးမလုပ်ရလို့ ပြည်ထောင်စုအဆင့်က ချမှတ်လိုက်ပြီးနောက်ပိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေကို ချိုးဖောက်လို့ဆိုပြီး အလုပ်သမား၊ ဘာသာရေး ဆရာတွေနဲ့ ဥပဒေချိုးဖောက်သူတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အခမ်းအနားလုပ်ခဲ့ပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ ပြည်ထောင်စုရဲ့ အမိန့်တွေညွှန်ကြားချက်တွေ အားလုံးကို လိုက်နာခဲ့တယ်လို့ ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနကို မကြာသေးမီက ပြောကြားထားပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေရဲ့ စုပေါင်းလက်မှတ်နဲ့ စွပ်စွဲပြစ်တင်နိုင်တဲ့ အဆိုတင်ထားပြီး လွှတ်တော်ဥက္ကဋ္ဌကလည်း လက်ခံထားတယ်လို့ သိရပါတယ်။

စွပ်စွဲချက်မှာပါဝင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃ (င)၊ ပုဒ်မခွဲ (၁)နဲ့ (၂)အရ လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခဲ့မယ်ဆိုရင်တော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တာဝန်က ရပ်စဲခံရမှာဖြစ်တယ်လို့ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို ပြန်ပြီးတင်ပြဖို့ လိုအပ်ပါဦးမယ်။ ပြီးရင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း အနည်းဆုံး သုံးပုံ နှစ်ပုံကနေပြီးတော့မှ စွပ်စွဲပြစ်တင်မှုက မှန်ကန်တယ်၊ မမှန်ကန်ဘူးဆိုတာကို မဲရရှိမှသာလျှင် ရာထူးမှ ဆက်လက်ထမ်းဆောင်ဖို့ မသင့်ကြောင်း ဆုံးဖြတ်မှသာလျှင် ဥက္ကဋ္ဌက ဆုံးဖြတ်မယ်။ ဒါတောင် လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီ ဆက်လက်တင်ပြရဦးမှာ”

ရန်ကုန်တိုင်းကိုခေါင်းဆောင်မယ့် ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဦးဆောင်မယ့် လွှတ်တော် ဥက္ကဋ္ဌ နေရာတွေနဲ့ ပတ်သက်ပြီးနောင်လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်တဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လွှတ်တော်နဲ့လည်း ပူးပေါင်းလုပ်ဆောင်တတ်တဲ့ ဝန်ကြီးချုပ်မျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်တွေထဲမှာ ပြစ်တင်စွပ်စွဲမှုကို ကြုံရတာဟာ  ဦးဖြိုးမင်းသိန်း ပထမဆုံး ဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်။  အမတ်လောင်းတွေထဲမှာ  ဦးဖြိုးမင်းသိန်း ပါဝင်နိုင်ခြင်း ရှိ မရှိ၊ ရွေးကောက်ပွဲအပြီး ထိပ်တန်းရာထူး ရနိုင်ချေ ရှိ မရှိတို့နဲ့ ပတ်သက်ပြီး  မပြောနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

“မှန်းလို့တော့ မရသေးဘူး။ ၂၀၂၀ ရွေးကောက်ပွဲက နည်းနည်းစိစစ်ပြီး လုပ်ကြကိုင်ကြမယ့် အနေအထား ရှိနေတယ်လေ။ အဲတော့ ဘယ်သူတွေပြန်ပါမယ်၊ ဘယ်သူတွေ ဆက်ရှိမယ်ဆိုတာ ကျွန်တော်လည်း မှန်းလို့မရဘူး။ တိုင်းရဲ့ ခေါင်းဆောင် ပြည်နယ်ခေါင်းဆောင် တော်တော်များများကတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပါချင်တဲ့လူလည်း ပါနိုင်တာပဲ။ အားလုံးမပါတာတော့ မဖြစ်ဘူး။ သူတို့ရဲ့ အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်နဲ့ညှိပြီး တချို့လည်း ပြန်ပါလာဦးမယ် ထင်ပါတယ်”

နိုင်ငံအနှံ့အပြားမှာ ကပ်ဘေးကာလ ညွှန်ကြားချက် ဖောက်ဖျက်မှုနဲ့ အရေးယူခံရသူ ရာနဲ့ချီ ရှိနေပြီး တချို့က ထောင်ဒဏ် ချမှတ်ခံထားရတာပါ။

ဗိုလ်တထောင်ဘုရားမှာ လူစုလူဝေးနဲ့ အခမ်းအနားကျင်းပခဲ့တဲ့ လုပ်ရပ်အပေါ်  ဝန်ကြီးချုပ်ကို ပါတီကလည်း ပြောဆိုထားပြီး နိုင်ငံတော်သမ္မတရုံးကလည်း ဖြေရှင်းချက်ပေးဖို့ ပြောထားပါတယ်။ ဒါပေမဲ့ အရေးမယူပေးတဲ့ အတွက် မကျေနပ်သူ အများအပြား ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။