စစ်ကောင်စီတပ်က ဒီးမော့ဆိုကို အပြင်းအထန်ထိုးစစ်ဆင်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲ၊ ပူဖားနဲ့ ဒေါကမီးရွာတွေအနီး စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ နယ်မြေတွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၂ ရက်မှာ သိမ်းယူခဲ့ပါတယ်။
စစ်ကောင်စီတပ်က သူတို့စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကိုသုံးပြီး ဒေါကမီးရွာဘက်ကနေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ KNDF ဒုတိယ စစ်ဦးချုပ်မာဝီက ပြောပါတယ်။
နန်းဖယ်ခုံနဲ့ ဒေါကမီးရွာအပေါ်ဘက်မှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်း နေတဲ့အတွက် တိုက်ပွဲဟာ ပိုပြီးပြင်းထန်လာလိမ့်မယ်လို့ KNDF ဒုစစ်ဦးချုပ် မာဝီက ပြောပါတယ်။
"ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ အဲတော့ ဒီတစ်ကြောမှာတော့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်လာတော့မယ့်သဘော ဖြစ်သွားပြီ။ စစ်ကောင်စီကလည်း စစ်ကြောင်း ထိုးလာပြီ။ ကျနော်တို့ ခံစစ်ကလည်း ရှိတယ်ဆိုတော့ ဘယ်သူသာမလဲ၊ ဘယ်သူ အားလျော့မလဲပဲ ရှိတာပေါ့လေ"
စစ်ကောင်စီတပ်ဆီက သိမ်းယူထားတဲ့နယ်မြေတွေကို ပြန်ပြီးလက်မလွှတ်ရဖို့ အစွမ်းကုန် ခုခံသွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီးမော့ဆိုမှာ နိုဝင်ဘာလ ၂၈ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒီတိုက်ပွဲတွေ ကြောင့် အရပ်သား တစ်သောင်းနီးပါး လွိုင်ကော်မြို့ပေါ်နဲ့ ဒီးမော့ဆိုမြို့ အနောက်ဘက် ခြမ်း ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
"အခြေအနေငြိမ်တယ်ဆိုပြီးတော့မှ စစ်ကောင်စီက ပြန်လည်နေခွင့်ပေးတယ် ဆိုတဲ့သတင်းကြောင့် ပြန်နေကြသူတွေရှိတယ်။ အခုတော့ တချို့က လွိုင်ကော်မြို့ ပေါ်ကို စစ်ရှောင်နေတယ်လို့ ကြားတယ်။ အများစုကတော့ အရင်လို ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုပဲ ပြန်တိမ်းရှောင်နေတာ ရှိပါတယ်။ တော်တော်များများကတော့ အရင် တစ်လနှစ်လလောက်မှာ ပြန်နေတဲ့အုပ်စုလောက်ပေါ့။ တစ်သောင်းကျော်ကျော် လောက် ရှိတယ်။ အခုက အကုန်လုံးပြန်ရွှေ့ရတဲ့ အခြေအနေပေါ့။ ဘယ်လိုမှ နေလို့ကောင်းတဲ့ အခြေအနေ မဟုတ်သေးတဲ့အတွက်ကြောင့်ပေါ့နော်"
ဒီးမော့ဆိုတိုက်ပွဲမှာ စစ်ကောင်စီက အရင်က သုံးလေ့မရှိတဲ့ အတွဲလိုက်ဒုံးတွေကိုပါ အသုံးပြုပြီး ထိုးစစ်အရှိန်မြှင့်နေတာကြောင့် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အခက်အခဲရှိလာနိုင်တယ်လို့ ကိုဗညားက သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အဲ့ဒီထဲက ရှစ်သောင်း (၈၀၀၀၀) ဝန်းကျင်ဟာ ဒီးမော့ဆိုမြို့နယ်က တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်ကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာကြောင့် နေ့ရောညပါ အန္တရာယ်ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ်က အသက် ၃၀ အရွယ် စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"ဒီဘက်မှာကျတော့ လေယာဉ်ခဏခဏ ဝဲသံကြားရတယ်။ လက်နက်ကြီးဆိုရင် ခဏခဏ ထုလာတာပေါ့နော်။ ရွာဘေးမှာလည်း ကျတယ်။ စိုးရိမ်မှုကတော့ တော်တော် ရှိတာပေါ့နော်။ နေရတာလည်း စိတ်မချမ်းသာဘူး။ ညအိပ်ရင်လည်း မလုံခြုံဘူးပေါ့နော်။ အချိန်မရွေးတိုက်ပွဲလည်း ဖြစ်နိုင်တဲ့အခါကျတော့ ကိုယ်လည်း သတိနဲ့ နေရတာ ပေါ့နော်"
စစ်ကောင်စီဟာ တစ်ဖက်မှာလည်း လာမယ့်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။
"စိုးရိမ်မှုကတော့ တော်တော် ရှိတာပေါ့နော်။ နေရတာလည်း စိတ်မချမ်းသာဘူး။ ညအိပ်ရင်လည်း မလုံခြုံဘူးပေါ့နော်"
ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ စစ်ရေးအရှိန်မြှင့်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေက စခန်းသိမ်းတယ်ဆိုတာ နယ်မြေတိုးချဲ့တာပေါ့ဗျာ။ နယ်မြေတိုးချဲ့ပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တယားတွေ လူမှုရေးလုပ်ငန်းတွေ တိုးချဲ့ ပြီး လုပ်လာတဲ့အနေအထားက သူတို့ရဲ့ တပ်ရင်းစခန်းတွေအတွက်ကတော့ ဒါတွေ အတွက်ကတော့ ဒါတွေက အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေ တိုးပွားလာတာပေါ့ဗျာ။ အင်အား စုစည်းမှုက ပြောရရင်သူတို့က ရခိုင်စစ်မျက်နှာက သူတို့အတွက် စစ်ရေးအရ အသက် ရှူပေါက် ရသွားတဲ့အခါ အဲဒီအင်အားတွေ ပြန်ပြီး စုစည်းတာမှာ ကျနော်တို့ အခု ရှမ်း၊ ကယားနယ်စပ်မှာရှိနေတဲ့ စစ်ရေးအင်အားလှုပ်ရှားနိုင်စွမ်း အကန့်အသန့်ဖြစ်နေတဲ့ နေရာတွေကို မုချအားဖြည့်လိမ့်မယ်လို့ ကျနော်က တော့ယူဆပါတယ်"
နိုဝင်ဘာလကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲခဲ့တာကြောင့် စစ်ကောင်စီတပ် ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ အာရုံ စိုက်လာလိမ့်မယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကယားပြည်နယ် စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်း လက်ခံ မဖြေဆိုပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဒီဇင်ဘာလ ၁ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လ အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲ ၅၄၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီကာလအတွင်း ပစ်ခတ် နှိမ်နင်းမှုနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၄၀၀ ဦး သေဆုံးခဲ့ပါတယ်။