မြန်မာနိုင်ငံက ကိုဗစ်ရောဂါ ဒေသအတွင်း ပျံ့နှံ့လာနိုင်
2021.08.08
ပြင်းထန်တဲ့ဗီဇမျိုးပြောင်း ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံက လူရှစ်သောင်းကို သေဆုံးစေနိင်ပြီး ဒေသတွင်းမှာ ကူးစက်ပျံ့နှံ့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် နီကေးအေးရှားသတင်းက မနေ့က ဖော်ပြ လိုက်ပါတယ်။
၂၀၀၈ မေမှာ တိုက်ခိုက်သွားတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ တစ်သိန်း လေးသောင်းကျော် သေဆုံး ရတာဟာ မြန်မာနိုင်ငံက အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ခု နိုင်ငံတဝန်းမှာ ကူးစက်နှူန်းထိန်းချုပ် လို့မရဘဲဖြစ်ပွားနေတဲ့ covid-19 ကပ်ရောဂါတတိယလှိုင်းက နာဂစ်ထက် ပိုဆိုးဝါးနိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက ကူးစက်ခံရသူဦးရေ အတိအကျနဲ့ covid-19 ကြောင့်သေဆုံးရသူ ဦးရေအတိအကျကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က The Guardian သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပြောကြားဖူးပါတယ်။
နွေဦးတော်လှန်ရေး ဒီဇိုင်းနဲ့ နေ့သစ်မြန်မာဆိုတဲ့ facebook လူမှုကွန်ရက်ကတော့ ကိုဗစ်-၁၉ နဲ့ သီတင်း နှစ်ပတ်အတွင်း လူသောင်းနဲ့ချီ သေဆုံးရတယ်လို့ ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ ရေဝေး၊ ထိန်ပင်၊ ကျူချောင်း၊ ကျီစု စတဲ့ သုသာန် လေးခုမှာ ဇူလိုင် ၁၄ ရက်က သြဂုတ် ၂ ရက်ထိ အလောင်း ၂၃၂၆၀ နှစ်သောင်းသုံးထောင်နှစ်ရာ့ခြောက်ဆယ် သင်္ဂြိုဟ်ရတယ်ဆိုတဲ့ စာရင်းမှာ ဇူလိုင် ၁၄ ရက်က ၁၇ ရက်မှာ တစ်ထောင်မကျော်သေးဘဲ ၁၈ ရက်က ၃၀ ရက်နေ့ထိ တစ်နေ့ တစ်ထောင်ကျော်စီ သင်္ဂြိုဟ်ရပြီး ဇူလိုင် ၂၃ ရက်မှာ ၁၄၅၀ လောင်းထိအများဆုံး သင်္ဂြိုဟ်ရတယ်လို့ ဖော်ပြထားတာ တွေ့ရ ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီက တရားဝင် ထုတ်ပြန် တဲ့စာရင်းမှာ လူ ၁၁,၇၇၆ ယောက်သေဆုံးပြီး ၃၂၉,၅၁၆ ကူးစက်ခံရတယ်လို့ ဖော်ပြပါတယ်။ မနေ့ကတင် လူ ၂၇၄ ယောက်ထပ်မံသေဆုံးပြီး အတည်ပြုလူနာသစ် ၃,၅၈၈ယောက်ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံတကာသုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ မြန်မာဟာ ကမ္ဘာ့ ၆၆ နိုင်ငံမြောက် ကိုရိုနာ ဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ တိုင်းပြည်ဖြစ်ပြီး လူတစ်သန်းမှာ လူ ၅၉၀၀ ကျော်နှုန်း ဗိုင်းရပ်စ်ကူးစက် ခံတာရှိ-မရှိ စစ်ဆေးနိုင်တယ်လို့ ဖော်ပြပါတယ်။
လူဦးရေ ၅၄ သန်း ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ covid-19 ကူးစက်ခံရတာရှိ-မရှိ လူပေါင်း သုံးသန်းနှစ်သိန်းကျော် စစ်ဆေးနိုင်တယ်လို့ ဖော်ပြပါတယ်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ ၂၆ နိုင်ငံမြောက် covid-19 ကူးစက်ခံရတဲ့ တိုင်းပြည်ဖြစ်ပြီး မနေ့ညမှာ လူ ၂၄၁ ယောက်ထပ်မံသေဆုံး၊ ၁၀၂၉၉ ထပ်မံကူးစက်ခံရပါတယ်။ လူဦးရေ ၁၆၆ သန်းကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်သန်းကို လေးသောင်း ရှစ်ထောင်ကျော်နှူန်းနဲ့ စစ်ဆေးနိုင်ပြီး လူ ရှစ်သန်းကျော်ကို ဗိုင်းရပ်စ်ကူးစက်ခံရတာရှိ-မရှိ စစ်ဆေးနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံထက် လူဦးရေ ၁၃ ဆခွဲ များပါတယ်။နေ့စဉ် လူ တစ်သောင်းကျော် ကူးစက် ခံနေရတယ်လို့လည်း အတည်ပြုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အတော်အသင့်ထိန်းထားနိုင်ပေမဲ့ တတိယလှိုင်း ကျရောက်ချိန်ဟာ စစ်အာဏာသိမ်းထားတဲ့ကာလနဲ့ တိုက်ဆိုင်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ကျန်တဲ့တစ်ကြိမ်ထိုးထားလည်း ကိုဗစ်-19 ကူးစက်ခံရသူလည်းရှိပါတယ်။ ကာကွယ်ဆေးကို သိုလှောင်ထားရမယ့် အပူချိန်က အတိမ်းအစောင်းမခံနိုင်ဘဲ သက်တမ်းလွန်ဆေး ထိုးမိရင် လည်း အကျိုးမရှိနိုင်တာကို ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက သုံးသပ်ပါတယ်။
ကာကွယ်ဆေးထိုးထားသူတောင် ကူးစက်နိုင်ဖွယ်ရှိပြီး သေဆုံးနှုန်းကလည်း မကျဆင်းသေးတဲ့ မြန်မာနိုင်ငံ ဟာ ဒေသတွင်း covid-19 အဓိကဖြန့်နေတဲ့နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဇူလိုင်လကုန်ပိုင်းက ပြောထားပါတယ်။
မြို့နေလူထုဟာ သတိနဲ့ နေထိုင်နေကြတယ်လို့ ပြောကြပြီး စစ်ကောင်စီ လက်အောက်က ကျန်းမာရေးဝန်ကြီး ဌာနက ကိုဗစ်ဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်နေသလို လူထုအများစု မဖတ်တဲ့ သတင်းစာတွေမှာ လည်း ကိုဗစ်ဆိုင်ရာ သိကောင်းစရာ လိုက်နာစရာတွေ တင်ပြပါတယ်။
ကိုဗစ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm နှစ်သန်းနဲ့ Sinovac နှစ်သန်း မနေ့ က ထပ်မံရောက်ရှိလာတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကသူ့ facebook လူမှုကွန်ရက်ကနေ အသိပေးပါတယ်။
မနေ့က ထုတ်တဲ့ စစ်ကောင်စီအာဘော် ကြေးမုံသတင်းစာမျက်နှာဖုံးမှာလည်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ကို ဒီလအတွင်း ထက်ဝက်ကျဆင်းအောင် လုပ်ဆောင်သွားမည်လို့ ခေါင်းစဉ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောတဲ့ စစ်ကောင်စီ အစည်းအဝေးကျင်းပတဲ့ သတင်းကို ဖော်ပြထားပါတယ်။
ခုဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းမှာ နိုင်ငံက ထင်ပေါ်ကျော်ကြားပြီး အစားထိုးမရတဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ပညာသည်များစွာ ကွယ်လွန်သွားပြီးလည်းဖြစ်ပါတယ်။