ပြည်ပကုန်သွယ်ရေးမှာ ‌ဒေါ်လာအစား တရုတ်ယွမ်ကိုသုံးဖို့ မြန်မာသဘောတူ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2021.12.17
ပြည်ပကုန်သွယ်ရေးမှာ ‌ဒေါ်လာအစား တရုတ်ယွမ်ကိုသုံးဖို့ မြန်မာသဘောတူ တရုတ်နိုင်ငံ ကုန်သည်ဘဏ်တစ်ခုတွင် တရုတ်ယွမ်ငွေများ ရေတွက်နေသူတစ်ဦးကို တွေ့ရစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးတွေ ဝင်ရောက်မှု နည်းပါးကျဆင်းလာနေတဲ့အတွက် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီထက်မက အရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ပြောဆိုကြသလို အထူးသဖြင့် ရေနံကုမ္ပဏီတွေကို ဆန့်ကျင်ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ တရုတ်ယွမ်ငွေကို သုံးစွဲဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း တရုတ် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ အစ ပထမကာလအတွင်း တရုတ်-မြန်မာ နယ်စပ်က အသေးစားကုန် အရောင်းအဝယ်တွေမှာ ယွမ်ငွေကို အသုံးပြုမှာဖြစ်ပါတယ်။

ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၄ သန်း ဝန်းကျင်နဲ့ ညီတဲ့ တရုတ်ယွမ်ငွေ နှစ်ဘီလျံဖိုးလောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ဂလိုဘယ်လ်တိုင်း သတင်းက ဖော်ပြပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား ကုန်းတွင်း ကုန်သွယ်လမ်းကြောင်းတွေ ကနေတဆင့် သွားနေတဲ့ နယ်စပ်ကုန်သွယ်မှု တန်ဖိုးရဲ့ ငါးပုံတစ်ပုံ ဖြစ်ပါတယ်။

မြန်မာအနေနဲ့ ဒီနည်းလမ်းကို ရွေးချယ်လိုက်တာဟာ ဘဏ္ဍာရေးဖိအား လျော့ပါးအောင် နိုင်ငံခြားငွေကျဆင်းမှု သက်သာအောင်နဲ့ ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာကို သီးခြားစီ ခွဲထုတ်ဖို့ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ သတင်းစာကလည်း အမေရိကန်အစိုးရဟာ မြန်မာအပေါ် ပိတ်ဆို့အရေးယူတာတွေ တဖက်သတ်ချမှတ် အနိုင်ကျင့်နေကြောင်း၊ မြန်မာစစ်အာဏာသိမ်း အစိုးရကလည်း တရုတ်အစိုးရနဲ့ ပိုမိုနီးကပ်လာနေပြီး ကမ္ဘောဒီးယားရဲ့ အခြေအနေမျိုး ဖြစ်လာနေကြောင်း ဆောင်းပါးရေးသား ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အမေရိကန် အစိုးရအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံချမှတ်ဖွယ်ရာ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

လာမယ့်သီတင်းပတ်တွေ လာမယ့်လတွေဟာ အလွန်အရေးကြီးလာတော့မှာဖြစ်ပြီး တစ်ဦးချင်းအရရော အများစုအနေနဲ့ပါ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် စစ်အာဏာသိမ်းအစိုးရကို ဖိအားပေးကြရမှာဖြစ်ကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။ သူ့ရဲ့အရှေ့တောင်အာရှခရီးစဉ်အတွင်း အင်ဒိုနီးရှားကနေ မလေးရှားကို အသွားမှာ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမဲ့ အစီအစဉ် ရှိ၊ မရှိ မေးမြန်း ရာမှာတော့ တစ်စုံတစ်ရာ မပြောဆိုခဲ့ပါဘူး။ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့စွမ်းအင်ကဏ္ဍရဲ့ အကျိုးအမြတ်တွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ဘဏ္ဍာတိုက်ထဲမှာ အဆုံးသတ်သွားကြတာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့ပြင် ဘိုင်ဒင် အစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာအပေါ် လူမျိုးတုံးသုတ်သင်မှု မြောက်၊ မမြောက် သတ်မှတ်ဆုံးဖြတ် ရဦးမှာပါ။

250645034_162306926115770_6276144708903395440_n.jpg
အိုင်ယာလန်နိုင်ငံ Dublinမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု သပိတ်တွင် ပါဝင်ခဲ့သူတချို့ကို တွေ့ရစဉ်။ (Photo: Blood Money - သွေးစွန်းငွေ/FB)

မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်အစိုးရအဆက်ဆက်အပေါ် သပိတ်မှောက်မှုတွေနဲ့ အသား ကျနေပြီးဖြစ်ပါတယ်။ အခုလည်း အစိုးရနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ ပြည်ပရေနံကုမ္ပဏီတွေအပေါ် ဆန့်ကျင်မှုတွေ ရှိနေဆဲပါ။ ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူတွ Blood Money Campaign ဆိုတဲ့လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြပြီး၊ Totalနဲ့ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းတို့ ပူးတွဲလုပ်ကိုင်နေတဲ့ ရတနာသဘာဝ ဓာတ်ငွေ့ လုပ်ကွက်ရဲ့ ထုတ်ကုန်အတွက် ပေးချေငွေတွေကို အသွင်းအထုတ် မလုပ်နိုင်အောင် စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတော့ အဖွဲ့အစည်းအတော်များများက ပြင်သစ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Patrick Pouyanne ပက်ထရစ် ပိုယမ်းထံကို လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတာကို အဆုံးသတ်ဖို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့တောင်းဆိုခဲ့ကြပါတယ်။ မိမိတို့ ပါဝင်လုပ်ကိုင်ခဲ့ကြတဲ့ ရတနာ စွမ်းအင်စီမံကိန်းကနေ ရရှိတဲ့အကျိုးအမြတ်တွေဟာ တစ်နည်းတစ်ဖုံအားဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ရမှာ အသုံးပြုမှာကို အထူးစိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ ငါးဆယ်ရာခိုင်နှုန်းဟာ သဘာဝဓာတ်ငွေ့ကနေ ရရှိနေတာပါ။ မြန်မာ့ရေနံနဲ့ စွမ်းအင်ကုမ္ပဏီရဲ့ ကမ်းလွန်လုပ်ကွက်တွေနဲ့ ပိုက်လိုင်း စီမံကိန်းတွေကနေ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ၊ ရတနာဓာတ်ငွေ့စီမံကိန်းကနေ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ သန်းလေးရာ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။