ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဝေဖန်ခံနေရ


2019.09.26
dassk-bogyoke-film-622.jpg ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ၂၀၁၉ စက်တင်ဘာ ၂၄ ရက်နေ့ကကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း မိတ်ဆက်ပွဲအခမ်းအနားမှာ တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း မိတ်ဆက်ပွဲအခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို လေဆာပွိုင့်နဲ့ အထိုးခံခဲ့ရတာပါ။

အဲဒီလို လေဆာပွိုင့်နဲ့ အထိုးခံရတာကို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးဆောင်ရွက်နေသူတွေက သတိမထား မိခဲ့ကြောင်းနဲ့ လုံခြုံရေးကျိုးပေါက်နေတယ်ဆိုပြီး ဝေဖန်ချက်တွေ အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

နိုဗိုတယ်ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး ပြောတာက -

"ကျွန်တော် သေချာတော့ မသိရသေးဘူး၊ ဒါပေမဲ့ ဒါက နိုင်ငံတော်အကြီးအကဲနဲ့ ပတ်သက်ပြီး ဒီလိုမျိုးဖြစ်တဲ့ အခါကျတော့ လုံခြုံရေး အဖွဲ့အစည်းတွေကတော့ ပြန်လည်လေ့လာဆန်းစစ်မှုတော့ \လုပ်မှာပါ၊ တိတိ ကျကျတော့လည်း မပြောနိုင်သေးဘူးဖြစ်နေတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးနေသူတွေကို ဝေဖန်သူတွေရှိသလို မျက်နှာမှာ လေဆာပွိုင့်နဲ့ အထိုးခံရတာဟာ တကယ်ရောဟုတ်ရဲ့လားဆိုပြီး ရှုမြင်သူတွေလည်းရှိပါတယ်။

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးချစ်ဝင်းမောင်က သူ့အမြင်ကို အခုလို ပြောပါတယ်။

"အွန်လိုင်းမှာတွေ့လိုက်တော့ ဒီဟာက လေဆာနဲ့ထိုးတာ ဟုတ်ရဲ့လားပေါ့၊ အဲဒါလည်း တစ်ခုသံသယ ရှိတယ်ပေါ့နော်၊ အဲဒါက တစ်ချက်ပေ့ါ၊ နောက်တစ်ချက်က ဟိုတယ်မှာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက် ထားတာရှိမှာပါ CCTV တွေလည်းတပ်ထားမှာပါ၊ တပ်ထားမယ်ဆိုရင် ဒီလိုလုပ်တဲ့ကိစ္စကို သက်ဆိုင်ရာက အရေးယူမယ်လို့တော့ထင်ပါတယ်၊ ဒီပုံမှာ တစ်ခုခု ပြဿနာဖြစ်တာလား မပြောတတ်ဘူး၊ သို့သော်လည်းပဲ အခုလိုမျိုးလုပ်တယ်ဆိုရင်တော့ နိုင်ငံတော် အကြီးအကဲတစ်ယောက်ကို လေဆာပွိုင့်နဲ့ ထိုးတယ်ဆိုရင်တော့ ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စပေ့ါနော်၊"

မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အလေးပေး လေ့လာနေတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အားနည်းချက်တွေရှိတယ်လို့ ဝေဖန်ပါတယ်။

"ကျွန်တော်တို့ လုံခြုံရေးပိုင်းဆိုင်ရာကတော့ ပြောရရင် ၂၀၁၅ နောက်ပိုင်းထဲက တော်တော်များများ ဟိုးတုန်းက ကျွန်တော်တို့ နားလည်ထားတဲ့ဟာတွေ ပျက်စီးသွားတဲ့ အနေအထားဖြစ်နေတယ်၊ အပြင်မှာ နိုင်ငံတော် အတိုင်ပင်ခံ သွားနေတဲ့အချိန်မှာလည်း တော်တော်များများ ပြောကြဆိုကြတာတွေ ရှိတယ်ပေါ့နော်၊ တကယ်က အနီးကပ်လုံခြုံရေးလိုက်တဲ့သူတွေဟာ အနားမှာကပ်ပြီးတော့ ကာနေတာမျိုးမဟုတ်ဘူး၊ လောလောဆယ် အနီး ကပ်လုံခြုံရေး တာဝန်ယူထားတဲ့သူတွေက ဘယ်လိုတာဝန်ယူနေလည်း ဘယ်လိုနည်းစနစ်တွေသုံးနေလည်း ဆိုတာ ကျွန်တော်တို့ မှန်းလို့မရဘူး၊ ပုံမှန်အားဖြင့် မဖြစ်သင့်တဲ့ သေးသေးလေးတွေဖြစ်နေတယ်ဆိုထဲကိုက လုံခြုံရေးပိုင်း ကျိုးပေါက်နေတယ်ဆိုတာ သေချာတယ်၊ ကျွန်တော်တို့ အပြင်က အမြင်အရ တစ်နေရာရာမှာတော့ လစ်ဟာမှုရှိနေတယ်လို့ သုံးသပ်တယ်၊ ဒါကို ဘယ်လိုပြင်ဆင်မလည်းဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်"

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦး ပြောသွားတာပါ။

နေပြည်တော်မှာ တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ နိုင်ငံတော် အကြီးအကဲတွေရဲ့ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်သင့်ကြောင်း အများပြည်သူကြားမှာ ပြောဆိုချက်တွေလည်းရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးဆောင်ရွက်နေရတဲ့အနေအထားဟာ ပိုတယ်ဆိုပြီးမရှိကြောင်းနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့ မြင်ကြောင်း ပြောပါတယ်။

"လုံခြုံရေးကတော့ ပိုတယ်မရှိဘူး၊ လုပ်ရမှာပဲ၊ ခုနကပြောတဲ့ကိစ္စကို ကျွန်တော်မသိဘူးဗျ၊ လုံခြုံရေးဆိုတာ ကျူးလွန်တဲ့သူကလွယ်တယ်၊ ကာကွယ်တဲ့သူက သိပ်ကျယ်ပြန့်တယ်လေ၊ အမြဲတမ်းတော့လုပ်နေတာ တွေ့တာပဲ၊ အကောင်းဆုံးတော့ လုပ်နေတာ တွေ့တာပဲ"

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဓာတ်ဆီပုလင်းနဲ့ မီးရှို့ပစ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ်ဟာ ရန်ကုန်မြို့ကနေ အိမ်မှာမရှိပဲ နေပြည်တော်မှာ ရှိနေချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက နေပြည်တော်လေဆိပ်မှာ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားထံကနေ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာတွေရှိခဲ့ပါတယ်။

အဲဒီလို လက်နက်တွေ ဖမ်းဆီးရမိခဲ့တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို စိုးရိမ်စရာရှိကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အဲဒီအချိန်က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။