ထောက်ခံပွဲတွေက ICJ အမှုမှာ ကောင်းကျိုး မရှိနိုင်လို့ ဝေဖန်ခံနေရ

ကျော်လွင်ဦး
2019.12.02
dassk-supporters-for-icj-622 မြန်မာနိုင်ငံကို ICJ မှာ အမှုဖွင့်ထားတာကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ရင်ဆိုင်မယ့်အပေါ် ထောက်ခံပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပစဥ်
.

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ထားတာကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ စတင်ကြားနာတော့မှာဖြစ်ပါတယ်။

ဒီအမှုကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ရင်ဆိုင်မယ်ဆိုပြီး အစိုးရဘက်က ကြေညာပြီးနောက်ပိုင်းမှာ သူ့ကို ဝန်းရံတဲ့အနေနဲ့ ထောက်ခံပွဲတွေ ပြုလုပ်လာကြပါတယ်။

မနေ့ကဆိုရင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်၊ တိုင်းဝန်ကြီးတချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လူအများအပြား တက်ရောက်ခဲ့ပါတယ်။

ဒီလိုထောက်ခံပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ထောက်ပံ့ပေးမယ်လို့ ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က တရားဝင်ထုတ်ပြောထားပါတယ်။ တရားရင်ဆိုင်ရမယ့် နယ်သာလန်နိုင်ငံအထိ ငွေကုန်ကြေးကျခံပြီး လိုက်ပါဝန်းရံဖို့ စီစဉ်နေသူတွေလည်း ရှိနေပါတယ်။ ထောက်ခံသူတွေက - ICJ မှာ ရင်ဆိုင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်အရ ထောက်ခံတာလို့ ပြောကြပါတယ်။

ဒီထောက်ခံပွဲတွေပြုလုပ်ပေမယ့် တရားသူကြီးတွေဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဆုံးဖြတ်မှာဖြစ်တာကြောင့် ဘာမှထူးခြားမှာမဟုတ်ဘူးလို့ ဝေဖန်သူတွေလည်းရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို နိုင်ငံတကာတရားရုံးကို သွားရောက်အမှုရင်ဆိုင်တာဟာ နိုင်ငံရေးအရ ပြည်တွင်းမှာ ထောက်ခံမှုရအောင်၊ တပ်မတော်ရဲ့ ယုံကြည်မှုရအောင် သွားရောက်တာလို့ သုံးသပ်မိကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

ICJ မှာ သွားရောက်ရင်ဆိုင်တာထက် ဒီမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အရေးယူတာ၊ ကာကွယ်ပေးတာ မျိုးတွေ လုပ်ပေးသင့်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တားမြစ်ပြီး ရပ်ဆိုင်းပြီးတော့မှ အကာကွယ်ပေးဖို့အတွက် ပိုပြီးတော့လုပ်ဆောင်သင့်တယ်လို့ ပြောချင်တယ်

“ဘာဖြစ်လို့ထောက်ပြခံရသလည်းဆိုတာကို ကိုယ်ဟာကို စာမေးပွဲပြန်စစ်ပြီးတော့ ပြောင်းလဲသင့်တာတွေ ပြောင်းလဲလို့ရှိရင်၊ နိုင်ငံတကာက လိုချင်တာလည်း အဲဒါဘဲ၊ ကျမတို့ လူ့အခွင့်ရေးသမားတွေ လိုချင်တာတွေလည်း အဲဒါပဲ၊ ICJကို သွားချေပမယ့်အစား အောက်ခြေမှာဖြစ်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တားမြစ်ပြီး ရပ်ဆိုင်း ပြီးတော့မှ အကာကွယ်ပေးဖို့အတွက် ပိုပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ပြောချင်တယ်”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံတာတွေရှိသလို ကန့်ကွက်တာတွေလည်းရှိပြီး သဘောထားကွဲလွဲနေပါတယ်။

အထူးသဖြင့် တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူထားပြီး တိုက်ပွဲတွေမဖြစ်တဲ့ ဝ တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေက ဒီကိစ္စအပေါ် ထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

“ထုတ်ပြန်ချက်မှာတော့ တိတိကျကျ ရေးသားထားပြီးသား၊ ဘယ်လိုဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ကိစ္စကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ သွားရောက်ရင်ဆိုင်တယ်ဆိုတာကတော့ ကျနော်တို့ ဂုဏ်ယူထောက်ခံပါတယ်နော်”

၀ တပ်ဖွဲ့ လားရှိုး ဆက်ဆက်ရေးရုံးတာဝန်ခံ ဦးညီရမ်း ပြောသွားတာပါ။

လတ်တလောတိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA အဖွဲ့တွေကတော့ အစိုးရကို ကန့်ကွက်ထားပြီး ICJ၊ ICC နဲ့ အာဂျင်တီးနားရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

အပြစ်ရှိသူကို တရားဥပဒေအတိုင်းအရေးယူဖို့ ထောက်ခံတာဖြစ်ပြီး မြန်မာပြည်ကို တရားစွဲတယ်ဆိုပေမယ့် တစ်နိုင်ငံလုံးကို တရားစွဲတယ်လို့မယူဆဘဲ ပြစ်မှုကျူးလွန်တဲ့သူကသာ အပြစ်ရှိတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ မြန်မာပြည်သူတွေအနေနဲ့ စစ်ရာဝတ်မှုကျူးလွန်သူတွေကို ဖုံးကွယ်ပေးသလိုဖြစ်သွားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ“ပြည်သူတွေအနေနဲ့လည်းပဲ အနှစ်နှစ်အလလ ဖိနှိပ်လာခဲ့တဲ့ စစ်ရာဇဝတ်သားတွေကို မြန်မာပြည်ကို တရားစွဲတယ်ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ရောမွှေခံပြီးတော့မှ ရှိသမျှ ရာဇဝတ်မှုတွေ ဖုံးကွယ်တဲ့ပုံစံမျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့ကတော့ အဲလိုပဲထင်တယ်ဗျ၊ အဓိကက အမှန်တရားကို မြတ်နိုးတဲ့ လိုလားတဲ့ ရပ်တည်ပြသင့်တယ်လို့ ကျနော်တို့ဘက်က အဲလိုမြင်တယ်”

ဝ တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တွေကြား ICJ နဲ့ ပတ်သက်ပြီး သဘောထားမတူတာဟာ ဝတပ်ဖွဲ့ဟာ အစိုးရနဲ့ နှစ် ၃၀ ကျော် ငြိမ်းချမ်းရေးယူလာတဲ့အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့တွေဟာ တပ်မတော်နဲ့ လက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်နေပြီး ရန်ဘက်တွေ ဖြစ်နေတာကြောင့် မတူတာလို့လည်း ဦးညီရမ်းက ပြောပါတယ်။ နိုင်ငံတကာရောက် ကရင်လူအဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ တပ်မတော်ကိုအရေးယူဖို့ ICJ ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

ICJ ကို ထောက်ခံသူတွေကတော့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။

လတ်တလောမှာ ICJ ကို သွားရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မော်လမြိုင်အပါအဝင် မြို့ကြီး မြို့ငယ်တွေမှာပါ ပြုလုပ်ဖို့ ပြင်ဆင်နေသလို နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေကလည်း ထောက်ခံဖို့ ပြင်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။