အခက်အခဲတွေကြားက ခရီးဆက်နေတဲ့ ပရဟိတအဖွဲ့များ

ကိုဗစ် ပထမလှိုင်းကနေ တတိယလှိုင်းအထိ ပရဟိတသမားတွေရဲ့ အခန်းကဏ္ဏဟာ အရေးကြီးတဲ့ နေရာက နေ ပါဝင်ကူညီနေကြပါတယ်။ ကိုဗစ်တတိယလှိုင်းရဲ့ ကူးစက်မှုနဲ့ လူသေဆုံးမှု အမြင့်ဆုံးဖြစ်တဲ့ ဇူလိုင်လမှာ တော့ ပရဟိတ သမားတွေဟာ နေ့မနား၊ ညမအား သေဆုံးလူနာနဲ့ ဆေးရုံပို့လူနာ ပို့ဆောင်ရေးတွေအပြင် အောက်ဆီဂျင်ရှာဖွေရေးတွေပါ လုပ်ဆောင်ပေးခဲ့ရပါတယ်။ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ပြီးဆုံးသွားပေ မယ့် ပရဟိတသမားတွေကတော့ တာဝန်မပြီးဆုံးနိုင်သေးဘူးလို့ ရှင်သန်ခွင့် လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။
"ကိုဗစ်လှိုင်းပြီးသွားပေမယ့် အနားကတော့ မရဘူး၊ ဒီနေ့အထိ ကိုဗစ်လူနာ၊ အရေးပေါ်လူနာ တခြားဆေး လူနာတွေက ရှိနေတုန်းပဲ ဆိုတော့လေ ကားတွေက ထွက်နေရတုန်းပဲ၊ နယ်ဝေးကို ကျမတို့ သွားပါတယ်၊ သွားတဲ့နေရာတိုင်းမှာ ကျမတို့က ဒီကနေစပြီးတော့ သက်ဆိုင်ရာ ရပ်ကွက်ရုံးကို သတင်းပို့လိုက်တယ်၊ ဒီကားဟာ ဘယ်ဆေးရုံကနေ ဘယ်မြို့ကို သွားမယ်ဆိုတာ သတင်းပို့လိုက်ပါတယ်၊ ပို့ပြီးရင် ထွက်ပါတယ်၊ ထွက်ပေမယ့်လည်း ကျမတို့အနေနဲ့ လမ်းခရီးမှာ မမြင်ရတဲ့ အန္တရာယ်တွေအများကြီး ကြုံရတယ်၊ ကလေး တွေကိုတော့ ပြောထားတယ် စစ်ဆေးရင် အသာတကြည်ခံယူပါ၊ ကားမှန်ချမောင်းပါ၊ ဘယ်သူပဲတားတား စကားပြောဆိုတာကအစ ဆင်ခြင်ဖို့ အကုန်မှာပါတယ်။ လိုတဲ့နေရာရောက်အောင် ပို့ခိုင်းတယ်၊ သူတို့ ပြန်မလာမချင်းကတော့ ကျမတို့ ရင်ပူရပါတယ်"
"ဒီဆေးရုံသွားလို့ အဆင်မပြေရင် နောက်ဆေးရုံတစ်ရုံ ပြောင်းတာကလည်း ဒီနေ့အထိ ရှိနေတုန်းပဲ"
ပရဟိတသမားတစ်ယောက်အနေနဲ့ အနှစ် ၂၀ ကျော်ဖြတ်သန်းခဲ့မှုမှာ ကိုဗစ်ကာလဟာ စိတ်ရော၊ လူရော ပင်ပန်းမှုတွေ တွေ့ကြုံခဲ့ရကြောင်း ဒေါ်သန်းသန်းဆိုက ဆိုပါတယ်။ ကိုဗစ်တတိယလှိုင်းဟာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းထက် သေဆုံးသူ ၂ ဆကျော်မြင့်တတ်ခဲ့တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။ ကိုဗစ် တတိယလှိုင်းအတွင်း ပိုးကူးစက်မှု အမြင့်ဆုံးအချိန်ဖြစ်ခဲ့တဲ့ ဇူလိုင်လမှာတော့ သေဆုံးလူနာ လေးရာကျော် သုသာန်ကို သယ်ဆောင်ပေးခဲ့ရတာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ရှင်သန်ခွင့် လူမှုကူညီရေး အသင်းက အသက်၂၀ အရွယ် ကိုရဲနောင်နဲ့ ကိုအောင်ပြည့်ဖြိုးတို့က ရှင်းပြပါတယ်။
"လူနာတစ်ယောက်ဆိုရင် သူ့အမေကို အောက်ဆီဂျင်လိုလို့ လာတောင်းတယ်၊ မရရအောင် ကျနော်တို့ လည်း လုပ်ပေးလိုက်တယ်၊ လုပ်ပေးလိုက်တဲ့ အချိန်မှာ သူပြန်နေရင်းနဲ့ လမ်းတဝက်ပဲရှိသေးတယ်၊ သူ့အမေ ဆုံးသွားပြီဆိုပြီးတော့ သူကအသင်းကိုပြန်လာ အောက်ဆီဂျင်အိုး အပ်တော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ကူညီနိုင်သလောက် ကူညီပေမယ့် အဆင်မပြေတဲ့အတွက် စိတ် မကောင်းဖြစ်ရတယ်၊ မနက်ဆို ကျနော် ရုံးရောက်တဲ့အချိန်က ၈ နာရီ၊ ၈နာရီကတည်းက ကားနဲ့ထွက် သွားလိုက်တာ ညနေ ၄ နာရီလောက်မှ ပြန်လာရတယ်၊ PPE ဆိုတာက တနေကုန်ဝတ်ထားရတာ၊ တစ်ခါတလေ ချွေးထွက်ပြီး နေမကောင်းဖြစ်တာရှိတယ်"
"တစ်ရက်ကို ခုနစ်ကြောင်း ရှစ်ကြောင်းလောက် သယ်ရတယ်၊ တချို့တွေဆို ဓါတ်လှေကားပေးမသုံးလို့ ကျနော်တို့ လှေကားကနေပဲ သယ်ရတယ်၊ အရှေ့တစ်ယောက် အနောက်တစ်ယောက်နဲ့ အထပ်မြင့် ၈ လွှာကနေလည်း ချဖူးတယ်၊ တချို့ကြတော့ အဖေသေတာတောင် အနားမကပ်ဘူးဆိုတော့ ကိုယ်တွေပဲ ချရတာပေါ့၊ လှေကားလေးတွေကကျဉ်းတော့ ပိုပြီးဒုက္ခရောက်တာပေါ့"
လောလောဆယ်မှာ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကို လူနာပို့ဆောင်ပေးနေရ တာတွေ ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလဖြစ်တဲ့အတွက် လူနာတွေကို နယ်ပြန်ပို့ပေးရတဲ့အခါ စစ်ဆေးမေးမြန်း တာတွေ ကြုံရသလို၊ တခြားအန္တရာယ်တွေလည်း ကြုံတွေ့ရတယ်လို့ ကိုရဲနောင်က ဆက်ပြောပါတယ်။
"နယ်ဝေးတွေ ပို့နေရတာကြတော့ လူနာတော်တော်များများကို နယ်ဝေးပို့နေရတယ်၊ လမ်းမှာ ညဘက် တွေ ဘာတွေကျရင် အဆင်မပြေဘူးဗျ၊ အတားအဆီး အစစ်အဆေးတွေရှိတယ်၊ တားဆီးစစ်ဆေးတာ တွေက တစ်ခါတလေကျရင် အဆင်ပြေတာရှိတယ်၊ အဆင်မပြေတာရှိတယ်၊ အဲလိုမျိုးကျရင်လည်း လူနာရှင်တွေနဲ့ သေသေချာချာ စကားပြောပြီးတော့မှ ဆက်လက်သွားသင့်၊ မသွားသင့်ကို အသင်းဥက္ကဋ္ဌနဲ့ ပြန်တိုင်ပင်ရပါတယ်"
အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ကာ တစ်နိုင်ငံလုံးရဲ့ ကိုဗစ်ပိုးတွေ့ရှိမှုနှုန်းဟာ ၅ ရာခိုင်နှုန်းကို ဆက်တိုက်ကျဆင်းနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ လှူမယ့်ကူမယ့်သူ နည်းသွားလို့ ပရဟိတ အဖွဲ့အစည်းတွေအတွက် ဆက်ပြီးရပ်တည်နိုင်ရေး အခက်အခဲတွေရှိလာတယ်လို့ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။
"ကိုဗစ် ပထမလှိုင်းကနေ ဒီနေ့အထိပေါ့ လုပ်ငန်းတွေအရလည်း ပါးလျားလာတဲ့အခါကျတော့ ကျမတို့မှာ အလှူရှင် မရှိတော့ဘူး၊ အလှူရှင်တွေကလည်း စီးပွားရေးကောင်းမှ လှူနိုင်မှာလေ၊ စီးပွားရေးတွေ အခက် အခဲဖြစ်တော့ ကျမတို့ အလှူရှင် မရှိတော့ဘူး၊ မရှိတဲ့အပြင်ကို အခုကားတွေကိုခေါ်တဲ့ လူနာအများစု ကလည်း ငွေရေးကြေးရေး အဆင်မပြေတဲ့သူ ပိုများတယ်၊ အမြဲတမ်း FOC နဲ့ သွားနေရတာ များနေတယ်၊ အဲဒီတော့ ကျမတို့မှာ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်၊ ဆီဖိုးတောင် အနိုင်နိုင်ဖြစ်နေတယ်၊ ဆီဖိုးကလည်းသိတဲ့အတိုင်း တစ်သောင်းဖိုးထည့်ဖို့ မရနိုင်ဘူး၊ ၂ သောင်းဖိုးနဲ့ ၃ သောင်းဖို့ထည့်မှပဲ လမ်းကြောင်းတစ်ခုထွက်လို့ရတဲ့ အနေအထားဖြစ်တယ်၊ ဆီဈေးတွေတက်တာလည်း ပါတာပေါ့နော်၊ တချို့ဆို ရင်နာနာနဲ့ ငြင်းရတာမျိုးတွေရှိတယ်၊ နောက်ပြီးတော့ ဆေးရုံကတစ်ရုံတည်းလည်း မဟုတ် ဘူးလေ၊ ဒီဆေးရုံသွားလို့ အဆင်မပြေရင် နောက်ဆေးရုံတစ်ရုံပြောင်းတာကလည်း ဒီနေ့အထိ ရှိနေတုန်းပဲဆိုတော့ ကားဆီဖိုးက ကျမတို့အတွက် ခက်ခဲတယ်၊ ခက်ခဲတဲ့ကြားထဲကပဲ ကျမတို့ မဖြစ်ဖြစ် အောင်လုပ်ပေးနေပါတယ်"
မေလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ ဗီဇပြောင်းပိုးဖြစ်တဲ့ Alpha, Beta, Delta နဲ့ Kappa စတဲ့ ပိုးလေးမျိုး မြန်မာနိုင်ငံအတွင်းမှာ တွေ့ရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း တစ်ရက်ကို ၁ ထောင်ကျော်ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပရဟိတလူမှုကူညီရေး အသင်းပေါင်း ၅၀၀ ကျော်ရှိပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တချို့အသင်းတွေ ပိတ်သိမ်းခံရတာ၊ စောင့်ကြည့်ခံရတာနဲ့ ရပ်တည်ဖို့ ပိုပြီးခက်ခဲလာ တာတွေ ကြုံနေရပါတယ်။