စစ်ကောင်စီလက်ထက် ကိုဗစ်တတိယလှိုင်း အလားအလာ

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.04.30
အနောက်နိုင်ငံတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းတွေ သိသိသာသာလျှော့သွားပေမယ့် အရှေ့တောင် အာရှ နိုင်ငံတွေမှာ ကိုဗစ်ကြောင့် ရောဂါကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းတွေပါ မြင့်မားနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လတ်တလော တစ်ရက်မှာ လူသုံးသိန်းကျော် လောက် ကူးစက်ခံနေရပြီး ထောင်နဲ့ချီတဲ့သူတွေ နေ့စဉ်သေဆုံးနေရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကိုဗစ်တတိယလှိုင်းရဲ့ ဒဏ်ကိုခံနေရတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ လူစူလူဝေးနဲ့ ဆန္ဒပြမှုတွေ နေ့စဉ်ဆက်တိုက် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရောဂါ တတိယလှိုင်း အန္တရာယ်ဖြစ်လာနိုင်ခြေရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ ရောဂါပျောက်သွားပြီလားဆို လုံးဝမပျောက်ပါဘူး။ တတိယလှိုင်းဖြစ်လာနိုင်ခြေရှိလားဆို ရှိပါတယ်။ ဒါဆို လူစုလူဝေးနဲ့ ရှိနေတဲ့ သူတွေမှာရော ရောဂါကူးစက်မှုတွေ ဖြစ်မနေဘူးလားဆို ဖြစ်နေ နိုင်ပါတယ်။ ကျမတို့နိုင်ငံရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကျော်ကျော်သော ကူးစက်ခံရသူတွေဟာ ရောဂါ လက္ခဏာ မပြပါဘူး။ ကိုယ့်မှာရောဂါ ရှိနေမှန်းမသိဘဲ စစ်ကြည့်လိုက်မှသာ ရောဂါရှိနေတာကို သိရတာ ဖြစ်ပါတယ်"

ဒေါက်တာ ခင်ခင်ကြီးဟာ NLD အရပ်သား အစိုးရလက်ထက်ကတည်းက ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်း တွေမှာ ထဲထဲဝင်ဝင် ပါဝင်သူဖြစ်သလို လက်ရှိ စစ်ကောင်စီ လက်အောက်မှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်နေသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံက ပြည်သူတွေဟာ တစ်ကမ္ဘာလုံး ခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အံတုပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တစ်ဦးကတော့.....

"အခုမြန်မာပြည်မှာက ပြည်သူတွေဟာ ကိုဗစ်ထက်ဆိုးတဲ့ စစ်အာဏာရှင်ကြီးကို ရင်ဆိုင်နေရတာ။ ဒီကြား ထဲ ကိုဗစ်ကာကွယ်ဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်သူတွေကို ကိုဗစ်ကာကွယ်ရမယ့် နည်းလမ်းတွေ သင်ပေးထားတယ်။ အဲဒီအတိုင်းပဲ လိုက်နာမယ်။ ဒီလောက် လူရာနဲ့ချီ သတ်နေတဲ့ ဒီအ ကြမ်းဖက်အုပ်စု ထိုးပေးမယ့်ကာကွယ်ဆေးတော့ သူတို့ကို မယုံကြည်လို့ကို မထိုးဘူး။ ဘယ်သူမှ သွားမထိုး ကြဘူး။ ကျန်းမာရေးဌာနကလည်း အရင်က အရပ်သားအစိုးရအောက်ကနေ အခုက စစ်ကောင်စီအောက် ရောက်သွားတော့ သူတို့ပြောတာလည်း MRTV တို့ မြဝတီတို့ လိုပဲ ယုံကြည်စရာမရှိဘူး" လို့ပြောပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၃.၅ သန်း ရောက်ရှိလာပါတယ်။ အဲ့ဒီထဲက ၁.၂ သန်း ဟာ အိန္ဒိယကနေ လက်ဆောင်အဖြစ်ပေးတာဖြစ်ပါတယ်။

လူဦးရေ ၅၄ သန်း နီးပါးရှိတဲ့ မြန်မာနိုင်ငံထဲက အရွယ်ရောက်ပြီးတဲ့သူ အားလုံးကို ထိုးပေးနိုင်ဖို့ နိုင်ငံခြား ကနေ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ကို NLD အစိုးရက မှာယူထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောခဲ့ဖူးပါတယ်။ ဒီမှာယူထားတဲ့ထဲက ဆေးတချို့ ရောက်လာပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေကို ပထမအကြိမ် ဦးစားပေး အစီအစဉ်နဲ့ ထိုးပေးနေချိန်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ကာကွယ်ဆေးတွေကို စစ်တပ်က သိမ်းယူထားတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။

"စစ်အာဏာရှင်က ထိုးပေးတာကို လူတွေက ထိုးကြမှာလည်း မဟုတ်ဘူး။ သူတို့ကို ဆန့်ကျင်မှာပဲ၊ သူတို့ ထိုးတာ မအောင်မြင်ဘူးလို့ ကျနော်မှန်းဆတယ်။ စစ်အာဏာရှင် လက်ထဲမှာ ရှိနေတဲ့ ကာကွယ်ဆေးတွေ က အစွမ်းအာနိသင်ထက်သလားဆိုတာကိုလည်း မယုံကြည်ဘူး။ သိုလောင်ရေး စနစ်တွေလည်း ပျက်စီး သွားနိုင်ကောင်းသွားနိုင်တယ်၊ အားလုံးက CDM လုပ်လိုက်တယ်၊ ကျန်းမာရေးစနစ်ကို ပျက်စီးသွားတဲ့ အတွက်ကြောင့် ရှိရင်းစွဲဆေးတွေကတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ လူထုကလည်း လက်မခံဘူး"

ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်း တွေဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်လိုက်ကြတာမို့ အစိုးရဆေးရုံတွေ ပိတ်ထားရတဲ့အထိ ဖြစ်ခဲ့တာပါ။

တစ်နိုင်ငံလုံး အစိုးရကျန်းမာရေးဝန်ထမ်း တစ်သိန်းကျော် ရှိတဲ့ထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ CDM မှာ ပါဝင်နေကြတာမို့ အာဏာမသိမ်းခင်က ရထားတဲ့ ကိုဗစ်လက်ကျန်ဆေးတွေကို ကျန်းမာရေးဝန်ထမ်း လုံလုံလောက်လောက်မရှိဘဲ ဘယ်လို ထိန်းသိမ်းထားလဲဆိုတာကို ဆရာဝန်တော်တော်များများက မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနပြောခွင့်ရ ဒေါက်တာ ခင်ခင်ကြီးကတော့ ကိုဗစ်ဆေးထိန်းသိမ်းရေးလုပ်ငန်း စဉ်တွေကို ဘာမှထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
"ဘယ်သူမရှိလို့ ဘယ်ဝါမရှိလို့ဆိုပြီး အလုပ်မလုပ်နိုင်တာမရှိပါဘူး။ ဆေးရုံတွေလည်း ဖွင့်ထားပါတယ်။ လက်ရှိအနေအထားအရ သက်ဆိုင်ရာ မြို့နယ် အသီးသီးမှာလည်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အစီအစဉ်တွေလည်းရှိတယ်၊ အခုလည်း လုပ်ဆောင်နေပါတယ်"
လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ ၁၈.၈ သိန်းဟာ အနည်း ဆုံး ကိုဗစ်ကာကွယ်ဆေးတကြိမ် ထိုးထားပြီ ဖြစ်ပြီး၊ လက်ကျန်ဆေး ၁ သန်းကျော်လောက် ကျန်နေသေး တယ်လို့ သူက ဆိုပါတယ်။ NLD အစိုးရလက်ထက်မှာ တစ်ရက်ကို လူတစ်သောင်းခွဲလောက် ဆေးစစ်ပေးနိုင် ခဲ့ပေမယ့် အခုစစ်ကောင်စီ လက်ထက်မှာ တစ်ရက် လူ နှစ်ထောင်လောက်ကိုပဲ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်နေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မန္တလေး ပြည့်သူ့ဆေးရုံကြီးက CDM လက်ထောက်ဆရာဝန် တစ်ဦးကတော့ "Swab ယူပေးမယ့်သူလည်း မရှိဘူး၊ စစ်ဆေးမယ့် ဝန်ထမ်းကလည်း မရှိဘူး။ အဖြေ ဟုတ် မဟုတ် စစ်မယ့် ဆရာဝန်လည်းမရှိဘူး၊ Positive ဖြစ်တယ်ဆိုရင်တောင် ကုပေးနိုင်မယ့်သူ ဆေးရုံမှာ မရှိဘူး၊ အားလုံးက CDM လုပ်နေတာ၊ သူတို့ ပြောတဲ့ ကုမယ့်သူ၊ Positive Negatve တွေရှိတယ်ဆိုတာလည်း ကျနော်တို့က အယုံအကြည်မရှိဘူး၊ စစ်မယ့်သူမှမရှိတာ ဘယ်လို အဖြေထွက်မလဲ" လို့ပြောပါတယ်။

စစ်ကောင်စီကတော့ လက်ကျန် ကိုဗစ်ဆေးတွေကို လာရောက်ထိုးနှံကြဖို့ ရပ်ကွက်တွေမှာ လိုက်လံနှိုးဆော် နေသလို သတင်းတွေကလည်း ကြေညာနေတာပါ။ ပထမတကြိမ် ထိုးထားတဲ့ ဆရာဝန်တွေကို ဆေးထိုးလာဖို့ ခေါ်နေပေမယ့်လည်း တဖက်မှာလည်း စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ CDM လှုပ်ရှားမှုတွေမှာ ပါဝင် နေတယ်ဆိုပြီး ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။

လက်ရှိ ရန်ကုန်မှာ ကိုဗစ်လက္ခဏာပြတဲ့ လူနာတချို့ကို ပြန်တွေ့လာနေရတယ်လို့ ကိုဗစ်ကုသရေး Fever Clinic တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။

"မစစ်ကြဘူး၊ အဓိက မစစ်လို့ မသိတာ၊ တချို့ကြတော့ ဆုံးသွားတယ်၊ ဘာမှန်းမသိဘဲ သေဆုံးမှုတွေ ဖြစ်နေတယ်။ စစ်တဲ့ စင်တာတွေကလည်း အရင်လို ပေါပေါလောလော မရှိကြဘူး၊ ၁၀ ယောက်မှာ ဖျားနာလူနာ သုံးယောက်လောက်ပါတယ်။ သုံးယောက်မှာ ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းက ကိုဗစ်သံသယရှိ လူနာပါတယ်။ ကျနော့်ဆေးခန်း လာပြတဲ့ လူနာဆယ်ယောက်တိုင်းရဲ့ အရေအတွက်နဲ့ ဖြတ်မယ် ဆိုရင်ပေါ့"

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပြောခွင့်ရဝန်ကြီး ဒေါက်တာဆာဆာက ကိုဗစ်ကာကွယ်ဆေးထိုးရေး လုပ်ငန်းတွေကို NUG က ဆက်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

"NUG အစိုးရ အနေနဲ့ ကချင်ပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာ စပြီး ကာကွယ်ဆေးထိုးနိုင်မလား၊ စစ်ဗိုလ်တွေမရှိတဲ့နေရာတွေမှာ စပြီး လုပ်နိုင်မလား စဉ်းစားစရာပါ။ CDM လုပ်ထားတဲ့ ဆရာဝန်တွေ သူနာပြုတွေလည်း အများကြီးရှိတော့ သူတို့တွေနဲ့ တိုင်းရင်းသား ဒေသတွေမှာ စလုပ်နိုင်မလား စဉ်းစားနေတယ်၊ ဒီလိုလုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းမှုကလည်း အများကြီးလိုပါတယ်"

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးတွေကို စစ်ကောင်စီက ဆက်မပေးတော့ဘဲ NUG အစိုးရကို ထောက်ပံ့ပေးဖို့ နိုင်ငံတကာက ကျန်းမာရေးအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေရှိတယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။

မန္တလေးက ဆရာဝန်တစ်ဦးကတော့ "ကျနော်တို့ သစ္စာခံမယ့်၊ ကျနော်တို့ အလုပ်လုပ်မယ့် အစိုးရသည် NUG ပဲ၊ အဲ့ဒီကြတော့ NUG ကသာ ကာကွယ်ဆေးတွေကို ကိုယ့်ဟာကိုယ်ရအောင် လုပ်မယ်၊ ကိုယ့်ဟာကိုယ် ထိုးမယ်ဆိုရင် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေက ကူညီမှာပဲ၊ NUG လုပ်မယ်ဆိုရင် ကျနော်တို့က ကူညီမှာပဲ" လို့ ဆိုပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD အစိုးရ လက်ထက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁၃၈ ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူက တစ်သိန်းလေးသောင်းကျော် ရှိခဲ့တာပါ။ အဲ့ဒီထဲက တစ်သိန်းနှစ်သောင်းခွဲကျော်ဟာ ရောဂါပြန်လည် သက်သာပြီး ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ သတင်းအချက်အလက်ရနိုင်ဖို့ ခက်ခဲသွားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီတို့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်တွေမှာ တစ်ရက်ကို လူ နှစ်ထောင်လောက် စစ်ဆေးနိုင်ပြီး၊ လူ ၃၀ လောက်မှာ ရောဂါကူးစက်ခံထားရပါတယ်။

နိုင်ငံတကာ အစိုးရတွေ ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကူးစက်မှု စာရင်း ပြုစုနေတဲ့ Worldmeter အင်တာနက်စာမျက်နှာ ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာဧပြီလ ၂၈ ရက်နေ့ထိ ရောဂါကူးစက်ခံရတဲ့သူ ၁၄၂၇၉၀ ရှိပါတယ်။ သေဆုံးသူက ၃၂၀၀ ကျော်ရှိတာပါ။

ဒီစာရင်းအရ စစ်အာဏာသိမ်းပြီးနောက် သုံးလအတွင်း မြန်မာနိုင်ငံမှာ လူပေါင်း နှစ်ထောင်ကျော်ပဲ ကိုဗစ် ကူးစက်မှု ရှိတယ်လို့ ယူဆနိုင်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။