အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆို၊ လက်တွေ့ကျကျ ဆောင်ရွက်ဖို့ တိုက်တွန်း

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.04.16

အာဏာသိမ်းစစ်ကောင်စီအောက် အဖိနှိပ်ခံပြည်သူတရပ်လုံး မျှော်လင့်စောင့်စားခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ထွက်လာခဲ့ပါပြီ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ဧပြီလ ၁၆ ရက်နေ့ မနေ့က ကြေညာခဲ့တဲ့ ဒီအစိုးရအဖွဲ့ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားအများဆုံး ပါဝင်တဲ့ အစိုးရဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့သမိုင်းမှာ တန်းတူညီမျှရေးအတွက် နှစ်များစွာ တိုက်ပွဲဝင်တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားတွေအပါအဝင် ပြည်သူတရပ်လုံးက အားရဝမ်းသာ ကြိုဆိုခဲ့ကြတာကို မြင်တွေ့ရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးရဲ့အစ ဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

“အမျိုးသားညီညွတ်ရေး အစိုးရကို ဒီလို ဖွဲ့နိုင်လာတာကို ကျနော်တို့ ကြိုဆိုထောက်ခံတယ်။ ပြည်သူလူထုက ရွေးကောက်ထားတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီလို့ပဲ ကနဦး ပြောချင်တယ်။ သူတို့ ကနဦးထဲက ထုတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အဲဒီ အခြေခံမူတွေပေါ်မှာပဲ ဆက်သွားမယ်။ နောက်ဒုတိယတချက်ကတော့ အစိုးရ စုဖွဲ့မှုမှာလည်းကျနော်တို့ အရင်ထဲက ဒီ တိုင်းရင်းသားတော်လှန်ရေး နယ်မြေမှာပေါ့နော် ကျနော်တို့ တခြားအင်အားစုတွေလဲ ပါပါတယ် ဆယ်စုနှစ်ကျော်ကျော် တခုလောက်ကနေ ပြုလုပ်ထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းနဲ့လည်း တစုံတရာ တချို့ဟာတွေက လိုက်လျောညီထွေမှု ရှိတဲ့ပေါ်မှာ လာမယ့် ဖက်ဒရယ်အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကိုတော့ ကျနော်တို့ ဒါကိုတော့ မျှော်လင့်တယ်လို့ ပြောရမှာဖြစ်ပါတယ်။”

လက်ရှိတိုင်းရင်းသားတပ်မတော်တွေ တပ်ပေါင်းစုဖွဲ့ရေးနဲ့ ဖယ်ဒရယ်တပ်မတော်ပေါ်ထွန်းရေး ကိစ္စတွေကို တပြိုင်နက်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့လည်း ဦးမန်းမန်းကပြောပါတယ်။

“ရှိထားနှင့်ပြီးသား တိုင်းရင်းသားတပ်ဖွဲ့တွေကို စုစည်းနိုင်ဖို့က လောလောဆယ် ကနဦးကတော့ တော်လှန်ရေးတပ်ပေါင်းစု အနေနဲ့ဘဲ ဆက်ပြီးတော့ ဘုံရန်သူကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်ပေါ်လာမယ့်ဖက်ဒရယ်တပ်မတော်ရဲ့ structure အလိုက် Institution ကို ပြန်ပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၂ ပိုင်းကိုတော့ ကျနော်တို့ တပြိုင်တည်း လုပ်ရမဲ့ကိစ္စဖြစ်တယ်၊ ကျနော်တို့ စုဖွဲ့မှုကို ဘယ်လိုသွားမလဲ ဒါ နိုင်ငံရေးဆွေးနွေးပွဲမှာ တပါတည်း ပါလာရမဲ့ အချက် ဖြစ်ပါတယ်။”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်ကတော့ ဒီအစိုးရအနေနဲ့ စာရွက်ပေါ်မှာတင် ရှိမနေဘဲ လက်တွေ့ကျကျဆောင်ရွက်ဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“ဒါ ကောင်းပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်ထဲက ဒီကိစ္စတွေ၊ အမျိုးသားညီညွတ်ရေးကိစ္စတွေ အဲလို စဉ်းစားထားမယ်ဆိုရင် အခုလို ဖြစ်လာစရာအကြောင်းလဲ နည်းမယ်လို့ ကျနော်သုံးသပ်မိတာပေါ့နော်။ ဒီလို ညီညွတ်တဲ့ လုပ်ရပ်တခုတော့ ကျနော်ကြိုဆိုတယ်၊ သို့ပေမဲ့ ဒီဟာက အလုပ်ဖြစ်ဖို့လိုတယ် လက်တွေ့ကျဖို့တော့ လိုတာပေါ့။ နောက်တခုက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု နဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုလည်း လိုအပ်သေးတာပေါ့။”

နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေကို စစ်အာဏာရှင်တွေ ပြင်ဆင်ချိန်ရအောင် ကြိုတင်မပြောသင့်ဘဲ ပြည်သူတွေ လွတ်မြောက်ရေးကို မြန်မြန်ထက်ထက် လုပ်ဆောင်ပြစေချင်တယ်လို့ အကြံပေးပါတယ်။ အစိုးရအဖွဲ့မှာ တက်ကြွတဲ့လူငယ်ပညာတတ်တွေ ပါဝင်နေတာဟာ ဝမ်းသာစရာပဲလို့ ဝေဖန်ပါတယ်။

“သူတို့က တအားယုံကြည်ချက်ရှိတယ်ဗျ အသက်စွန့်ဖို့ ဝန်မလေးကြဘူး။ ကျနော်တို့ခေတ်တုန်းက ဒီလိုပဲ အသက်စွန့်ဖို့တော့ ဝန်မလေးဘူး သို့သော်လည်း ကျနော်တို့ကို ၈၈ တုန်းက ခေါင်းဆောင်ကြတဲ့ ခေါင်းဆောင်တွေက သူတို့ကိုယ်တိုင်က သတ္တိမရှိတဲ့အခါကျတော့ သူတို့ချပေးတဲ့ Plan တွေက ကောင်းကောင်းမွန်မွန် မရှိဘူး။ အခုကျတော့ အဲလိုမဟုတ်ဘူး၊ သူတို့က ပညာတွေလဲ တတ်တယ် တကယ့်ခံစားချက်လဲ ပြင်းထန်တဲ့အခါကျတော့ သူတို့ လုပ်တာတွေက စေ့စပ်တယ်။ အဲဒီတော့ ဖက်ဒရယ်အာမီကို သေချာ တည်ဆောက်စေချင်တယ်။ အခု CRPH အစိုးရက ဖက်ဒရယ်အာမီ တည်ဆောက်ဖို့အတွက် အဓိက လုံးပန်းစေချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ပေါင်းစပ်ပြီး မြို့ပေါ်တိုက်ပွဲတွေ အဲလိုတိုက်စေချင်တာ။ အဲဒီတော့ အပြောတွေ လျှော့ပြီး အလုပ်နဲ့ ပြစေချင်တယ်။ လူတွေကတော့ ရိုးသားပါတယ် အဲဒါကတော့ သံသယမရှိပါဘူး။”

အခုပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လက်တွေ့အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ပြည်သူတွေက စိတ်ဝင်တစား စောင့်စားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-16 21:23

Excellent News
Welcome NUG and we love it
We are standing with CRPH and NUG
The revolution must prevails
Let united and to remove the military coup in Burma