ဖမ်းဆီးခံတွေ ပြန်လွှတ်ရေး ဘယ်လို အဖြေရှာမလဲ
2020.10.26
AA အဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ သူတို့ဖမ်းဆီးသွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
AA ရခိုင့်တပ်တော်ရဲ့ ကြေညာချက်မှာ NLD အစိုးရဟာ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ဆောင်နေပြီး မဟာဗမာ လူမျိုးကြီးဝါဒကို အခိုင်အမာတည်ဆောက်နေသလို စစ်တပ်ကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဲဒီအချက်တွေကို ငြင်းဆိုပြောကြားပါတယ်။
“ရွေးကောက်ပွဲဥပဒေနဲ့အညီ ကိုယ်စားလှယ်လောင်းတဦးရဲ့ အခွင့်အရေးအရ လုပ်တာပဲ။ နောက်ပြီး Covid-19 နဲ့ အညီလုပ်တာပဲ။ အဲဒါကို သူတို့က စည်းကမ်းချက်တွေနဲ့ မညီဘူးပြောရအောင် သူတို့က အာဏာပိုင်မှ မဟုတ်ဘဲ ဖမ်းရအောင် ကိုဗစ် ၁၉ နဲ့ မညီလို့တို့ ဘာတို့။ ကိုဗစ်အတွက် သူတို့ ဘာလုပ်ပေးလို့လဲ။ သူတို့စွပ်စွဲတာက မှန်မှ မမှန်ပဲ။ သူတို့က အကြမ်းဖက်အဖွဲ့ပဲ။ နောက်ပြီး ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်တို့ ခြိမ်းခြောက်တဲ့သဘော ဖြစ်သွားတာပေါ့။ ငြိမ်းချမ်းရေးကိုလည်း အနှောင့်အယှက်ဖြစ်တာပေါ့။ ကျနော်တို့က ငြိမ်းချမ်းရေးအဖွဲ့အစည်းပဲဗျာ။ ဘယ်နဲ့ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတာမဟုတ်ဘူး။”
၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကတော့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်စဲမှ လက်ရှိပြဿနာတွေကို အဖြေရှာနိုင်မယ်လို့ ဝေဖန်ပါတယ်။
“ရခိုင်မှာ အင်တာနက်ဖွင့်ပေးဖို့ တောင်းဆိုတာကို အစိုးရပိုင်းက အရေးယူတာရှိသလို AA ကလဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ခေါ်ယူထိန်းသိမ်းသွားတာတွေလဲ ရှိတယ်။ ကျနော်တို့က နူးညံ့သိမ်မွေ့တဲ့နည်းလမ်းနဲ့ တိုင်းပြည်ကို အသွင်ကူးပြောင်းချင်တာဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေးကို တကယ်စစ်စစ်မှန်မှန် ဖော်ဆောင်ပေးနိုင်မှုကိုလည်း သွားချင်တာဖြစ်တယ်။ စစ်ဖြစ်ပြီဆိုကတည်းကိုက အရင်ဦးဆုံးကျသွားတာက တရားမျှတမှုနဲ့ အမှန်တရားပဲလို့ ကျနော်မြင်တယ်။ ကျနော့်အနေနဲ့ AA ကိုလဲ မေတ္တာရပ်ခံချင်တယ်။ ဖမ်းဆီးထိန်းသိမ်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလဲ ပြန်လွှတ်ပေးစေချင်တယ်။ AA နဲ့ ပတ်သက်ပြီး ဆက်ဆံတဲ့အခါမှာလဲ အစိုးရအနေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှု ပိုပြီးကြိုးစားအားထုတ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။ တဖက်နဲ့တဖက် စွပ်စွဲမယ်။ အပြစ်တင်မယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်မှုတွေ အဲဒီလိုမျိုးတွေနဲ့ ရေရှည်သွားလို့ မရဘူးလို့ ကျနော်မြင်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း တင်းမာမှုတွေကို လျော့နည်းရေးအတွက် နှစ်ဖက်စလုံးက ကြိုးပမ်းဖို့လိုတယ်လို့ ပြောပါတယ်။
“နိုင်ငံရေးကိုအကြောင်းပြုပြီး ဖမ်းဆီးတာ မသင့်လျော်ဘူး။ ထိုနည်းတူစွာပဲ ကျောင်းသားတွေကို ဖမ်းနေတာလည်း မသင့်လျော်ဘူး။ ဖမ်းပြီးတော့ ထောင်တွေကို အရင်တုန်းက ဗိုလ်ခင်ညွန့်လက်ထက်ကလို ရုံးသံသရာလည်ထုတ်ပြီးတော့ ပြစ်ဒဏ်တွေ ချနေတယ်။ တောင်ကုတ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုမင်းအောင်တို့ သုံးယောက်ကို ဖမ်းတဲ့ကိစ္စကလည်း AA အနေနဲ့ မလုပ်သင့်တာကို လုပ်တာလို့ပြောရမှာပဲ။ အပြန်အလှန်ပေါ့။ ဒီဘက်ကလည်း ကျောင်းသားတွေဖမ်းပြီးတော့ ရုံးပေါင်းစုံမှာလှည့်ပြီး ပုဒ်ထီးပုဒ်မ အမျိုးမျိုးနဲ့ ကိစ္စတွေ၊ ဥပမာ သူတို့ ဆန္ဒပြတယ်။ ငြိမ်းစုစီဥပဒေရှိပါတယ်။ အဲလောက်ဆိုတော်လောက်ပြီပေါ့ ။ ၅ဝ၅ (က)(ခ) တို့ တပ်ပြီးတော့ အာမခံ မရ အချုပ်အနှောင်နဲ့ ပြစ်ဒဏ်ကြီးကြီးကျတာတွေ ဖြစ်လာတော့ ဒါလည်းပဲ သင့်လျော်တဲ့ကိစ္စ မဟုတ်ပါဘူး”
လက်ရှိမှာ အဲဒီဖမ်းဆီးခံနေရသူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာ မိသားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆက်လက် မေတ္တာရပ်ခံနေကြပါတယ်။