အထက်တန်းကျောင်း တချို့ ပြန်ဖွင့်ဖို့ အခက်အခဲရှိနေ
2020.06.17
ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်း ကျောင်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော် ကို ဖွင့်လှစ်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားထားပေမယ့် လက်တွေ့မှာ ပြန်ဖွင့်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းတွေ ရှိပါတယ်။
စာသင်ခန်းအတွင်း တစ်ဦးနဲ့ တစ်ဦးကို ခြောက်ပေခြားထားရမှာကြောင့် ၂၄ ပေ ၃၀ အခန်းတစ်ခန်းဆိုရင် ကျောင်းသား ၂၀ ဦးနှုန်းနဲ့ သင်ကြားနိုင်ရေး စီစဉ်ထားတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အခြေခံပညာ ကျောင်းပေါင်း ၄၇၀၀၀ ကျော်မှာ ပုံမှန်ပြန်ဖွင့်လို့ရတဲ့ ကျောင်းပေါင်း ၂၇၀၀၀ ကျော်ရှိပြီး တချို့ကျောင်းတွေက နှစ်သုတ်ခွဲသင်မှာဖြစ်ပြီး တချို့ကျောင်းတွေကတော့ တစ်ပတ်ခြား သင်တာမျိုးတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် မြို့နယ် ခြောက်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြန်မဖွင့်နိုင်တဲ့ ကျောင်းတော်တော်များများ ရှိနေပါတယ်။ ပလက်ဝမြို့နယ်မှာ ပြန်မဖွင့်နိုင်တဲ့ကျောင်းပေါင်း ၂၀ ကျော်ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြန်မဖွင့်နိုင်တဲ့ ကျောင်းအရေအတွက်နဲ့ ပတ်သက်ပြီး ရခိုင်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာနဲ့ ပြည်နယ်ပညာရေးမှုး တို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြန်မဖွင့်နိုင်တဲ့ ကျောင်းတော်တော်များများ ရှိနေပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာတော့ ပြန်ဖွင့်လို့မရတဲ့ ကျောင်းတွေ ရှိနေတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"ရသေ့တောင်မှာ ကျောင်းဖွင့်ဖို့ အခက်အခဲရှိတဲ့ အထက်တန်းကျောင်း နှစ်ကျောင်း ကျောက်တန်းရယ် ရေဆိုးချောင်းရယ်။ အလကခွဲကျောင်း သုံးကျောင်းရှိတယ်။ အမက လွန်ကျောင်းက ခြောက်ကျောင်း အမက ကျောင်းက ခုနှစ်ကျောင်း၊ တိုက်ပွဲကြောင့် ဖွင့်လို့မရတာတွေပေါ့ အမက ခွဲကျောင်းကလည်း ကိုးကျောင်းလောက် ရှိတယ်ဆိုပြီး ပညာရေးမှုးရုံး စာရင်းအရ သိရတယ်။ ပြန်ဖွင့်ချိန်မှာ ပြန်ဖွင့်နိုင်ဖို့ကိုတော့ ကြိုးစားနေကြတယ်။ နဂိုထဲက ပညာရေးက အားနည်းတယ် တိုက်ပွဲတွေကြောင့် မိဘတွေက စားဝတ်နေရေး ကိုပဲ အာရုံစိုက်နေရတယ်။ ကျောင်းပညာသင်ကြားတာကတော့ အားနည်းနေဦးမှာပဲ။"
ရှမ်းပြည်နယ်အတွင်းမှာလည်း ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်းကြမ်း အပါအဝင် နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေဖြစ်တဲ့ ကျောက်မဲ၊ နမ့်ဆန်ဒေသတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မူလတန်းကနေ အထက်တန်းအထိ ပိတ်ထားရတဲ့ ကျောင်းပေါင်း ၁၂၇ ကျောင်းရှိတယ်လို့ ရှမ်းပြည်နယ် ပညာရေးမှူးရုံး စားရင်းတွေမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အထက်တန်းကျောင်းပေါင်း ၁၇၁ ကျောင်း ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းငါးထောင်ရှစ်ရာကျော် တက်ရောက်ဖို့ရှိနေတာပါ။
အထက်တန်းပြ ဆရာမကတော့ တစ်ထောင့်တစ်ရာ တစ်ဆယ်ကျော်ရှိတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပညာရေးမှူးရုံး စားရင်းတွေအရ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်က အခြေခံပညာ ကျောင်းဆရာမ တစ်ဦးကတော့ လက်ရှိ သူတို့တွေ တက်နေရတဲ့ အခြေခံပညာသင်တန်းမှာတောင် လက်ဆေးဆပ်ပြာတောင် လုံလုံလောက်လောက် မပေးနိုင်ဘူးလို့ ဆိုပါတယ်။
"ကျောင်းတွေ ပြန်ဖွင့်ဖို့ သူတို့ညွှန်ကြားတဲ့အတိုင်းတော့ ပြင်ဆင်ထားတယ်။ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၂၀နှုန်းနဲ့ ပြင်ဆင်ထားတယ် လက်ဆေးကန်တွေကတော့ အဆင်သင့်မဖြစ်သေးဘူး။ လောလောဆယ် စီစဉ်ထားပုံအရ ကလေးတွေအတွက် သိပ်အဆင်မပြေဘူး။ သူတို့ပြောသလို ၆ ပေအကွာ နေဖို့ဆိုတာ ကိုယ်လဲ တစ်ချိန်လုံးကြည့်မနေနိုင်ဘူး စာသင်ခန်းထဲမှာသာ ကြည့်ချင်ကြည့်နိုင်မယ် အပြင် ရောက်တဲ့အခါ အတူတူသွား အတူတူစားတာတွေ ရှိလာမှာပဲ ။ ကလေးတွေအတွက်ပဲ စိုးရိမ်တယ် ကိုယ့်အတွက်တော့ မစိုးရိမ်မိပါဘူး။"
ကျောင်းတွေပြန်ဖွင့်တဲ့အခါ ရောဂါကာကွယ်နိုင်ရေးအတွက် ကျောင်းသားတွေကို မျက်နှာအကာ တစ်ခု၊ နှာခေါင်းစည်း နှစ်ခုစီနဲ့ လက်ဆေးဖို့ ဆပ်ပြာ၊ လက်သန့်ဆေးတွေ ထားရှိပေးမယ်လို့လည်း ပညာရေးဝန်ကြီးက ပြောကြားထားပါတယ်။
သင်ရိုးမှာ စာမေးပွဲဖြေရမယ့်ဘာသာရပ်တွေကိုပဲ အဓိကထား သင်ကြားမှာဖြစ်ပြီး စာရိတ္တနဲ့ ပြည်သူ့နီတိ ဘာသာရပ်တွေကိုတော့ သင်ကြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
စာသင်ခန်းတစ်ခန်းမှာ အများဆုံး လူ ၂၀ လောက်သာ သင်ရမှာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေ အတွက် စာသင်ချိန် ပိုများလာမှာ ဖြစ်ပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က အထက်တန်းကျောင်းမှာ ဆရာမ သုံးဦးပဲရှိတာမို့ ကျောင်းတွေ ပြန်ဖွင့်ရင် ဆရာမလုံလောက်ဘူးလို့ အထက်တန်းပြဆရာမ ဂျူးစဖင်းက ဆိုပါတယ်။
"ကျွန်မတို့ကျောင်းက ကလေးနည်းလို့ စာသင်ခန်းလောက်တယ် ဆရာမက အပြောင်းအရွှေ့နဲ့ အခု သုံးယောက်ပဲရှိတယ် ဆရာမတွေ ထပ်ရောက်ခဲ့ရင်တော့ ကျောင်းသားနည်းလို့ အသုတ်ခွဲမသင်ဖို့ရှိတယ် အသုတ်ခွဲသင်ရမယ်ဆိုရင်လဲ သင်ဖို့ စီစဉ်ထားပါတယ်။"
အထက်တန်းကျောင်းသားတွေအနေနဲ့ ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက်နိုင်ရင် စိတ်လေပြီး ပျက်စီး နိုင်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကိုစိုးရိမ်ပေမယ့် အစိုးရရဲ့ကျောင်းဖွင့်မယ့်အပေါ် အားပေးတယ်လို့ လာရှိုးမြို့က အထက်တန်းကျောင်းသားရဲ့ ဖခင်တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်လှိုင်က ပြောပါတယ်။
"ကိုဗစ်ကာလအလွန်မှာ ကျောင်းကို ပြန်တက်စေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေရဲ့ စိတ်ပိုင်း ဆိုင်ရာမှာ ဂိမ်းတွေဆော့တယ် တစ်ခြားမဆိုင်တာတွေဝင်လာတယ် ဒီအရွယ်က ဆယ်ကျော်သက်ဆိုတော့ စိတ်လေသွားတာတွေ တွေ့ရတယ်။ ကျောင်းပိတ်ရက်အကြာကြီးမှာ ကလေးတွေကို စိတ်မလေစေချင်ဘူး။ ပြန်တက်ချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ပညာရေးကလုပ်နိုင်မယ်လို့ ယုံကြည်တယ် ကျောင်းပြန်တက်ရမှာကို ကြိုက်ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။"
ဇူလိုင် ၂၁ ရက်နေ့မှာ အစိုးရကျောင်းတွေအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပါ ပြန်လည်ဖွင့်လှစ်ခွင့်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆရာတော် ဦးပညာစာရက ကျောင်းသားတွေ ပြန်လက်ခံနိုင်ဖို့ ပြင်ဆင်နေပြီလို့ မိန့်ပါတယ်။
"ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနိုင်အောင် လောလောဆယ်တော့ ပြင်ဆင်နေတုန်းပဲ။ အခက်ခဲက ပုံမှန်အတိုင်းဆိုရင်တော့ ရှိတယ် အခုက တက်တဲ့ ရက်တွေ ခွဲလိုက်တော့ အဆင်ပြေသွားပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျောင်းအပ်လက်ခံဖို့ ရှိတယ် ကျောင်းအပ်လက်ခံမှ ကျောင်းသားဘယ်လောက်ဆိုတာ ခန့်မှန်းလို့ရမှာပါ။"
ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့အထဲမှာ ဘာသာရပ်သင်ကျောင်း (ကျူရှင်) တွေကိုတော့ ပြန်လည် ဖွင့်လှစ်ခွင့် မပြုတဲ့အတွက် ကျူရှင်သင်တဲ့ ကျောင်းဆရာတွေက သူတို့ကျောင်းတွေပါ ပြန်ဖွင့်ခွင့်ပြုဖို့ကို တောင်းဆိုနေကြပါတယ်။
ကျောင်းတွေပြန်ဖွင့်ဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ်ကို ဇွန်လ ၁၆ ရက်နေ့ မနေ့က နဲ့ ဒီနေ့ ဇွန် ၁၇ ရက်နေ့အထိ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီး အဆင်ပြေရင် အလယ်တန်းကျောင်း နဲ့ မူလတန်းကျောင်းတွေကို အသုတ်လိုက် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။