ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်းပြုလုပ်

RFA Burmese
2023.06.19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်းပြုလုပ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံခရိုင်တပ်ရင်း (၆)၊ တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ် လှုပ်ရှားမှုကို တွေ့ရစဉ်။
နောင်ရိုး ပြောက်ကျားတပ်ဖွဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ လူထုလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ဖိနှိပ်မှုတွေကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။

နေအိမ်ခြောက်ထောင်နီးပါး မီးရှို့ခံထားရပြီး စစ်ကောင်စီတပ်သားတွေ ဆက်တိုက်လိုလို စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်း ဒေသခံ တစ်ရာနီးပါး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ် လုပ်ခဲ့ပါတယ်။

"သူဟာ မတရားညှဉ်းပန်းခြင်းကို ခံနေရတဲ့သူ။ အဲဒီလို မတရားလုပ်သူတွေဟာ တစ်နေ့ကျရင် မတရားတာကိုပြန်ခံရမယ်"

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ခင်ဦးမြို့နယ်ထဲက အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့တယ် လို့ RFA ကိုပြောပါတယ်။

"အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ချုပ်နှောင်ခြင်းမှ အမြန်ဆုံးလွတ်ကင်းပါစေ။ မြန်မြန်လွတ်မြောက်ပါစေ။ မကြာခင် အမေစု လွတ်မြောက်ရမယ်။ သူဟာ မတရားညှဉ်းပန်းခြင်းကို ခံနေရတဲ့သူ။ အဲဒီလို မတရားလုပ်သူတွေဟာ တစ်နေ့ကျရင် မတရားတာကိုပြန်ခံရမယ်။ အမေစုကို နေ့တိုင်း ဆုတောင်းပြီး မေတ္တာပို့နေတယ်"

အလားတူပဲ ရန်ကုန်မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို သတိရလွမ်းဆွတ်နေပါတယ် ဆိုတဲ့စာသား တံတားတစ်ခုပေါ်မှာ ချိတ်ဆွဲတဲ့လှုပ်ရှားမှုကို Yangon Revolution Force - YRF ရဲ့ Soft Strike Community က လုပ်ခဲ့တယ်လို့ YRF အဖွဲ့ရဲ့တာဝန်ခံက RFA ကို ပြောပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အဖွဲ့ခေါင်းဆောင် ကိုမင်းလွင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်တွေကိုတော်လှန်ဖို့ ကြောက်ရွံ့စိတ်ကို ဖယ်ရှားဖို့လိုတဲ့အကြောင်း ပြည်သူလူထုကိုသတင်းစကားပါးရင်း လူထုသပိတ်လှုပ်ရှားခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ကတော့ ပန်းသပိတ်တော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ လူထုလှုပ်ရှားမှုတော့ လုပ်တယ်။ ပန်းကိုတော့ အသုံးပြုတာပေါ့ဗျာ။ အဓိက ကျွန်တော်တို့လှုပ်ရှားတဲ့ခေါင် းစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး(Freedom From Fear) ဆိုတဲ့ စာအုပ်ထဲကလိုပေါ့ဗျာ။ အာဏာရှင်တွေကိုတော်လှန်ဖို့ ကျွန်တော် တို့ ပထမဦးဆုံးကြိုးစားဖို့လိုတာက ကြောက်ရွံ့စိတ်ကိုဖယ်ရှားဖို့ လိုတယ်ဆိုတာကို ပြည်သူလူထုကို သတင်းစကားပါးရင်းနဲ့ လူထုသပိတ်ကိုလှုပ်ရှားဖြစ်တယ်ဗျ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက ပုံမှန်ထက်ပိုများတယ်လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာကြောင့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လုပ်ခဲ့တဲ့တယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်တော်တို့စိတ်ထဲမှာ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းပြီး အကျဉ်းချ ထားတာ မခံချင်ဘူးဗျ။ ဘာမှအကျိုးအမြတ်မရှိဘဲနဲ့ တိုင်းပြည်ပျက်စီးအောင်လုပ်တဲ့ လူတွေက ဒီလိုခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးအမိန့်ချထားတာကို မကြိုက်ဘူး။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်လို့ပဲ မြင်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ မမြင်မိဘူး"

အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့၊ စစ်အာဏာရှင် စနစ်ကို ဆက်ပြီးတွန်းလှန်ကြဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီးတိုက်ပွဲဝင်ကြဖို့ PDF တပ်ဖွဲ့တွေနဲ့ သပိတ်ကော်မတီတွေ ကလည်း ဒီနေ့ ထပ်မံတိုက်တွန်းကြပါတယ်။

မြင်းခြံခရိုင်ထဲက Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) ခေါင်းဆောင် ကိုသက်ကြီး ကလည်း သူတို့တပ်အနေနဲ့ ပန်းကိုးရာသပိတ်လုပ်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြုတ်ရေး အတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးထားပြီးပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အပါအဝင် တိုင်းပြည်အနာဂတ်ကောင်းစားဖို့၊ စစ်အာဏာရှင်အမြစ်ဖြုတ်ရေးအတွက် ဆုံးခန်းတိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါခင်ဗျ"

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာမယ့် အခြေအနေကြားမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းမှတ်လုပ်ခဲ့ကြောင်း RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ အမေစုကို ဂုဏ်ပြုတဲ့အနေနဲ့ပဲ မွေးနေ့အထိမ်းအမှတ် လုပ်တယ်။ တော်လှန်မွေးနေ့ပေါ့။ နှစ်နှစ်ရှိသွားပြီ။ ပြီးခဲ့တဲ့နှစ်ကတော့ တခြားတပ်ရင်း ၂၀ လောက်ကို ဖိတ်ပြီးတော့လုပ်တယ်။ အခုတော့ စစ်ကြောင်းသတင်း ဝင်လာတယ် ကြားတော့ ကျွန်တော်တို့တပ်ရင်းအနေနဲ့ပဲ လုပ်ဖြစ်တယ်"

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ကြစဉ်။ (Photo: Citizen Journalist)
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ကြစဉ်။ (Photo: Citizen Journalist)

ကလေးမြို့၊ မန္တလေးမြို့နဲ့ ထားဝယ်မြို့တွေမှာတော့ စစ်ကောင်စီတပ်သားတွေက ပန်းပန်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာ၊ တယ်လီဖုန်းတွေစစ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးမြို့မှာ ပန်းပန်သူအချို့ ဒီနေ့မနက်ပိုင်းဖမ်းဆီးခံရပြီး စပယ်ပန်းနဲ့ခရေပန်း ပန်သူတွေကိုသာ ပြန်လွှတ်ပေးသလို နှင်းဆီပန်းပန်သူတွေကိုတော့ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့သီးခြားအတည်နိုင်ခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက် ၇၅ နှစ်ပြည့်မွေးနေ့နောက်ပိုင်းကစလို့ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက်အအုံ တစ်ခုမှာ တစ်ဦးတည်း သီးခြား ထိန်းသိမ်းခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ သူနဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီရဲ့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ထားပေမယ့် တွေ့ဆုံခွင့် မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။