ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးနေရ

RFA Burmese
2022.12.04
ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးနေရ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
KNDF

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို ‌ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က ‌မြေပြင်ရော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် လူဦးရေတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကောင်စီတပ်ဟာ သူတို့စခန်းဟောင်းကို ပြန်လိုချင်တာကြောင့် နိုဝင်ဘာလ ၃၀ ရက် နေ့ကစပြီး စစ်သား အင်အား ၅၀၀ လောက်ပါတဲ့ စစ်ကြောင်းသုံးကြောင်း၊ တင့်ကား နှစ်စီးနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ (၁၁) ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

"ပြည်သူအနေနဲ့ ဆေးတို့၊ စားဝတ်နေရေးတို့ ဆန်၊ ဆီ၊ ဆားတို့လိုမှာပဲ။ အခုရာသီဥတုနဲ့ဆို ဆေးကတော့ တော်တော်လေးလိုမှာ"

"သေးဆူလဲမှာဝင်ပြီးတော့ ပစ်တယ်ပေါ့နော်။ အဲဒီစခန်းကတော့ ကျနော်တို့ ပြန်ယူလို့ ရတယ်ပေါ့နော်။ သူတို့ စွန့်လွှတ်ရတာတော့ သေးဆူလဲစခန်း၊ ကုန်းသာစခန်းပေါ့။ မနက်ကျတော့ စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်ပေါ့။ စစ်ကြောင်း သုံးကြောင်း၊ လေးကြောင်းနဲ့ စစ်ကြောင်း ပြန်ထိုးလာတယ်။ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ တစ်နေကုန် ဖြစ်တယ်ပေါ့နော်။ တိုက်လေယာဉ်နဲ့ ညနေသုံးနာရီမှာ တစ်စင်းရယ်။ ငါးနာရီမှာ တစ်စင်း၊ ည ခုနစ်နာရီမှာတစ်စင်း လေယာဉ်နဲ့ ဗုံးလာကြဲတာတော့ ရှိတယ်ဗျ"

ဒီး‌မော့ဆိုမှာရှိတဲ့ စစ်ကောင်စီရဲ့ သေးဆူလဲနဲ့ ကုန်းသာတပ်စခန်းတွေကို ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၉ ရက်နေ့က တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း ငွေတောင်အခြေစိုက် ခလရ (၁၀၂) နဲ့ အမတ (၃၅၆) တပ်ရင်းကနေ လက်နက်ကြီးနဲ့ တစ်နေကုန် ပစ်ကူပေးခဲ့တယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

နို၀င်ဘာလ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းနဲ့ မြေပြင် ကနေစပြီး ထိုးစစ်ဆင်ခဲ့သလို ဒီဇင်ဘာလ ၃ ရက် မနေ့ကအထိ လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက် မနေ့ကလည်း နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်က မစိုးရိမ်ရတဲ့ ဒဏ်ရာရသူ သုံးဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDF နဲ့ အခြား တော်လှန်ရေး အင်အားစုတွေပါ၀င်ပြီး တခြားအင်အားစုတွေရဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ပူဖားရွာက ဒေသခံတွေဟာ လက်တလော ကျွန်းတောရွာ စာသင်ကျောင်းမှာ နေထိုင်‌နေကြရပြီး အခြေခံလိုအပ်ချက်တွေရှိနေတယ် လို့ ပူဖားရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ မနေ့ကဆို ပူဖားကနေ ဒုန်းကမီးဘက် သွားလို့မရတော့ ဒီဘက်ကို ပြန်ကွေ့ လိုက်ရတယ်။ အခုတော့ ကျနော်တို့ ပြေးရတာကျတော့ ကလေးတွေက ဒီအဆောင် အထည် (ဆောင်၊ အဝတ်အထည်) တွေက ပါတဲ့သူလည်းပါ၊ မပါတဲ့သူလည်း မပါဘူး။ မပါတဲ့သူက ခပ်များများ။ စားဝတ်နေရေးက အခုတစ်လော အသီးအနှံလည်း မလုပ်ရတော့ အဆင်မပြေတာ ပိုများလာတာပေါ့။ ကျ‌နော်တို့ ကျွန်းတော စာသင်ကျောင်းမှာပဲ နေသေးတယ်။ လူဦးရေတော့ မပေါင်းသေးဘူး။ ၄၆ အိမ်မှာက တော့ ဟန်သောခိုလည်း တချို့ပါတယ်။ ဆီးသင်းကုန်းလည်း ပါတယ်။ ကြာဖူးဒေါလည်း တချို့ပါတယ်"

မနေ့ကလည်း ပူဖားရွာအနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ဒေသခံတွေတော့ ထိခိုက်မှုမရှိဘူးလို့ နေရပ်စွန့်ခွာလာသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်မနေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပူဖား၊ ဟန်သောခိုနဲ့ ဒေါဘူးကူးရွာတွေ မှာရှိတဲ့ အိမ်ခြေ တစ်ရာခန့်က ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

316426125_463740302576020_1163151029536465646_n.jpg
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်တစ်လုံးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: DMO-LPDF)

"ကျွန်းတောရွာတစ်ဝိုက် အမျိုးအိမ်မှာ လိုက်နေကြတာ။ အိမ်ထောင်စု တစ်ရာနီးပါး လောက် ရှိတယ်။ လူဦးရေ တစ်ထောင်နီးပါးလောက်တော့ ရှိတယ်။ အခုက တိုက်ပွဲ ဖြစ်လား၊ မဖြစ်ဘူးလား ကြည့်ပြီးတော့ ပြည်သူကတော့ ဘယ်ဘက်ဆုတ်ရင် ကောင်းမလဲ ပေါ့။ လွိုင်ကော်ဘက်ရွှေ့ပြန်ရင်လည်း အဲမှာလည်း ပွဲ(တိုက်ပွဲ) ရှိမှာပဲ။ အနောက်ဘက် ပြန်ရွှေ့ရင်လည်း အနောက်ဘက်မှာပွဲ (တိုက်ပွဲ) ရှိမှာပဲ။ တချို့ကျတော့ သူတို့ ကိုယ်ထူကိုယ်ထနဲ့ သူတို့နေချင်တဲ့နေရာ နေကြတာ။ ဘယ်နေရာမှ သတ်မှတ်လို့ မရဘူး။ လိုအပ်ချက်ကျတော့ ပြည်သူအနေနဲ့ ဆေးတို့၊ စားဝတ်နေရေးတို့ ဆန်၊ ဆီ၊ ဆားတို့လိုမှာပဲ။ အခုရာသီဥတုနဲ့ဆို ဆေးကတော့ တော်တော်လေးလိုမှာ"

ကယားပြည်နယ်မှာ တစ်နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ တွေ တိုက်ပွဲပေါင်း (၂၄၇) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု (၁၂၃) ကြိမ် ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ၂၀၂၂ ခုနှစ်၊ မေလမှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ စုစုပေါင်း ၃၉၀,၂၁၀ ဦးသာရှိပြီး တစ်နိုင်ငံလုံးမှာ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်ပါတယ်။

အဲဒီအထဲမှာ ၁၉၉,၆၁၅ ဦးကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် ရာခိုင်နှုန်း အားဖြင့် တစ်ပြည်နယ်လုံး လူဦးရေရဲ့ ၅၁ ဒသမ ၁၆ ရာခိုင်နှုန်းက စစ်ဘေးဒုက္ခသည် ဖြစ်နေတယ်လို့ ISP-Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။